သင်္ကြန်ကာလက ဖြစ်ပွားခဲ့သော ရဲနှင့် မွန်လူငယ်များ ပဋိပက္ခတွင် အဖမ်းခံ ရသည့် မွန်လူငယ်များ ပြန်လည် လွတ်မြောက် ရေးနှင့် အမှုမှန် ပေါ်ပေါက်ရေးကို စုံစမ်း နိုင်ရန် အတွက် ရဟန်းတော်များ၊ မွန်နိုင်ငံရေး ပါတီများနှင့် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မီတီ များက (၁၅) ဦးပါ ကော်မရှင် တစ်ရပ် ဖွဲ့စည်း လိုက်သည်ဟု ရဟန်းတော် တစ်ပါးက ဆိုပါသည်။
“ဒီကော်မရှင် ကတော့ အဖမ်းခံရတဲ့ ကလေးတွေ ကွင်းလုံးကျွတ် အမှုက လွတ်အောင် ကူညီလုပ်ဆောင်ဖို့နဲ့ အမျိုးသား အလံကို ဆုတ်ဖြဲတဲ့ ကိစ္စ ပြီးတော့ ခြေနဲ့ နင်းတဲ့ ကိစ္စ ယုတ်ညံ့စွာ စွပ်စွဲပြောဆိုတဲ့ ဒု-ရဲအုပ်မြင့်နိုင်ကို တရား ဥပဒေရှေ့မှောက်မှာ အပြည့်အဝ အရေးယူဆောင်ရွက်ဖို့ အဓိက တာဝန်ရှိပါတယ်” ဟု ကော်မရှင် အဖွဲ့ဝင် ဖြစ်သည့် နိုင်ရာဇာမှ ဆိုပါသည်။
ယင်းကော်မရှင်သည် မွန်ပြည်သစ်ပါတီ၊ ဒေသလုံးဆိုင်ရာ မွန်ဒီမိုကရေစီ ပါတီနှင့် မွန်ဒီမိုကရေစီ ပါတီတို့မှ ကိုယ်စားလှယ် (၃) ဦး ကျစီ ပါ၀င် စေပြီး ရဟန်း သံဃာများနှင့် မွန်လူငယ် အဖွဲ့မှ ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းလိုက်ကြောင်း Mon Youth Forum မှ အဖွဲ့ဝင် တစ်ဦးက ဆိုပါသည်။
ယင်းကော်မရှင်အား ပြီးခဲ့သည့် မေလ (၂၉) ရက်နေ့ ကတည်းက လျာထား ဖွဲ့စည်း ခဲ့ပြီး ဖြစ်ပြီး ပြီးခဲ့သည့် သင်္ကြန်တွင် မွန်ပြည်နယ် မုဒုံမြို့နယ် ဖါးအောက် ကျေးရွာ၌ ဖြစ်ပွား ခဲ့သော မွန်လူငယ် များနှင့် ရဲများ အကြား ပဋိပက္ခကို ဖြေရှင်း ရာတွင် အကူအညီ ပေးရန် ဖြစ်ပါသည်။
ယင်းပဋိပက္ခတွင် မွန်လူငယ် ၁၁ ဦးသည် နှစ်ဆန်း တစ်ရက်နေ့၌ ကျင်းပသော ရိုးဂိုးကျေးရွာ ဘုရားပွဲတွင် သွားရောက် ခဲ့ကြရာက အပြန်ခရီး အဖြစ် ဖားအောက် ကျေးရွာ မဏ္ဍပ် အရောက်တွင် မွန်အမျိုးသား အလံအား မြှောက်ကိုင်ကာ အော်ဟစ် ကခုန် နေကြ ပါသည်။ ထိုစဉ် ၎င်းမဏ္ဍာပ်၌ ရှိနေသည့် မုပွန် ရဲစခန်းမှ ဒု-ရဲအုပ် မြင့်နိုင်သည် ၎င်းအလံအား လုယူကာ အလံတိုင်ဖြင့် အလံ ကိုင်ဆောင် သူအား စတင် ရိုက်နှက် ခဲ့ရာမှ ရဲနှင့်လူငယ်တို့ အကြား ပဋိပက္ခ စတင်ဖြစ် ခဲ့ခြင်းဖြစ်ပါသည်။
ထိုဖြစ်စဉ်ကြောင့် လူငယ်လေးဦးအား ပုဒ်မ ၃၃၂ ဝန်ထမ်း ဝတ္တရားနှောင့်ယှက်မှု၊ ငါးဦးအားပုဒ်မ (၃၃၃) ဝန်ထမ်း ဝတ္တရားနှောင့်ယှက်မှုနှင့် ပြင်းထန်စွာ နာကျင်စေအောင် ဟန့်တား မှုနှင့် ကျန်နှစ်ဦးအား ပုဒ်မ၁၉ (က) လက်နက် လုယက်မှုတို့ဖြင့် အသီးသီး တရားစွဲဆိုခြင်း ခံထားရပါသည်။
ထို့အပြင် တချို့ လူငယ်များကို ရိုက်နှက် ထိုးကြိတ်မှုများ ရှိပြီး အသက် မပြည့်သူ လူငယ် (၆) ဦးကိုမူ မေလ (၁၀) ရက် နေ့နှင့် (၁၃) ရက်နေ့များတွင်သိန်း (၅၀)စီ အာမခံ များဖြင့် ပြန်လည် လွှတ်ပေး ခဲ့ပြီး ဖြစ်ပါသည်။ ကော်မီရှင်သည် ထိုအမှုသည်များ တရား နည်းလမ်း ကျစွာ လွတ်မြောက်ရေး အတွက် အကျိူးဆောင် သွားရမည်ဖြစ်သည်။
ကော်မီရှင်သည် အဖမ်းခံ လူငယ်များ ပြန်လည် လွတ်မြောက်ရေး အပြင် ငွေကြေး အထောက်အပံ့ ရှာဖွေမှု များကိုပါ ဆောက်ရွက် သွားရမည် ဖြစ်ပါသည်။