လက်ပံတောင်းဒေသမှ လယ်သမားနှစ်ဦးကို ထောင်ဒဏ်များချမှတ်

လက်ပံတောင်းဒေသမှ လယ်သမားနှစ်ဦးကို ထောင်ဒဏ်များချမှတ်
by -
မဇ္စျိမ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာရှိ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော နယ်မြေတွင် ဧပြီလက ဝင်ရောက်လယ်ထွန်ခဲ့သော လယ်သမားနှစ်ဦးနှင့် လက်ပံတောင်းအရေးလှုပ်ရှားသူ ကိုအောင်စိုး တို့ကို ထောင်ဒဏ်ခြောက်လမှ တစ်နှစ်ခွဲအထိ ပြစ်ဒဏ် အသီးသီး ချမှတ်ခံရသည်ဟု လက်ပံတောင်းတောင် အရေးလှုပ်ရှားသူ ကိုဟန်ဝင်းအောင် က ဇွန်လ ၂ ရက်တွင် မဇ္ဈိမကို ပြောသည်။

ကိုအောင်စိုးနှင့် ဆည်တည်းရွာမှ လယ်သမားနှစ်ဦးဖြစ်သူ ကိုစိုးသူနှင့် ဦးမောင်စန်းတို့ကို ဖမ်းဆီးသွား သည်မှာ ဧပြီ ၂၄ ရက်ကတည်းက ဖြစ်သည်။ ဇွန်နှစ်ရက်တွင်မှ ရွှေဘိုထောင်တွင် ပြစ်ဒဏ်များ ကျခံ နေရသည်ကို သိရှိရခြင်းဖြစ်သည်ဟုလည်း ကိုဟန်ဝင်းအောင်က ဆိုသည်။

''သူတို့ကို ဖမ်းသွားပြီးတည်းက အဲဒီ့သုံးယောက်ဟာ ဘယ်နေရာမှာ ရောက်နေတယ်ဆိုတာ စုံစမ်းလို့ မရဘူး။ မနေ့က (ဇွန်လ ၂ ရက်) မနက်မှာ ဆားလင်းကြီးမြို့နယ် (အထူးသတင်းတပ်ဖွဲ့)မှ ဆည်တည်း ရွာက ဖမ်းဆီးခံရသူနှစ်ဦးရဲ့ မိသားစုတွေကို ရွှေဘိုထောင်မှာ ထောင်ချလိုက်ပြီ။ အယူခံဝင်ချင်ဝင်လို့ ရတယ်လို့ လာပြောလို့ သိရတာ'' ဟု ကိုဟန်ဝင်းအောင်က ပြောသည်။

ထိုသုံးဦးအား ရွှေဘိုအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ပြီး မည်သည့် အမှု၊ မည်သည့်ပုဒ်မဖြင့်ကျသည်ကို မသိရှိဟု ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းမှ စခန်းမှူး ဦးရဲအောင်က မဇ္စျိမကို ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ရွှေဘိုအကျဉ်းဦးစီးဌာနကို မဇ္ဈိမက ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။ ပြစ်ဒဏ်ကျခံနေရသူများ အယူခံဝင်မည်ကိုမူ မသိရှိရသေးပါ။

နောက်ခံ အခြေအနေ

ဖမ်းဆီးခံရသူသုံးဦးသည် ပုဒ်မ ၁၄၄ ထုတ်ထားသောဧရိယာတွင် ဝမ်ပေါင်ကုမ္ပဏီမှ ဝန်ထမ်းများ ဝင်ရောက်နေသဖြင့် တုံရွာနှင့် ဆည်တည်းရွာမှ လယ်သမားများက ဧပြီလ ၂၃ ရက်က လယ်ဝင်ထွန်ခဲ့ သည်။

ထိုသို့လယ်ထွန်ခြင်းကို ဧပြီလ ၂၄ ရက်တွင် ရဲတပ်ဖွဲ့ဝင်များက နံပါတ်တုတ်၊ သေနတ်ဒင်များဖြင့် ဝင်ရောက်ရိုက်နှက်ခဲ့ပြီး ထိုနေရာတွင် ရောက်ရှိနေသော ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုအောင်စိုးနှင့် ဆည်တည်းရွာမှ လယ်သမားနှစ်ဦးဖြစ်သူ ကိုစိုးသူနှင့် ဦးမောင်စန်းတို့အား ဖမ်းဆီးခဲ့ခြင်း
ဖြစ်သည်။

''အဲဒီ့တုန်းက ဘယ်ကိုဖမ်းသွားမှန်းလဲမသိဘူး။ ဝမ်ပေါင်ကုမ္ပဏီဝင်းထဲကို ခေါ်သွားတာပဲ။ မေးလို့လဲ မရဘူးလေ။ သူတို့က နံပါတ်တုတ်တွေနဲ့ အတင်းဝင်ရိုက်နေတာ'' ဟု ကိုဟန်ဝင်းအောင်က ပြောသည်။

ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အမှုရင်ဆိုင်ခွင့်မရှိဘဲ ထောင်ချလိုက်ခြင်းသည် တရားခံ တစ်ယောက်၏ ရသင့်ရထိုက်သော အခွင့်အရေးများမပေးဘဲ အဆင့်ကျော်ခြင်းဖြစ်ကြောင်း ကိုဟန်ဝင်းအောင်က ဝေဖန်လိုက်သည်။

ဥပဒေရှုထောင့်မှ အမြင်

ဥပဒေအကြံပေးတစ်ဦးဖြစ်သူ ကိုစောကျော်ကျော်က ''ပုဒ်မ ၁၄၄ ကို ဖောက်ဖျက် ကျူးလွန်တယ်ဆိုရင် ထောင်ဒဏ်ခြောက်လအထိ အပြစ်ပေးနိုင်တဲ့ပုဒ်မ။ အာမခံပေးနိုင်တဲ့အနေအထားမျိုးကို ခွင့်မပြုဘဲနဲ့ တံခါးပိတ်စစ်ဆေးပြီး ထောင်ချလိုက်တာဟာ ဟိုးအရင် စစ်အစိုးရခေတ်ကလို အနေအထားမျိုး။ ဘာမှ ပြုပြင်ပြောင်းလဲမှု မရှိသေးဘူးဆိုတာ ပေါ်လွင်လာပါတယ်'' ဟု သုံးသပ်ပြောကြားသည်။

ယခုကဲ့သို့ တံခါးပိတ်စစ်ဆေး ထောင်ချသည့်အနေအထားသည် စစ်အစိုးရ လက်ထက်ကရှိခဲ့ဖူးသော် လည်း အစိုးရသစ်လက် ထက်တွင် ယခုအကြိမ်သည် ပထမဆုံးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော သည်။

ယခုထောင်ကျခဲ့သော ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုးအား စစ်ကိုင်းတိုင်းဒေသကြီး ရဲစခန်းမှ အမှု ၁၂ မှု ဖွင့်ထားသည်ဟုလည်း ညောင်ပင်ကြီးစခန်းမှူးက မဇ္ဈိမကို ပြောသည်။

စီမံကိန်းသည် ဒေသခံတို့၏ လယ်ယာမြေအကျိုးစီးပွားကို ထိခိုက် စေသည်ဟုဆိုကာ အကြိမ်ကြိမ် ကန့်ကွက်ဆန္ဒပြခြင်းခံနေရသည်။

Most read this week