ကျပ်သန်းပေါင်း(၂၇၀) အကုန်ကျခံ တည်ဆောက်မည့် ရခိုင်မှ ဆိပ်ခံတံတားများ စက်တင်္ဘာလမှ လုပ်ငန်း စတင်နိုင်မည်

ကျပ်သန်းပေါင်း(၂၇၀) အကုန်ကျခံ တည်ဆောက်မည့် ရခိုင်မှ ဆိပ်ခံတံတားများ စက်တင်္ဘာလမှ လုပ်ငန်း စတင်နိုင်မည်
by -
နိရဥ္စရာ

မိုးရာသီတွင် တည်ဆောက်ရန် အခက်အခဲ ရှိသဖြင့် ကျပ် သန်းပေါင်း (၂၇၀)  အကုန်ကျခံ တည်ဆောက်မည့် ရခိုင်ပြည်နယ် မြို့ (၄) ခုမှ ဆိပ်ခံ တံတားများကို စက်တင်္ဘာလလောက်မှ လုပ်ငန်း စတင်နိုင်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Ponna-Kyunt-Arakan

မိုးများသော ဒေသဖြစ်ပြီး  မြစ်ချောင်းများတွင် ရေစီးသန် သဖြင့် ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်ရန် မသင့်တော်၍ စက်တင်္ဘာလရောက်မှ ဆိပ်ခံ တံတားများ တည်ဆောက်ရေးကို စတင် လုပ်ကိုင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း ရခိုင်ပြည်နယ် သတ္တု ၀န်ကြီး  ဦးအောင်သန်းတင်က ပြောသည်။

“ ကျွန်တော်တိုု့ ပုဏ္ဍားကျွန်း ဆိိပ်ခံတံတားကို ကျပ်သန်းပေါင်း (၂၇၀) နဲ့ အကုန်အကျခံပြီး တည်ဆောက်ဖို့ ပြည်နယ် လွှတ်တော်က ဆုံးဖြတ်ထားပါပြီ။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ တည်ဆောက်မှာ ဖြစ်ပါတယ်။ အခု မိုးရာသီ ဖြစ်နေတဲ့ အတွက် လုပ်ငန်း စတင်ဖို့ မဖြစ်နိုင်တာကြောင့် စက်တင်္ဘာလ လောက်မှလုပ်ငန်း တင်ဒါ တွေကို ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ကားလမ်းနှင့် ရထားလမ်းများကို နိုင်ငံတော် အစိုးရမှ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မူ ရှိစေရန် ရည်ရွယ်ပြီး ဖေါက်လုပ်ပေးနေသော်လည်း ကားလမ်းရထားများ တဆင့် ပြည်နယ် အနှံ့ သွားလာနိုင်ခြင်း မရှိသဖြင့်  ရေလမ်းခရီးကိုသာ ယခုအချိန် ရခိုင် လူထု အနေဖြင့် အားကိုးနေရဆဲ ဖြစ်သည်။ သို့အတွက် မြို့များရှိ သင်္ဘောများ၊ မော်တော်ဘုတ်များ ၀င်ထွက် ဆိပ်ကပ်ရာ ဆိပ်ခံတံတားများကို ခိုင်ခန့်အောင် ပြုပြင် တည်ဆောက်ရန် အရေးတကြီး လိုအပ်နေသည်။

၂၀၁၃-၂၀၁၄ ခုနှစ် အတွင်း ဆိပ်ခံတံတား (၄) ခုကို ပုဏ္ဍားကျွန်း၊ ပေါက်တော၊ ရမ်းဗြဲနှင့် မာန်အောင်မြို့ တို့တွင် တည်ဆောက်သွားမည် ဖြစ်ပြီး တံတား တစ်ခုစီကို ကျပ်သန်းပေါင်း (၂၇၀) စီ အကုန်အကျခံ တည်ဆောက်သွားမည်ဟု သိရသည်။

“ အခုက မိုးရာသီဆိုတော့ ဘယ်စီမံကိန်းကိုမှ လုပ်ကိုင်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အစိုးရစီမံကိန်းတွေကို တင်ဒါ မခေါ်နိုင်ဘဲ ဖြစ်နေပါတယ်။ မိုးကုန်မှဘဲ လုပ်ငန်းတွေကို စတင်နိုင်မှာ ဖြစ်ပါတယ်” ဟု ၀န်ကြီးက ဆိုသည်။

မိုးရာသီတွင် ရခိုင်ရှိ ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် မဖြစ်နိုင်သဖြင့် မြန်မာ့ မီးရထား လုပ်ငန်းမှ ပုဏ္ဍားကျွန်း မြို့အတွက် တာဝန်ယူ တည်ဆောက်ပေးနေသော ဘော်လုံးကွင်း တည်ဆောက်ရေးကိုလည်း ယခုအခါ ရပ်ထားသည်ဟု ဒေသခံ တစ်ဦးက ဆိုသည်။

ပုဏ္ဍားကျွန်း ရထားဘူတာ တည်ဆောက်ရာတွင် ဘော်လုံးကွင်း ပါ၀င်သွားသဖြင့် မြန်မာ့ မီးရထား လုပ်ငန်းမှ အဆင့်မှီ ဘော်လုံးကွင်း အသစ်တစ်ခုကို မြို့ အနီးရှိ ပုဏ္ဍားကျွန်း-ရသေ့တောင် ကားလမ်းအနီးတွင် အစား ထိုး တည်ဆောက်နေသည်ဟု သိရသည်။

Most read this week