ဒေသန္တာရ အမိန့်ကိုထောက်ခံသည့် စစ်တွေ ဆန္ဒဖေါ်ထုတ်ပွဲ လူပေါင်း ၂၀၀၀ ခန့် ပူးပေါင်း ပါ၀င်

ဒေသန္တာရ အမိန့်ကိုထောက်ခံသည့် စစ်တွေ ဆန္ဒဖေါ်ထုတ်ပွဲ လူပေါင်း ၂၀၀၀ ခန့် ပူးပေါင်း ပါ၀င်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့ ပြုလုပ်ခဲ့သော လူထု ဆန္ဒ ဖေါ်ထုတ်ပွဲသို့ အဖွဲ့အစည်း (၂၅) ဖွဲ့နှင့် လူပေါင်း ၂၀၀၀ ခန့် ပူးပေါင်း ပါ၀င်ခဲ့သည်ဟု သိရသည်။

ဘူးသီးတောင်နှင့် မောင်တော မြိိို့နယ်များ အတွင်း  မူဆလင် မိသားစု တစ်အိမ်ထောင် ကလေးနှစ်ဦး ထက်ပို မယူရဟု ရခိုင်ပြည်နယ် အစိုးရ၏  ဒေသန္တာရအမိန့်ထုတ်ပြီး ကန့်သတ်မူကို ထောက်ခံသည့် အနေဖြင့် စစ်တွေမြို့ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး အနီးရှိ ၀င်္ကပါကွင်းမှ စတင်ပြီး ယနေ့ နေ့လည် (၁) နာရီက ဆန္ဒ ဖေါ်ထုတ်ခဲ့ကြသည်။

Sittwe-monk-protest

ဆန္ဒဖေါ်ထုတ်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး ရဟန်းပျိုသမဂ္ဂအဖွဲ့မှ ဦးသုမနက နိရဥ္စရာသို့ ပြောသည်။

“ ဦးဇင်းတို့ ၀င်္ကဘာကွင်းက တနစ်ရီမှာ စထွက်ပါတယ်။ ၀င်္ကဘာကွင်းက မင်းဘာကြီးလမ်းကို ၀င်ပြီး မင်းဘာ ကြီး လမ်းကနေမြောက်ဘက်ကိုသွားပြီး လမ်းမကြီးကနေပြီးတော့ ၀င်္ကဘာကွင်းကို ၂နာရီ ၂၀ လောက်မှာ  ပြန်ဝင်ပါမယ်။”

ဆန္ဒပြတောင်းဆိုရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ဦးသုမနက ယခုကဲ့သို့ မိန့်ကြားသည်။

“အဓိက က ဘူးသီးတောင်နဲ့ မောင်တောဒေသမှာ ဘင်္ဂလီမူဆလင် လူဦးရေ ကြောက်ခမန်းလိလိ တိုးပွားနေတယ်။ အနာဂတ်မှာ တိုင်းပြည် အတွက် အန္တရာယ် ဖြစ်လာနိုင်တဲ့ အတွက် လူဦးရေ  ထိန်းချုပ်ဖို့ ချမှတ်ထားတဲ့ တအိမ်ထောင် ကလေးနှစ်ယောက် မွေးဖွားခွင့်နဲ့  အမျိုးသားတစ်ဦးကို မိန်းမ တယောက်သာ ယူရမယ်ဆိုတဲ့ ဒေသန္တရ အမိန့်ကို ရခိုင်ပြည်သူတရပ်လုံးက ထောက်ခံတယ်ဆိုတာကို ပြသလိုက်တဲ့ အတွက် ပြုလုပ်ရတာ ဖြစ်ပါတယ်။”

ဆန္ဒဖေါ်ထုတ်ပွဲတွင် ၎င်းကဲ့သို့ ဒေသန္တရ အမိန့်ကို ရခိုင်ပြည်နယ်တခုလုံးတွင် ထုတ်ပြန်ပေးရန်နှင့် မောင်တောမြို့နယ်အတွင်း ဆွဲ-တင်-စစ် လုပ်ငန်းများကို အမြန်ဆုံးအကောင်အထည် ဖေါ်ဆောင် ပေးရန် အပါအဝင် အချက်ပေါင်း ၁၃ ချက်ကို တောင်းဆိုခဲ့ကြသည်ဟု ဆန္ဒ ဖေါ်ထုတ်ရာတွင် ပါ၀င်သူ ကျောင်းသားတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

“  ကျွန်တော်တို့ တောင်းဆိုခဲ့တာက လူ့အခွင့်အရေးကို ရှေ့တန်းတင်သူတွေအနေနဲ့ လူ့အခွင့်အရေးကို အညီ အမျှပေးဖို့၊ ဥပဒေကို လေးစားဖို့၊ ကျွန်တော်တို့ ရခိုင်သားတွေကို သနားဖို့၊ နယ်စပ်လူဦးရေ ကန့်သတ်ပေးဖို့၊ တရားဥပဒေစိုမိုးဖို့၊ အမျိုးဘာသာ သာသနာကို ကာကွယ်ပေးတွေအပါအဝင် ၁၃ ချက်တောင်းဆို ဆန္ဒပြခဲ့ကြ ပါတယ်။”

ဆန္ဒဖေါ်ထုတ်ပွဲကို သက်ဆိုင်ရာ အာဏာပိုင်များက တစုံတရာ ၀င်ရောက်ဟန့်တာခြင်းမရှိဘဲ နေ့လည် ၂နာရီ ကျော်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်ဟု သိရသည်။

ဆန္ဒပြပွဲကို  စစ်တွေမြို့ပေါ်ရှိ ရဟန်းသံဃာတော အပါး ၃၀၀ ကျော်ခန့်နှင့် အဖွဲ့အစည်းအသီးသီးမှ လူပုဂ္ဂိုလ်များ မြို့သူမြို့သား စုုစုပေါင်းအင်အား ၂၀၀၀ ကျော် ပါ၀င်ခဲ့သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် ဘူသီးတောင်နှင့် မောင်တောဒေသတွင် ဘင်္ဂါလီလူဦးရေမှာ  စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်း ရှိနေသဖြင့် ဘင်္ဂါလီမိသားစုများအနေဖြင့် တစ်အိမ်ထောင်လျှင် ကလေးနှစ်ဦးသာ မွေးဖွား ခွင့်ပြုရန် ဒေသန္တရအမိန့်ကို ၁၉၉၅ ခုနှစ်က စတင်ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

Most read this week