စိုက်ပျိုးစရိတ် ချေးငွေ ရရှိရေး အတွက် ကျပ်သိန်းချီ မလိုအပ်ဘဲ ကုန်ကျနေမူ သက်ဆိုင်ရာမှ ဖြေရှင်း ပေးရန် တောင်သူ လယ်သမားများ လိုလား

စိုက်ပျိုးစရိတ် ချေးငွေ ရရှိရေး အတွက် ကျပ်သိန်းချီ မလိုအပ်ဘဲ ကုန်ကျနေမူ သက်ဆိုင်ရာမှ ဖြေရှင်း ပေးရန် တောင်သူ လယ်သမားများ လိုလား
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြို့နယ်တချို့တွင် အစိုးရ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးရန် စီစဉ်နေသော  စိုက်ပျိုး စရိတ်ချေးငွေများ  ရရှိရေးအတွက် လယ်သမား တစ်ဦးလျှင် ကျပ်ငွေ တစ်သိန်းခန့်  မလိုအပ်ဘဲ အပို ကုန်ကျနေမူကို သက်ဆိုင်ရာမှ အမြန် စိစစ်ပြီး ဖြေရှင်း ပေးရန် တောင်သူ လယ်သမားများကလိုလားနေကြ သည်ဟု သတင်း ရရှိသည်။

ploughingရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေ ရရှိရေးအတွက် လယ်သမားတစ်ဦးလျှင် ကျပ် ငွေ တစ်သိန်းခန့်လိုအပ်နေသဖြင့် လယ်သမားများ အနေဖြင့် အခက်တွေ့နေရသည်ဟု  ငွေတွင်းတူကျေးရွာ လယ်သမား တစ်ဦးက ပြောသည်။

“ အစိုးရက အခု စိုက်ပျိုး စရိတ် ထုတ်ချေးဖို့ စီစဉ်နေပါတယ်။ အဲဒီငွေကို ရရှိဖို့ အတွက် ပြင်ဆင် နေချိန်မှာ အခွန်ဦးစီးမှူးရုံးကို လက်မှတ်ထိုးခ ၂၀၀၀၀ ကျပ်၊ စိုက်ပျိုးရေး ရုံးမှာ ၉၀၀၀ ကျပ်၊ မှတ်ပုံတင် မရှိတဲ့သူဆိုရင် မှတ်ပုံတင်လုပ်ဖို့အတွက် မှတ်ပုံတင် ဌာနမှာ မှတ်ပုံတင် တရွက်ကို ၂၀၀၀၀ ကျပ်၊ အိမ်ထောင်စု စာရင်းအတွက် ၅၀၀၀ ကျပ်၊ စိုက်ပျိုး စရိတ် ထုတ်ပေးဖို့ စာအုပ် လုပ်ခ ၂၀၀၀၀ ကျပ်၊ စာအုပ်ရလာတဲ့အခါမှာ ၄၀၀၀ ကျပ် ထုတ်ပေးရပါတယ်။ ဒါမှ စိုက်ပျိုးစရိတ်ချေး ငွေတွေ ထုတ်လို့ရမှာ ဖြစ်ပါတယ်။ အခုလို စိုက်ပျိုးစရိတ်ငွေ ရဖို့အတွက် လယ်သမား တစ်ဦးမှာ ၈၀၀၀၀ နဲ့ တစ်သိန်းကြား လိုအပ်နေတာကြောင့် အခက်အခဲ ဖြစ်နေကြရတဲ့ အတွက် သက်ဆိုင်ရာက ဒါတွေကို စိစစ်ပြီီး ဖြေရှင်းပေးဖို့ ကျွန်တော်တို့ လိုလား နေပါတယ်” ဟု ဆိိုသည်။

ယခုကဲ့သို့ သက်ဆိုင်ရာ ဌာနများမှ ငွေကောက်ခံယူခြင်းသည် လယ်ဧက အများကြီး ရှိသူများ အတွက် မထောင်းသာလှသော်လည်း အနည်းငယ်ရှိသူများ အတွက် အခက်အခဲဖြစ်စေသည်ဟု ဆိုသည်။

“  တဧကကို နှစ်သိန်းနုန်းနဲ့ ချေးငွေထုတ်ပေးမယ်ဆိုရင်  ဆယ်ဧကရှိတဲ့သူက  သိန်း ၂၀ ရမယ်။ သိန်း ၂၀ ထဲက လယ်များများ ရှိတဲ့ သူတွေ အနေနဲ့ တစ်သိန်း ကုန်ကျသွားတာ ဘာမှ မဖြစ်ပေမယ့် နှစ်ဧက၊  သုံးဧကသာရှိတဲ့ လယ်သမားတွေ အနေနဲ့ ရမယ့်ငွေက နည်းနည်းထဲမှာ ကျပ်တစ်သိန်းက ကုန်ကျခံရ မယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နို်င်ပါ။  ရမယ့် ငွေကနည်းနည်း  အရင်းစိုက်ရတာက များများ ဖြစ်နေတဲ့ အတွက် ကျွန်တော်တို့ လယ်နည်းတဲ့ သူတွေ အနေနဲ့  အထူးနစ်နာမူတွေ ရှိနေပါတယ်” ဟု ဆိုသည်။

လယ်သမားများ အနေဖြင့် လယ်ယာစိုက်ပျိုးရေးအတွက် ပြင်ဆင် နေချိန် ဖြစ်သဖြင့် ချေးငွေများ လိုအပ်နေသည့် အပေါ်တွင် အခွင့်ကောင်းယူပြီး ယခုလိုမျိုး မတရား သဖြင့် ငွေတောင်းယူနေကြသည်ဟု  သူကပြောသည်။

မြေပုံမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေကို တဧကလျှင် မည်မျှ ထုတ်ချေးပေးမည်ကို အတိအကျမသိ ရှိရသေးကြောင်း၊ လွန်ခဲ့သည့်နှစ်က အသစ်ချေးယူသူကို တဧက ကျပ်ငွေ ၂သိန်းနုန်းဖြင့်  ထုတ်ချေး ပေးခဲ့ကြောင်း၊ ယခင်ငွေထုတ်ချေးဖူးသူများကို ကျပ်ငွေ ၄ သိန်းမှ ၅သိန်း ခန့် ထုတ်ချေးပေးခဲ့ကြောင်း သူက ဆိုသည်။

အလားတူ ရမ်းဗြဲမြို့နယ်ရှိ တချို့ကျေးရွာများတွင် စိုက်ပျိုးစရိတ်ချေးငွေ ရရှိရေးအတွက် စာအုပ်လုပ်ခ ငွေပေးရသည့်အပြင် စာအုပ်လာပေးစရိတ်ဟု ဆိုကာ စာအုပ် တစ်အုပ်ကို ကျပ်ငွေ ၁၀၀၀ စီ ကောက်ယူသွားသည်ဟု သံချောင်းကျေးရွာသားတဦးက နိရဥ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ သံချောင်းမှာ လယ်ယာမြေ မှတ်ပုံတင် စာရွက် လာပေးတဲ့ အုပ်ချုပ်ရေးမှူး စာရေးက စာအုပ်ရတဲ့သူ လယ်သမားတစ်ဦးဆီက လာပို့ခဆိုပြီးတော့ ကျပ်ငွေ ၁၀၀၀ စီ တောင်းယူသွားပါ တယ်” ဟု ဆိုသည်။

ယခုကဲ့သို့ မိုးဦး အကျ စိုက်ပျိုးရာသီ အစတွင် မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်မှ မာန်အောင်မြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် ကျောက်ဖြူမြို့နယ်များ အပါအဝင် ရခိုင်ပြည်နယ် အနှံ့ အပြားတွင် စိုက်ပျိုးစရိတ် ထုတ်ယူနိုင်သည့် စာအုပ်များ ပြုလုပ်ပေးနေရာ လယ်သမားများ အနေဖြင့် ယခုလိုမျိုး အခက်အခဲနှင့် ကြံုနေကြသည်ဟု သိရသည်။

Most read this week