တိုင်းရင်းသားခေါင်းဆောင် (၅) ဦး အမျိုးသားပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု ချီးမြှင့်ခံရ

တိုင်းရင်းသားခေါင်းဆောင် (၅) ဦး အမျိုးသားပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု ချီးမြှင့်ခံရ
by -
အာကာ
နော်ဝေနိုင်ငံမှ ချီးမြှင့်သော အမျိုးသားပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆုကို လက်နက်ကိုင်တော်လှန်ရေး အစည်းအရုံးမှ ခေါင်းဆောင်တစ်ဦးအပါအဝင် တိုင်းရင်းသားခေါင်းဆောင် (၅) ဦးအား လွန်ခဲ့သည့် ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ချီးမြှင့်ခဲ့ ...

 
နော်ဝေနိုင်ငံမှ ချီးမြှင့်သော အမျိုးသားပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆုကို လက်နက်ကိုင်တော်လှန်ရေး အစည်းအရုံးမှ ခေါင်းဆောင်တစ်ဦးအပါအဝင် တိုင်းရင်းသားခေါင်းဆောင် (၅) ဦးအား လွန်ခဲ့သည့် ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ချီးမြှင့်ခဲ့သည်။

 နော်ဝေနိုင်ငံရောက် ၈၈ မျိုးဆက်ကျောင်းသားများနှင့် တိုင်းရင်းသားအဖွဲ့အချို့မှ ဦးစီး၍ ၄င်းဆုအတွက် စီစဉ်ခဲ့ပြီး၊ မြန်မာနိုင်ငံ၌ စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆုကို ချီးမြှင့်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ဆုချီးမြှင့်ရေးကော်မတီ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 ဆုချီးမြှင့်ခံရသူ (၅) ဦးမှာ လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) မှ တိုင်းရင်းသားခေါင်းဆောင် (၃) ဦး၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်တစ်ဦးနှင့် လက်ရှိ မြန်မာစစ်အစိုးရနှင့် အပစ်အခတ်မရပ်စဲသေးသော ကရင်အမျိုးသားအစည်းအရုံးမှ ခေါင်းဆောင်တစ်ဦးတို့ ပါဝင်သည်။

 ၄င်းတို့မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ထောင်တွင်းအကျဉ်းချခံထားရဆဲဖြစ်သော ဦးခွန်ထွန်းဦး၊ ဇိုမီအမျိုးသားကွန်ဂရက်မှ ဦးပူကျင့်ရှင်းထန်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နိုင်ငွေသိမ်းနှင့် လွန်ခဲ့သည့်နှစ်တွင် လုပ်ကြံခံရသော ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှုး ပဒိုမန်းရှာတို့ ဖြစ်သည်။

 တိုင်းရင်းသားခေါင်းဆောင်များအား ၄င်းဆုပေးအပ်ခြင်းနှင့် ပတ်သတ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးညာဏ်ဝင်းက " ဒီဆုက ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအတွက် တိုင်းရင်းသားခေါင်းဆောင်များက တစိုက်မတ်မတ် ကြိုးစားဆောင်ရွက်ခဲ့တဲ့ အထိမ်းအမှတ် ဖြစ်တယ်" ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

 ၄င်းပြင် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သော ကေအင်ယူ ခေါင်းဆောင် ပဒိုမန်းရှာအား ၄င်းဆုချီးမြှင့်ခြင်းနှင့် ပတ်သက်၍  "ပဒိုမန်းရှာကတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ပြောလည်းပြောတယ်၊ နောက်တော့ ခေါင်းဆောင်မှုလည်း ပေးတယ်၊ ဒါလည်း ထိုက်တန်တဲ့ ချီးမြှင့်မှုပဲလို့ ကျနော်ယူဆတယ်" ဟု ၄င်းပြောသည်။

 မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရာ၌ ကြိုးပမ်းကြသောခေါင်းဆောင်များအား နိုင်ငံတကာမှ ဆုချီးမြှင့်လေ့ရှိသော်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းရာ၌ ဆုပေးအပ်လေ့မရှိကြောင်း၊ ယခုကဲ့သို့ အမျိုးသားပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု ပေးအပ်ခြင်းသည် မြန်မာနိုင်ငံသားများအတွက် မီးမောင်းထိုးလိုက်ခြင်း ဖြစ်၍ မှန်ကန်သော လုပ်ဆောင်ချက်တစ်ခု ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ယခုကဲ့သို့ ၄င်း၏အမြင်ကို ပြောသည်။
``မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး ဖော်ဆောင်ရာမှ နိုင်ငံတကာက ဆုပေးအပ်လေ့ရှိပေမယ့် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီဖော်ဆောင်တဲ့နေရာမှာ ကြိုးပမ်းကြတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအတွက် တစ်ခါမှ ပေးလေ့ မရှိဘူး၊ ခုလို တိုင်းရင်းသားခေါင်းဆောင်တွေကို ဒီအမျိုးသားပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု ချီးမြှင့်တာဟာ မြန်မာနိုင်ငံသားတွေအတွက် မီးမောင်းထိုးလိုက်တာပဲလို့ ကျနော်ယူဆတယ်``

 ပဒိုမန်းရှာအား ဆုချီမြှင့်ခြင်းနှင့် ပတ်သတ်၍ ``ကျနော်တို့ဟာ အခြေအနေနဲ့ အချိန်အခါအရ မလွှဲမရှောင်သာ လက်နက်ကိုင်တော်လှန်ရေး လုပ်နေရတာ၊ ခုခေတ် ခုချိန်မှာ အကြမ်းဖက်လက်နက်ကိုင် တော်လှန်တဲ့ ခေတ်မဟုတ်ဘူးဆိုတာ ကျနော်တို့ သဘောပေါက်ပါတယ်။ ကျနော်တို့ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို သိပ်လိုလားတယ်။ လုပ်လည်း လုပ်တယ်၊ ပဒိုမန်းရှာဟာ ဒီလိုပုဂ္ဂိုလ်တစ်ယောက်ပဲ။ ဒါကြောင့် ဒီဆုဟာ သူ့အတွက် ထိုက်တန်ပါတယ်``ဟု ၄င်းက ဆက်၍ပြောသည်။

 ဆုချီးမြှင့်ခံရသော တိုင်းရင်းသားခေါင်းဆောင် (၅) ဦး၌ တစ်ဦးအပါအဝင်ဖြစ်သော မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ နိုင်ငွေသိမ်းအား ဆုချီးမြှင့်ခံရခြင်းနှင့်ပတ်သတ်၍ မေးမြန်းရာ၌ ``ကျနော်တို့အနေနဲ့ တိုင်းပြည်အတွက် ဒီမိုကရေစီရအောင် လုပ်နေတာဟာ နိုင်ငံတကာက ပေးတဲ့ဆုကို မျှော်ကိုးပြီး လုပ်နေတာမှ မဟုတ်တာ၊ ဆုပေးတဲ့ သူတွေကလည်း ပေးသင့်ပေးထိုက်တဲ့သူကို ရွေးပြီး ပေးတာပဲ။ ဒီဆုဟာ တိုင်းရင်းသားရင်ကြားစေ့ရေး ကြိုးပမ်းခဲ့သူတွေအတွက် စိတ်ဓာတ်ရေးမြှင့်တင်မှုတစ်ခု၊ အနာဂတ်လူငယ်တွေအတွက် ပြယုဂ်တစ်ခုပဲလို့ ကျနော်ယူဆတယ်``ဟု ၄င်းက ပြောသည်။

 ယခုကဲ့သို့ အမျိုးသားပြင်လည်သင့်မြတ်ရေး သူရဲကောင်းဆု ပေးအပ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး နောင်နှစ်များတွင်လည်း ဆက်လက်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။