အင်းလေး ဘေးမဲ့တော သား-ငါးလေလံ ပေးမည်ကို ဒေသခံများ စိုးရိမ်နေ

အင်းလေး ဘေးမဲ့တော သား-ငါးလေလံ ပေးမည်ကို ဒေသခံများ စိုးရိမ်နေ
by -
မဇ္စျိမ

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းလေးကန် ဘေးမဲ့တောအတွင်း သား-ငါး လေလံ ပေးမည်ဟု သတင်းများ ထွက်ပေါ်နေ၍ ဒေသခံများက စိုးရိမ်ကြောင့်ကြလျက် ရှိနေသည်။

“အင်းလေးဒေသမှာ သစ်တောကြိုးဝိုင်းတွေနဲ့ ဘေးမဲ့တောတွေ ရှိနေတယ်။ ဘေးမဲ့တောက အင်းလေးကန် ကမ်းနဖူးနဲ့ အတွင်းပိုင်းကျတယ်။ အဲဒီဘေးမဲ့တောမှာ သား-ငါး လေလံ ပေးမယ်ဆိုတဲ့သတင်းထွက်နေ ပါတယ်။ ဘေးမဲ့တောလို့လည်း ဆိုထားသေးတယ်။ သား-ငါး ဖမ်းခွင့် ပေးမယ်ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စပါ” ဟု ညောင်ရွှေမြို့ ဝင်းရပ်ကွက်နေ ဦးတင်မြင့် က ပြောသည်။

အင်းတွေကို လေလံတင်မယ်

ရှမ်းပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ မေလ ၁၀ ရက်တွင် ကြေညာချက်တခု ထုတ်ပြန်ခဲ့သည်။

“ဂရံအင်း၊ ပိုက်ချက်အင်း၊ ပိုက်ချက်အင်းတွေကို လေလံတင် ရောင်းချမယ့်အကြောင်း တရားဝင်စာထုတ်ခဲ့ပါ တယ်။လေလံယူမယ့်သူတွေက ဇွန်လ ၁ ရက်နေ့အမီ လျှောက် ထားရမယ်လို့ ပါပါတယ်။ ဂရံအင်းထဲမှာ အင်းလေးအင်း၊ စကားအင်းတို့ကို ဖေါ်ပြထားတယ်။ အင်းလေး အင်းဆိုတာ အင်းဂရံ လေလံပစ်လို့ရအောင် အင်းလေးကန်ကို အမည်ပြောင်း အခေါ်သစ် လုပ်ထားတာပါ”  ဟုညောင်ရွှေမြို့နေ ဦးသန်းဝင်းအောင် က ဆိုသည်။

အင်းလေးကန် ဘေးမဲ့တောတွင် အင်းလေးကန်၊ စကားအင်းနှင့် မိုးဗြဲဆည် စသည်တို့ဖြင့် ရေတိမ် ဒေသတခု အနေဖြင့် တည်ရှိကြောင်း သစ်တောဦးစီးဌာန(ဘေးမဲ့) မှ တာဝန်ရှိသူ တဦး က ပြောသည်။

“ဧရိယာ အကျယ်က ၂၄၇.၄၅ စတုရန်းမိုင်် ကျယ်ပါတယ်။ အင်းလေးကန်နဲ့ စကားအင်း ဧရိယာတွေက ဘေးမဲ့တော ထဲမှာ ပါနေပါတယ်” ဟု ဆိုသည်။

ကမ္ဘာ့ သဘာဝနယ်မြေအဖြစ် သတ်မှတ်ခဲ့

အင်းလေးကန်မှာ မြန်မာနိုင်ငံရှိ ကုန်းတွင်း ရေကန်များအနက် ဒုတိယ အကြီးဆုံး သဘာဝ ရေချိုကန်ဖြစ်ပြီး သဘာဝ အလှအပများနှင့် ဇီဝမျိုးစုံ ကျက်စားနေထိုင်မှု၊ ရှားပါးတိရိစ္ဆာန်နှင့် ကျေးငှက်များ နေထိုင်ကျက်စားမှုနှင့် ထူးခြားသည့် ဂေဟစနစ်များကြောင့် ထင်ရှားသည့် ဒေသတခု ဖြစ်သည်။

“အင်းလေးကန်အတွင်းမှာ ရာသီအလိုက် လာရောက်နားခိုတဲ့ ဇီဝမျိုးကွဲတွေ၊ ဒေသရင်းမျိုးစိတ် မျိုးကွဲတွေကြောင့် ထင်ရှားကျော်ကြားတဲ့အတွက် WCMC (World Conservation Monitering Center) အဖွဲ့က ၁၉၀ ခုမြောက် ကမ္ဘာ့ သဘာဝဒေသ နယ်မြေအဖြစ် သတ်မှတ်ခဲ့ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် ၂၀၀၄ ခုနှစ်တွင် အရှေ့တောင်အာရှ ရှေးဟောင်း အမွေအနှစ် နယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။

“ဒီလို အထင်ကရ နေရာကြီးဖြစ်တဲ့အတွက် ဥပဒေနဲ့ မထိမ်းထားနိုင်ရင် မကြာခင်မှာပဲ ဇီဝမျိုးကွဲတွေ တိမ်ကောသွားနိုင်ပါတယ်။ အဲဒီလိုဆို အင်းလေးဒေသဟာ နာမည်ပဲ ကျန်တော့မယ့် အဆင့် ရောက်သွားနိုင်ပါတယ်” ဟု ဒေသခံ ဦးခင်ဇော် က ပြောသည်။

အင်းလေးကန် ဒေသမှာ အာဆီယံအဆင့် ယဉ်ကျေးမှု အမွေအနှစ် အဖြစ်လည်း သတ်မှတ်ခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

လိုင်စင် ပေးပြီးရင်

လေလံအင်းများ ချထားပေးပါက လေလုံ အရင်းကြေ၍ အမြတ်ရအောင် သား-ငါးများကို အလွန်အမင်း ဖမ်းဆီးလာမည်ကိုလည်း ဒေသခံများက စိုးရိမ်ပူပန်ကြသည်။

“ငါးလုပ်ငန်း ဦးစီးဌာနက လျှောက်ထားသူတွေကို လိုင်စင်ချ လုပ်ပိုင်ခွင့် ပေးလိုက်ရင် လေလံ ဝင်ငွေတော့ ရနိုင်ပါတယ်။ ဒါပေမယ့် လုပ်ပိုင်ခွင့် ရသွားတဲ့သူက နေရာတွေ သတ်မှတ်ပြီး တနေရာကို ငါးဖမ်းခွင့်အတွက် ဘယ်လောက်ဆ်ိုတာမျိုးနဲ့ ပြန်ရောင်းမယ်။ အဲဒီသူကလည်း သူဝယ်ထားရတယ်ဆ်ိုပြီး ရသမျှငါးတွေ အကုန်ဖမ်း မှာပဲ။ သူပေးရတာကို ကိုက်အောင် လုပ်မှာပဲ။ အဲဒီတော့ ငါးရစ်တက်ချိန်၊ ငါးမဖမ်းရ ပိတ်ပင်ချိန်တွေ သူတို့ မသိနိုင်တော့ဘူး” ဟု သလဲဦး ကျေးရွာသား ဦးတေဇအောင် က ပြောသည်။

လိုင်စင် မပေးထားရင်

သား-ငါး ဖမ်းဆီးခွင့်လိုင်စင် မပေးထားပါက ယင်းဒေသ ဖွံ့ဖြိုးတိုးတက်ရန် စည်းရုံး လုပ်ကိုင်နိုင်မည်ဟု အချို့ဒေသခံများက လက်ခံမှု ရှိနေသည်။

“လိုင်စင် မပေးထားတော့ အင်းအတွင်းမှာ လူတိုင်း တနိုင်တပိုင် ဖမ်းကြ။ ငါးရစ်ငါးသန် ပေါက်ပွားချိန်မျိုးဆို စည်းကမ်းတွေထုတ်ပြီး တားမြစ်တဲ့အခါ လိုက်နာမှုရှိအောင် စည်းရုံးလို့ ရနိုင်မယ်။ ဆိုလိုတာက သားစဉ်မြေး ဆက် ထုတ်ယူသုံးစွဲနိုင်မယ်။ ကျနော်တို့ လက်ထက်မှာ အင်းထဲက တရက် ၅ ပိဿာ ထုတ်ယူသုံးစွဲနိုင်ရင် နောင်လာ နောင်သားတွေကိုလည်း သူတို့ လက်ထက်မှာ တရက် ၅ ပိဿာ ထုတ်ယူ သုံးစွဲရစေချင်ပါတယ်” ၎င်းက အင်းလေးသားကြီး ဦးတေဇအောင် က ပြောဆိုသည်။