NLD ရခိုင် (၈) မြို့နယ် သဘောထားထုတ်ပြန်ချက် အပေါ် ခေါင်းဆောင် တချို့ တုန့်ပြန်

NLD ရခိုင် (၈) မြို့နယ် သဘောထားထုတ်ပြန်ချက် အပေါ် ခေါင်းဆောင် တချို့ တုန့်ပြန်
by -
နိရဥ္စရာ

၂၀၁၃ ခုနှစ် မေလ ၃၀ ရက်နေ့ နေ့စွဲဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရခိုင်ပြည်နယ် မြို့နယ် (၈) မြို့နယ်မှ ဘင်္ဂလီမိသားစု တစ်စုလျှင် သားသမီး (၂) ဦးယူရန် ဒေသန္တရ အမိန့်ထုတ်ပြန်ခြင်းကို ထောက်ခံကြောင်း သဘောထား ကျေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

အဆိိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရသေ့တောင်မြို့နယ်အမျိုးသား ဒီမိုကရေစီ  အဖွွဲ့ချုပ် ဥက္ကဌလည်းဖြစ်၊ ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲ အနိုင်ရ လွှတ်တော် အမတ်လည်း ဖြစ်သော ဦးမောင်ကြွင်းအောင်အား ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောကြားသည်။

“ ကျွန်တော်က ရသေ့တောင်မြို့နယ် အဖွဲ့ချုပ် ဥက္ကဌပါ။ ဒီ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှ မသိသေးဘူး။ ရသေ့တောင်မြို့နယ်လည်း နာမည်ထဲမှာ ပါနေတယ်လို့ သိရတယ်။ ကျွန်တော် မသိဘဲနဲ့ ခုလို နာမည် ပါနေတယ်ဆိုတော့ ဒါဟာ စဉ်းစားစရာ ဖြစ်နေပြီ” ဟု ဆိုသည်။

ဦးမောင်ကြွင်းအောင်မှ မိမိိမှာ ယခုအခါ ရန်ကုန်မြို့သို့ ရောက်နေကြောင်း၊ ယခုလို အရေးကြီးသော သဘောထား ထုတ်ပြန်ချက်ကို ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကော်မီတီဝင် လူကြီးများ မသိဘဲ ထုတ်ပြန်ခွင့် မရှိကြောင်း ပြောသည်။

“  ကျွန်တော်တို့ လုံးဝ မသိဘဲ ဒီထုတ်ပြန်ချက် ထွက်လာတဲ့ အပေါ်မှာ ပြောဆိုတာ ဖြစ်ပါတယ်။ ဒါက ပေါ်လစီပိုင်း နဲ့  ပတ်သက်တဲ့ အတွက် ဗဟိုကသာ ထုတ်ပိုင်ခွင့်ရှိတယ်။  အစည်းအဝေးခေါ်ပြီး လုပ်သလား ဆိုတာလည်း မသိရဘူး။ စစ်တွေက လုပ်သလားလည်း မသိရဘူး။ ကျွန်တော်က အခု ရန်ကုန်ကို ရောက်နေတဲ့ အတွက် မသိရတဲ့ ကိစ္စပေါ်မှာ ပြောဖို့ ခက်ခဲပါတယ်” ဟု ဦးမောင်ကြွင်းအောင်က ဆိုသည်။

မြေပုံမြို့တွင် နေထိုင်သူ မြို့နယ် အဖွဲ့ချုပ် အမျိုးသမီးခေါင်းဆောင် ဒေါ်မပုချေအား ဆက်သွယ် မေးကြည့်ရာ ယခု ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ သိရှိခြင်း မရှိကြောင်း သူမက ပြောကြားသည်။

တောင်ကုတ်မြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မီတီဝင် တစ်ဦး ဖြစ်သူ ဦးမင်းအောင်အား မေးကြည့်ရာ ယခု ကျေညာချက်အား စစ်တွေမြို့နယ်မှ လူတစ်စုက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ ကျွန်တော် လက်လှမ်းမီသလောက် စုံစမ်းတဲ့ အခါ စစ်တွေက အဖွဲ့ချုပ် အဖွဲ့ဝင် တစ်စုက တစ်ခြားမြို့နယ်တွေရဲ့ နာမည်တွေနဲ့ အခုလို ထုတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ အခု ထုတ်ပြန်ချက်က ပြည်နယ် အလုပ်အမူဆောင် အဖွဲ့က ထုတ်တာ မဟုတ်တဲ့ အတွက် တရားမဝင်ပါ” ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အဖွဲ့ချုပ် ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးညီပုအား ဆက်သွယ်ရာ ဖုံးပိတ်ထားသဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။

(ထုတ်ပြန်ကျေညာချက်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များ၏ သဘောထားထုတ်ပြနချက်

ရက်စွဲ၊ ၂၀၁၃ ခုနှစ်၊ မေလ (၃၁) ရက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့သည် ဘူးသီးတောင်၊ မောင်တောမြို့နယ်အတွင်းရှိ ဘင်္ဂလီလူမျိုးများ အိမ်ထောင်စုတစ်စု လျှင် သားသမီး (၂)ဦးယူရန်နှင့် တစ်ကြိမ်သာ လက်ထပ်ထိမ်းမြားရန် ဒေသန္တရအမိန့်ထုတ်ပြန်ကြောင်း သတင်းမီဒီယာများမှ တဆင့်ကြားသိရပါသည်။

၄င်းအမိန့်သည်လည်း ရခိုင်တစ်ပြည်နယ်လုံးဆိုင်ရာမဟုတ်ဘဲ ဘင်္ဂလီလူဦးရေ လွန်စွာထူထပ်ပြီး မွေးဖွားနှုန်း ကြောက် ခန်မန်းလိလိတိုးပွားနေသည့် ဒေသအတွက်ဖြစ်ပါသည်။ လူဦးရေတိုပွားနှုန်းကို ကန့်သတ်ထိန်းချုပ်နိုင်ရန် ၄င်းတို့၏နေရေး၊ ထိုင်ရေး၊ စားဝတ်နေရေးတို့ကိုပါ သဟဇာတဖြစ်အောင် ပြုလုပ်ပေးခြင်းဖြစ်သည့်အပြင် ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်အရ ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း သိရပါသည်။

ဤလုပ်ဆောင်ချက်များသည် ရခိုုင်ပြည်နယ်၏ ပထဝိနိုင်ငံရေးအရလည်းကောင်း၊ အမျိုးသားလုံခြံုမှု အရလည်း ကောင်း လွန်စွာလိုအပ်နေပါသောကြောင့် ကျွနု်ပ်တို့အနေဖြင့် အလေးအနက်ထောက်ခံအပ်ပါသည်။

၁။ စစ်တွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

၂။ ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

၃။ ပေါက်တောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

၄။ ကျောက်တော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

၅။ မြောက်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

၆။ ရသေ့တောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

၇။ မင်းပြားမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

၈။ မြေပုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဖြန့်ဝေခြင်း

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)

၂။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့

၃။ ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများ

၄။ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့

၅။ ၀ံလက်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း

၆။ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ယက်

statement

Most read this week