DKBA ၏ နှလုံးသား တိုက်ပွဲမှ နိုင်ငံရေး ဆွေးနွေးပွဲ စင်မြင့်သို့

DKBA ၏ နှလုံးသား တိုက်ပွဲမှ နိုင်ငံရေး ဆွေးနွေးပွဲ စင်မြင့်သို့
by -
ရွှေဟင်္သာ

ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) သည် လူတန်းစား ပေါင်းစုံပါ၀င်သော အစည်းအဝေး တရပ်ကို ကျင်းပ လိုကြောင်း ပြီးခဲ့သည့် မေလ (၂၆) ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်

ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) သည် လူတန်းစား ပေါင်းစုံပါ၀င်သော အစည်းအဝေး တရပ်ကို ကျင်းပ လိုကြောင်း ပြီးခဲ့သည့် မေလ (၂၆) ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ပြည်တွင်း၊ ပြည်ပ ဒီမိုကရေစီ အင်အားစုများ၊ နိုင်ငံရေး ပါတီများ၊ တသီးပုဂ္ဂလများ၊ ပညာရှင်များ၊ လက်နက်ကိုင် အင်အားစုများနှင့် အစိုးရ ၀န်ထမ်းများ၊ တိုင်းရင်းသားပေါင်းစုံပါသောနှီးနှောဖလှယ်ပွဲကို လာမည့် ဇွန်လ ၁၅ ရက်နေ့တွင် ကော်သူမွဲခီး ( ဆုံဆည်းမြိုင်) ၌ ကျင်းပသွားနိုင်ရန် DKBA မှ ကမကထပြုဆောင်ရွက် နေခြင်းဖြစ်သည်။  ဘာ့ကြောင့်အခု လုပ်ဖို့ လိုအပ်နေပါသလဲ။ DKBA ကလို့ထူးဘော အဖွဲ့မှ ဗိုလ်မှူး ထွန်းထွန်းအား ရွှေဟင်္သာသတင်းဌာနမှ သတင်းထောက် ဖြူဖြူကို က  ဆက်သွယ်မးမြန်းထားပါသည်။

ဗိုလ်မှူး ထွန်းထွန်း ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော်

မေး။   ။     တိုင်းရင်းသားပေါင်းစုံပါ၀င်တဲ့ဆွေးနွေးပွဲဆုံရပ်ကို ဘာကြောင့်ပြုလုပ်ရပါသလဲ။ ဘယ်လို အကျိုးတွေရှိမှာ မို့လို့လဲရှင်?

ဖြေ။    ။     အခုကျနော်တို့ကျင်းပတဲ့ တိုင်းရင်းသား ပေါင်းစုံဆွေးနွေးပွဲဟာ ဆုံရပ်တစ်ခုအနေနဲ့ သတ်မှတ်ပြီး မျက်နှာချင်း စုံညီ အတန်းအစားစုံ ပါ၀င်လို့ ရအောင် ဖန်တီး တယ်လို့ပြောလို့ရနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီလို အခမ်း အနား ဆုံရပ်မှာ ပြည်တွင်း၊ ပြည်ပ မှာရှိတဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ ပါတီတွေ တသီး ပုဂ္ဂလ လှုပ်ရှားသူတွေ၊ ပညာ ရှင်တွေ၊ လက်နက်ကိုင် အင်အားစုတွေ၊ အစိုးရ ၀န်ထမ်း အဖွဲ့တွေ အလွှာပေါင်းစုံ အသီးသီး ကလူတွေ ပါမှာဖြစ် တဲ့ အတွက်ကြောင့်ပါ။

မေး။      ။လက်ရှိနိုင်ငံရေး ပြုပြင်ပြောင်းလဲရေးမှာ ထင်သလောက် တိုးတက်မှုမတွေ့ရဘူးဆိုတာ ဘယ်အချက်ပေါ်မှာ အခြေခံပြီး သုံးသပ်ပါသလဲ။

ဖြေ ။   ။    ဒီကေဘီအေဟာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတာ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်း ကတည်းကပါ။ ဒီကနေ့ကတော့ ၂၀၁၃ ထဲကိုရောက်လာနေပါပြီး။ ဒီတော့ DKBA နဲ့ နိုင်ငံတော် ဆက်စပ်ပြုလုပ်ခဲ့တဲ့ လုပ်ဟန်တွေ မရှိသေးပါဘူး။ နိုင်ငံ ရေး အရဖြစ်စေ၊ စီးပွားရေး အရဖြစ်စေ  ဘာမှပြစရာ မရှိသေးပါဘူး။ တနည်းအားဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးမှာ ဒီမိုကရေစီအရေး၊ တိုင်းရင်းသား အရေး၊ စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး ကိစ္စများ ဟုတ်တိ ပတ်တိပြစရာကို မရှိဘူးဖြစ်နေတယ်။ စစ်ရေးအရ ဆိုရင်လည်း အပစ်ရပ်ထားတာ တခုပဲ ရှိတယ်။ စစ်ရေး ကလည်း တဖြည်းဖြည်းနဲ့ ကြပ်တည်းလာတယ်။ ရှေ့ဆက်သွားလို့မရတဲ့အနေထားပေါ်မှာ ဖြစ်လာတယ်။ အဲဒါတွေကို အခြေခံပြီး သုံးသပ်လို့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာ တိုးတက်မှု မရှိသေးဘူးလို့ ဆိုချင်တာဖြစ်ပါတယ်။

မေး။      ။DKBA အနေနဲ့ အပစ်အခတ် ရပ်စဲပြီးတဲ့နောက်ပိုင်းမှာ တိုင်းရင်းသား အလွှာပေါင်းစုံ ပါ၀င်တဲ့့ ဆွေးနွေးပွဲကို အရင်က ပြုလုပ်ဖူးပါသလား။

ဖြေ။      ။DKBA အနေနဲ့တိုင်းရင်းသား စုံစုံညီညီ ဖိတ်တာ တခါမှ မပြုလုပ်ဖူးပါဘူး။ ဒါက ပထမဆုံး အကြိမ်ပါ။ အရင် တုန်းက ဆိုရင်တော့ ကျနော်တို့ကိစ္စကျနော်တို့ဖြေရှင်းတာလောက်ပဲ ရှိပါတယ်။ ဥပမာ- မူးယစ် ဆေးဝါးပြဿနာ တချို့ နဲ့ အချင်းချင်းကြားဖြစ်တဲ့ပြဿနာတချို့တွေပါ။

မေး ။    ။ တိုင်းရင်းသား အဖွဲ့ပေါင်းစုံနဲ့ နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာခြင်း အားဖြင့် လက်ရှိ နိုင်ငံရေး အခြေအနေကို ဘယ်လိုမျိုး ပြောင်းလဲ တိုးတက်လာနိုင်မယ်လို့ထင်ပါသလဲ။

ဖြေ ။    ။တိုင်းရင်းသား အဖွဲ့ပေါင်းစုံနဲ့ ဆွေးနွေးကြမှာ ဆိုတော့ နိုင်ငံရေး အရပြုပြင်ပြောင်းလဲရေးမှာ တိုးတတ်လာ မယ်လို့မျှော်လင့်ပါတယ်။ အဲလိုမျှော်လင့်ထားလို့ပဲလုပ်တာပါ။ ဘယ်လိုမျိုး တိုးတက်လာမယ် ဆိုတာထက် ဒီလိုဆွေး နွေးပွဲမျိုး မရှိရာကနေ အခုလို ရှိလာတဲ့အတွက် တိုးတက်မှုတခုလို့ ပြောချင်ပါတယ်။

မေး ။    ။ တိုးတက်ပြောင်းလဲမယ်လို့ထင်တဲ့ တခြားအချက်တွေရော ဘယ်လိုမျှော်လင့်ထားပါသလဲ။

ဖြေ ။    ။တကယ်တော့ ဒီအစည်းအဝေးဟာ DKBA က ဦးဆောင်ပြီး လုပ်သွားတာမျိုး မဟုတ်ပဲနဲ့ တက်ရောက်တဲ့ အဖွဲ့အစည်း တွေဟာ ကိုယ်မူပေါ်မှာ ကိုယ်အခြေခံပြီး တင်ပြဆွေးနွေးကြမှာပါ။ အဲဒီထဲကနေ စုပေါင်းဆွေးနွေးရာက တိုင်ပင်ကြ မယ်ဆိုရင် တူညီတဲ့အမြင် သဘောထားတွေ ရရှိမှာဖြစ်ပါတယ်။  ဒါ့အပြင် မတူညီတဲ့ အမြင် သဘောထား တွေလည်း တွေ့ရှိလာမှာဖြစ်ပါတယ်။ မတူကွဲပြားတဲ့အမြင်တွေအပေါ် သိရှိထားမယ်ဆိုရင် အပြန်အလှန် လေးစားမှုနဲ့ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ အခက်အခဲ တချို့ ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ဒီအခြေအနေကနေ စုစည်းမှု ရရှိလိမ့် မယ်လို့ ယူဆပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံတော် အစိုးရ ဘက်ကလည်း မေးလာတာ ရှိပါတယ်။ ခင်ဗျားတို့က ဘာလိုချင်လို့ ဘာကို တောင်းဆိုနေတာလဲ။ ကျုပ်တို့ကရော ဘာတွေပေးရမလဲ ဆိုတဲ့မေးခွန်းလေးတွေ ရှိလာပါတယ်။ ကျနော်တို့ အားလုံး က ကျနော်တို့လိုချင်တာ ဒါပါ ရှိပါတယ် ဆိုတဲ့ တူညီတဲ့ အဖြေ တသံတည်း ထွက်မယ် ဆိုရင် အစိုးရ ဘက်လည်း ခင်ဗျား တို့ လိုချင်တာ ဒါလား ဆိုပြီး ညှိယူလို့ ရမယ်လေ။

အဖွဲ့အစည်း အသီးသီးတွေကလည်း  သူတို့လုပ်ငန်းနဲ့သူတို့ လုပ်နေ ကြတာ အမှန် ကျတော့ တွေ့ဆုံဖို့အားနည်း တဲ့အတွက် တသံတည်း ထွက်ဖို့က မလွယ်ပါဘူး။ ဒါကြောင့် ကျနော်တို့အားလုံးက မကြာမကြာတွေ့ဆုံ ဖို့အတွက် ဆက်ပြီး လုပ်ရဦးမှာပါ။

ဒီလို ဆုံရပ်မျိုးတွေမှာ ကျနော်တို့ မသိတဲ့ကိစ္စကို သူတို့သိတာလဲ ရှိတယ်။ သူတို့ မသိတာကိုလည်း ကျနော်တို့သိ မယ်။ အဲဒီအသိတွေကို ဖလှယ်ပြီး အခုလက်ရှိ မှာ ဘယ်လို ရှိနေပြီးလဲ ဘာတွေလုပ်ကြရင်ကောင်းမလဲ ဘယ်လိုရှေ့ ဆက်သွား ရင်ကောင်းမလဲ ဆိုတာကို ၀ိုင်းထိုင်ပြီး အကောင်းဆုံး အဖြေ တစ်ခု ထွက်လာမယ်လို့မျှော်လင့်ပါတယ်။ အဲဒီမှာပဲ အားသာချက်တွေကို စုစည်းပြီး ရှေ့လုပ်ငန်းစဉ် တစ်ရပ်ကို ချမှတ်နိုင်မယ်လို့ ယုံကြည်တယ်။

မေး ။    ။ဇွန်လ ၁၅ ရက်နေ့မှာ ကျင်းပမဲ့ တိုင်းရင်းသားပေါင်းစုံ ပါ၀င်တဲ့ ဆွေးနွေးပွဲကို ဖိတ်ကြားထားတဲ့ အဖွဲ့အ စည်းတွေ တိုင်းရင်းသား တွေ အားလုံး တက်ရောက်လာနိုင်မယ်လို့မျှော်လင့်ပါသလား။

ဖြေ ။     ။ကျနော်တို့ဘက်ကတော့ အားလုံးကို တက်ရောက်စေချင်ပါတယ်။ လက်လှမ်းမှီသလောက် ပါ၀င် စေချင် တယ် ပိုပြီး  စုံစုံလင်လင်ဖြစ်စေချင်တာပေါ့ ကျနော်တို့ဆန္ဒပါ။  ဒါပေမယ့် သူတို့ဘက်က ဘာအခက်အခဲ ဘာအကြောင်းအရာ တွေ ပေါ်လာမလဲဆိုတာ ကိုတော့ အတတ်မပြောနိုင်ဘူးလေ။ အဲဒါကြောင့် ကျနော်တို့က သေချာပေါက် အားလုံး တတ်ရောက်နိုင်မယ် ဆိုတာကိုတော့ မပြောနိုင်ပါဘူးခင်ဗျ။

မေး ။     ။ ဒါဆို အဖွဲ့တွေ အားလုံး မစုံဘူးဆိုရင် ဘယ်လိုပုံစံ ဘယ်လိုအခြေ အနေနဲ့ ရှေ့လုပ်ငန်းစဉ်ကို ချက်မှတ် ကြမလဲ။

ဖြေ ။      ။ ဒီလို ဆုံရပ်မျိုး နောင်ဆိုလျှင် အလားတူ ဆုံရပ်တွေ ရှိလာမှာပါ။ ဒီဆွေးနွေးပွဲဆုံရပ်မှာ ဒီလို အဖြေထွက်ထား ပါတယ် ဆက်လက်ဆွေးနွေးလည်း ရပါတယ်။ ဒါမှမဟုတ် အခု ဆုံရပ် တစ်ခု က သီးခြား အစုအဖွဲ့ကြီးတစ်ခု လည်းဖြစ် သွားနိုင်ပါတယ်။ တကယ်လို့ အစုအဖွဲ့ကြီးတစ်ခု ဖြစ်သွားခဲ့ရင်  တိုင်းရင်းသားတွေ စကားပြောတဲ့နေရာမှာ လည်း ဒီအစုအဖွဲ့ကြီးကနေ ဒီစာတမ်းကို တင်ပါမယ်။ ဒီအဆိုကို တင်ပါမယ် ဖြစ်နိုင်ပါတယ်။

မေး။  ။လက်ရှိနိုင်ငံရေး အခြေအနေ အပြင် တခြားဘယ် အခန်း ကဏ္ဍတွေ ဆွေးနွေးဖို့ရှိပါသလဲ။

လက်ရှိနိုင်ငံရေး အခြေအနေအပြင် တခြားဆွေးနွေးမည့် အချက် - ၃ ချက်ကတော့

    ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ

    ဖက်ဒရယ်ရေးရာ

    အနာဂတ် တပ်မတော် အခန်းကဏ္ဍ တွေကို အဓိက ဆွေးနွေးတဲ့အချက်တွေပါ လာမှာပါ။

နောက်ထပ်တော့ ရှိပါဦးမယ် သူတို့ဒေသရဲ့ထူးခြားချက်ပေါ်မှာ အချက်တွေ အများကြီး ထပ်ပြီးထွက် လာနိုင်ပါတယ်။ ကျနော်တို့က ကမကထလုပ်ပေးတာပါ ဦးဆောင်ဆွေးနွေးသွားမှာ မဟုတ်ဘူး။ ဥပမာ- NLD-LA တို့၊ တခြား ဥပဒေ ပညာရှင်တို့ ၊တပ်ပေါင်းစုံ ပုဂိုလ်တို့၊ ၀ါရင့်နိုင်ငံရေး သမားတွေက ပါလာကြပါမှာ သူတို့က ပဲ ဦးဆောင်ဆွေးနွေး သွား ကြမှာဖြစ်တယ်။

မေး ။     ။ဇွန်လ ၁၅ ရက်နေ့မှာ ပြုလုပ်မဲ့ ဆွေးနွေးပွဲဟာ တိုင်းရင်းသား အားလုံး အတွက် ဘယ်လောက်ထိ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါ၀င်နေသလဲ ဆိုတာကို ပြောပြနိုင်မလား။

ဖြေ ။      ။ ဘယ်လောက်ထိ အရေးကြီးသလဲ ဆိုတာကို ကျနော်မပြောနိုင်သေးပါဘူး။ သို့သော်လည်း အုပ်တချက် သဲတပွင့်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သေချာပါတယ် အလဟာသတော့ ဖြစ်မသွားပါဘူး။

မေး ။     ။ ဒီဆွေးနွေးကို ဘယ်နှစ်ရက် ကျင်းပပြီး ဒီအစီအစဉ်ကို ဖြစ်မြောက်ဖို့အတွက်ဘယ် သူတွေက အကူအညီပေးပါ သလဲ။

ဖြေ ။      ။ ရက်ကတော့ မကန့်သတ်ထားပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ၃ ရက်လို့ကန့်သတ်လိုက်ရင် လွတ်လွတ် လပ်လပ်  ဆွေးနွေးနိုင်သလို အဖြေထွက်တဲ့အထိလည်းဆွေးနွေးနိုင်ပါတယ်။အကူအညီတွေကတော့ ပြည်တွင်း၊ ပြည်ပ အကူညီတွေမယူပါဘူး ကျနော်တို့ အဖွဲ့အစည်းက တက်နိုင်သလောက် လုပ်တာပါ။

တက်ရောက်လိုတဲ့ အဖွဲ့အစည်းတွေ မလာတတ်ဘူး ဆိုရင်လည်း ကရင်ပြည်နယ် မြဝတီမြို့ပေါ်က DKBA ရုံးကို လာခဲ့ ပါ။ အဲဒီ ရုံးဆီရောက်လာရင်တော့ အစီအစဉ် ရှိပါတယ်။ အစည်းအဝေး ကျင်းပမယ့် နေရာကို သူတို့ပို့ပေးမှာ ဖြစ်ပါတယ်။ အားလုံးကိုလည်း ဖိတ်ခေါ်ချင်ပါတယ်။

Most read this week