နတလ စံပြကျေးရွာ အတွက် မြေသိမ်းပြီး လျော်ကြေး မပေး

နတလ စံပြကျေးရွာ အတွက် မြေသိမ်းပြီး လျော်ကြေး မပေး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာ နတလ စံပြကျေးရွာ တစ်ခု အတွက် လိုအပ်နေတဲ့ မြေတွေကို ဒေသခံ တိုင်းရင်းသားတွေရဲ့ လက်ထဲက သိမ်းယူသွားပေမယ့် လျော်ကြေး မပေးတာကြောင့် လယ်သိမ်းခံရတဲ့ တောင်သူ လယ်သမားတွေ အနေနဲ့ သူတို့ရဲ့ လယ်မြေအတွက် တန်ရာ တန်ကြေးကို ရလိုတယ်လို့ ပြောပါတယ်။

ကယ်သူမဲ့သော ရခိုင် အမျိုးသားပိုင် အိမ်တစ်လုံးကို နယ်စပ်တွင် တွေ့မြင်ရစဉ်။

မြို့နယ် ဦးစီးမှူး ဦးကြည်သန်း၊ မောင်တော ခရိုင် မြေစာရင်း ဦးစီးမှူး ဦးလှထွန်းဖြူနဲ့ နတလ ဗိုလ်ကြီး  သန့်စင် တို့ဟာ ဧပြီလ ၉ ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း လောင်တုံ ကျေးရွာ အုပ်စု၊ စေတီပြင်ကျေးရွာကို ရောက်ရှိလာပြီး လယ်သမားတွေ ပိုင်ဆိုင်တဲ့ လယ် ( ၆) ဧကကို လောင်တုံ နတလ စံပြကျေးရွာ အတွက် သိမ်းယူသွားခဲ့တယ်လို့ ဆိုပါတယ်။

လယ်သိမ်းကြောင်း လက်မှတ် မထိုးမီ လယ်တွေအတွက် လျှော်ကြေး (သို့မဟုတ်) လယ်အစား ပြန်ပေးမယ်ဆိုပြီး အာဏာပိုင်တွေက လယ်သမားတွေကို ဂတိပြု ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အခုအချိန်ထိတော့ လျှော်ကြေး တပြားတချပ်မှ မပေးသေးသလို လယ်မြေလည်း အစား လျော်ပေးတာ မရှိသေးဘူးလို့ ပြောပါတယ်။

“ အခု သူတို့က ကျွန်တော်တို့ရဲ့ လယ်တွေမှာ အိမ်အလုံးပေါင်း (၄၀) ကို တည်ဆောက်နေပါပြီ။ မင်းကျန်စစ် ဆောက်လုပ်ရေး ကုမ္ပဏီက ဆောက်နေတာပါ။ မကြာခင် ပြီးစီးပါတော့မယ်။ ကျွန်တော်တို့မှာသာ တပြားတချပ်မှ လျော်ကြေး မရဘဲ ဖြစ်နေပါတယ်” လို့ လယ်သိမ်းခံရတဲ့ မိသားစုဝင် ရခိုင် လူငယ် တစ်ဦးက ပြောပါတယ်။

လယ်သိမ်းခံရတဲ့ လယ်သမားတွေကတော့ ဦးစိန်သာပွင့်၊ ဦးမောင်သိန်းညွှန့်နဲ့  ဒေါ်လှသာပွင့်တို့ ဖြစ်ကြပါတယ်။

“ ကျွန်တော်တို့ ဟာ မောင်တောမြို့နယ်မှာ လူနည်းစု တိုင်းရင်းသားတွေပါ။ ဒီဒေသမှာ နေထိုင်ရတာ အန္တရာယ် အလွန်များပါတယ်။ ဒါပေမယ့် ကိုယ့်မွေးရာ ဇာတိ ဖြစ်တဲ့ အတွက် မပြောင်း ရွှေ့လို တာကြောင့် အန္တရာယ်ကြားက နယ်စပ်ဒေသမှာ နေထိုင်နေကြရတာ ဖြစ်ပါတယ်။ ခုလို နေထိုင်ရတဲ့ အခြေအနေမှာ လုပ်ကိုင်စားသောက်နေတဲ့ လယ်အနည်းငယ်ထဲက လယ်တွေကို ပိုက်ဆံ တပြား တစ်ချပ်မှ မပေးဘဲ အာဏာပိုင်တွေက သိမ်းယူသွားပါတယ်။ ကျွန်တော်တို့မှာ ပိုက်ဆံလည်း လျှော်ကြေးမရ။ လယ်လည်း အစားမရတဲ့ အတွက် အထူး အခက်အခဲတွေနဲ့ ကြံုတွေ့နေရပါတယ်” လို့ အဲဒီ ရခိုင်လူငယ်ရဲ့ ဖခင် ဖြစ်သူကလည်း ၀င်ပြောဆိုပါတယ်။

အခုအခါ စိုက်ပျိုးရာသီလည်း ရောက်လာပြီ ဖြစ်တဲ့ အတွက် လျော်ကြေး မပေးရင်တောင် လယ်အစား ပေးမလား ဆိုပြီး လယ်သမားတွေက မျှော်လင့်နေကြတုန်း ဖြစ်တယ်လို့ သူက ပြောပါတယ်။

သူတို့ ဒေသမှာ လယ်တစ်ဧက (၁၃) သိန်း စျေးရှိတာကြောင့် အခုလို အသိမ်းခံရတဲ့ အတွက် အထူး ထိခိုက် နစ်နာမူတွေ ရှိတယ်လို့ ပြောပါတယ်။

၂၀၀၆ ခုနှစ်ကလည်း လောင်တုံ ကျေးရွာကဘဲ  နတလ စံပြ ကျေးရွာ အိမ်ခြေ အလုံး ၆၀ စာ အတွက် ရခိုင်အမျိုး သားပိုင် လယ်မြေတွေကို အာဏာပို်င်တွေက သိမ်းဆည်းသွားခဲ့တယ်လို့ ဆိုပါတယ်။ ခုတစ်ကြိမ်ကတော့ ဒုတိယအကြိမ် သိမ်းတာ ဖြစ်တယ်လို့ ဆိိုပါတယ်။

“ အရင်ကတော့ စစ်အစိုးရလက်ထက်ဆိုတော့ ဘာမှ ပြန်ပြောပိုင်ခွင့် မရှိခဲ့ပါ။ အခု ဒီမိုကရေစီ အစိုးရ တက်လာတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း အရင် အစိုးရ အတိုင်း လယ်တွေကို ပိုက်ဆံ တပြား တစ်ချပ်မှမပေးဘဲ လုပ်စားနေတဲ့ လယ်တွေကို သိမ်းယူသွားတဲ့ အတွက် နားမလည်အောင် ဖြစ်နေရတယ်” လို့ ရခိုင်လူငယ်က  ပြောပါတယ်။

လျော်ကြေးငွေ ရမလားဆိုပြီး များမကြာသေးမီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို သွားရောက် စုံစမ်းတဲ့ လယ်သမားတွေကိုလည်း “ လယ်သိမ်းတာ  လျော်ကြေး ပေးစရာလိုသလား” ဆိုပြီး မြို့နယ် အဆင့် တာဝန်ရှိသူတွေက ပြောဆို လွှတ်လိုက်တယ်လို့ ဆိုပါတယ်။

Most read this week