ကချင်စစ်ပွဲ နှစ် နှစ်တာ ကာလအတွင်း သေဆုံးခဲ့သူများအတွက် ဆုတောင်းပွဲပြုလုပ်မည်

ကချင်စစ်ပွဲ နှစ် နှစ်တာ ကာလအတွင်း သေဆုံးခဲ့သူများအတွက် ဆုတောင်းပွဲပြုလုပ်မည်
by -
မဇ္စျိမ

ကချင်ဒေသအတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများအကြား နှစ် နှစ်တာကာလအတွင်း သေဆုံးခဲ့ကြသော စစ်သားများ၊ လက်နက်ကိုင်များ၊ ဒေသခံပြည်သူများအတွက် ငြိမ်းချမ်းရေးလိုလားသော အရပ်ဘက် အဖွဲ့အစည်း ၁၈ ဖွဲ့မှ ဆုတောင်းပွဲတစ်ခု ပြုလုပ်ပေးမည်ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမရန်ဂျော်ဂွန်း က ပြောကြားသည်။

စစ်ပွဲကြောင့် သေဆုံးသွားခဲ့ရသော သူများအတွက် ဆုတောင်းပွဲကို ဇွန်လ ၉ ရက်တွင် ရန်ကုန်မြို့ ဆူးလေဘုရား အနီး မဟာဗန္ဓုလပန်းခြံထဲရှိ လွပ်လပ်ရေးကျောက်တိုင် အနီးတွင် ကျင်းပပြုလုပ်သွား မည်ဖြစ်သည်။

ယင်းဆုတောင်းပွဲတွင် ငြိမ်းချမ်းရေးသီချင်းများ သီဆိုခြင်း၊ ဝတ်ပြုဆုတောင်းခြင်း၊ ကချင်ဒေသမှ စစ်ဘေးသင့်ပြည်သူများ၏ ဆန္ဒများကို ရိုက်ကူးထားသော မှတ်တမ်းဗွီဒီယိုများကိုလည်း ပြသပေး မည်ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေးကွန်ရက် အဖွဲ့ဝင်ဖြစ်သူ ဒေါ်မေစံပယ်ဖြူကလည်း ဆိုသည်။

ဦးမရန်ဂျော်ဂွန်းက ''စစ်ပွဲကြောင့် သေဆုံးခဲ့တဲ့လူတွေကို အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက စာရင်းလုပ်ကြေညာ ပေးတာမျိုးတွေ မရှိခဲ့ဘူး။ စစ်ပွဲတွေကြောင့် သေဆုံးခဲ့ရသူတွေကို အောက်မေ့သတိရတဲ့ အထိမ်းအမှတ်နဲ့ အမျှအတန်း ပေးဝေတဲ့သဘောမျိုးနဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ အရပ်ဘက်အဖွဲ့စည်းတွေက ပြုလုပ်ရခြင်းဖြစ်တယ်'' ဟု ပြောသည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် ဒုက္ခသည်အရေအတွက် တစ်သိန်းကျော်ထိရှိခဲ့ပြီး စစ်ပွဲကာလနှစ်နှစ်နီးပါးအချိန်တွင် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)တို့ ငြိမ်းချမ်းရေး သဘောတူမှု တွေ့ဆုံဆွေးနွေးမှုကို မြစ်ကြီးနားမြို့တွင် မေလ ၂ဂ ရက်မှ ၃ဝ ရက်တွင် ဆွေးနွေးခဲ့သည်။ ယင်းသို့ဆွေးနွေးခဲ့သော်လည်း စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန်အတွက် စောင့်ကြည့်ရဦး မည်ဖြစ်ကြောင်း ဦးမရန်ဂျော်ဂွန်း က ထပ်မံရှင်းပြသည်။

''ငြိမ်းချမ်းရေးဆွေးနွေးမှု သဘောတူညီမှုရရှိပြီးရင် စစ်ပွဲတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ၊ သေဆုံးမှုတွေ ၊ ထပ်ပြီးမဖြစ်အောင် စောင့်ကြည့်ရဦးမယ်။ အမှန်တကယ် စစ်ပွဲတွေရပ်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားနိုင်ဖို့လိုတယ်'' ဟု ၎င်းက ရှင်းပြသည်။

အဆိုပါဆုတောင်းပွဲကို ကချင်ငြိမ်းချမ်းရေးကွန်ရက်၊ အဖြူရောင်တွဲလက်များအဖွဲ့၊ လိုင်ဇာလမ်းလျှောက် သူများ အဖွဲ့နှင့် ရန်ကုန် အခြေစိုက် ငြိမ်းချမ်းရေးလိုလားသော အဖွဲ့အစည်းများမှ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ တွင် လွမ်းသူ့ပန်းခွေများချခြင်း၊ ငြိမ်းချမ်းရေးသီချင်းသီဆိုခြင်းများကို ပြုလုပ်သွားမည် ဖြစ်သည်။

Most read this week