ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးသည် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)နှင့် အစိုးရတို့ တွေ့ဆုံဆွေး နွေးမှုရလာဒ်ကို ထောက်ခံသော်လည်း စစ်ပြေး ဒုက္ခသည် အရပ်သားများ၏ ဘေးကင်း လုံခြုံရေးနှင့် ကျန်းမာရေးကို များစွာ စိုးရိမ်ရကြောင်း ယနေ့ ထုတ်ပြန် ကြေညာ ခဲ့ပါသည်။
၄င်းတို့သည် ကချင်ပြည်နယ် အပါအဝင် ပဋိပက္ခ ဖြစ်ပွားသော ဒေသများရှိ ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေး သူများနှင့် အကူအညီ လိုအပ်သော အခြား အရပ်သားများအား အကူအညီ ပေးခွင့် ပြုရန် တောင်းဆို ခဲ့ပါသည်။
ကြေညာချက်နှင့် အတူ KIO နှင့် အစိုးရ ဆွေးနွေးရေး ကိုယ်စားလှယ် များသည်လည်း ယနေ့ နံက်ပိုင်းတွင် မြစ်ကြီးနားနှင့် ၀ိုင်းမော် မြို့နယ်ထဲ၌ ရှိသော ကချင် စစ်ပြေး ပြည်သူ များအား သွားရောက် ကြည့်ရှု အားပေး ခဲ့ကြောင်း ခရစ်ယာန် အသင်းအုပ် ဆရာတော် တစ်ပါး ဖြစ်သူ ဆရာတူးဂျာက ဆိုပါသည်။
“ KIO နဲ့ အစိုးရ ကိုယ်စားလှယ်တွေ ပေါ့လေ သူတို့ အဖွဲ့(၄) ဖွဲ့ခွဲပြီး ဒီနေ့မနက်ပိုင်းမှာ ကချင် စစ်ပြေး ဒုက္ခသည် စခန်း တွေကို လိုက်လံကြည့်ရှုု အားပေးခဲ့တယ်။ UN မှ ဗီဂျေနမ်ဗီးယာလည်း ပါတယ်။ သူတို့ ရည်ရွက်ချက် ကတော့ ဒီဒုက္ခသည်တွေ အရေး စဉ်းစားတဲ့ အခါမှာ အထောက်အကူ ဖြစ်စေဖို့ပါ။” ဟုဆိုပါသည်။
KIO နှင့်အစိုးရ ကိုယ်စားလှယ်များ၏ သဘော တူညီချက်များထဲတွင် ကချင် စစ်ပြေး ဒုက္ခသည်များ ပြန်လည် နေရာချ ထားရေးလည်း ပါ၀င်သည်။ သို့သော်နိုင်ငံရေး ကိစ္စနှင့် စစ်ရေး ကိစ္စများကြောင့် ဒုက္ခသည် အရေးဖက်၌ ဖြေရှင်း ပေးနိုင်ဦးမည် မဟုတ်သလို အကူအညီ များလည်း ပေးနိုင်လိမ့်မည် မဟုတ်သေးချေ။
ဤသို့သော အခြေအနေ မျိုးတွင် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးမှ ဒုက္ခသည် အတွက် ၀င်ရောက် ကူညီခွင့် ပြုရန် တောင်းဆို လိုက်ခြင်း ဖြစ်ဖွယ် ရှိနေသည်ဟု အကဲခတ်များက ဆိုပါသည်။
လက်ရှိ၌ ကချင်ပြည်နယ်တွင် စစ်ပြေး ဒုက္ခသည် ၁ သိန်းခန့် ရှိနေပြီး စခန်းပေါင်း ၁၄၀ ခန့် ရှိနေပါသည်။ ဤအထဲ၌ အစိုးရ ထိန်းချုပ် နယ်မြေထဲတွင် စခန်းပေါင်း (၁၀၀) ခန့်ရှိပြီး KIO ထိန်းချုပ် နယ်မြေတွင် စခန်းပေါင်း (၄၀) ခန့် ရှိသည် ဟု စခန်း တာဝန်ခံများက ဆိုပါသည်။
ဗိုလ်ချုပ် ဂွမ်မော် ဦးဆောင်သော အဖွဲ့သည် UN ကိုယ်စားလှယ် ဗီဂျေနန်ဗီးယာနှင့် အတူ ဝိုင်းမော်မြို့နယ်ရှိ ကချင် စစ်ပြေး ဒုက္ခသည် စခန်းများသို့ သွားရောက် ကြည့်ရှုုခဲ့ပါသည်။ ဗိုလ်ချုပ် ဂွမ်မော်သည် အစိုးရနှင့် ဆွေးနွေးမှု ရလာဒ် အခြေအနေများကို ဒုက္ခသည်များအား တင်ပြခဲ့ပါသည်။
“နှစ်ဖက် ခေါင်းဆောင်တွေထံ ကနေ တစ်စုံတရာ အကူအညီတွေ ရရှိလိမ့်မယ်လို့မျှော်လင့်မထားပါဘူး။ ၂ နှစ်ခန့်ရှိပါပြီ။ ဘယ် NGO အကူအညီမှ မရဘဲ ကြပ်ကြပ် တည်းတည်းနဲ့ နေလာခဲ့ပြီးပြီးလေ။ ကျနော်တို့ကို အခုလို လာရောက် ကြည့်ရှုု အားပေးပြီး အသိအမှတ်ပြုတဲ့ အတွက် ကျေနပ်တယ်။” ဟု ဒုက္ခသည် တစ်ဦးက ဆိုပါသည်။
ဤစစ်ပြေး ဒုက္ခသည်များသည် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သော ဒေသမှ လာကြသူများဖြစ်သည်။ ကျေးရွာများ မီးရှို့ခံရခြင်း၊ စီးပွားရေး ဖျက်ဆီးခံရပြီး၊ လူမှုရေးနှင့် ရပ်တည်ရာမဲ့ သွားသူများ ဖြစ်နေကြပါသည်။
“ဝိုင်းမော် တဝိုက်မှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေကတော့ နမ်ဆန်ယန်၊ ဆွမ်းပရာဘွန်တို့လို တိုက်ပွဲပြင်းပြင်း ထန်ထန် ဖြစ်ပွားတဲ့ နေရာကလာတဲ့ သူတွေပါ။ နေရပ်ပြန်ဖို့ဆိုတာက အိမ်လည်း မရှိ ခြံတွေယာတွေ ဘာမှ မရှိတော့ဘူး။ တိုက်ပွဲကြောင့် ပျက်စီးကုန်ပြီးလေး။ အခုထိ ပြန်ခွင့် မရသေးသလို အခုပြန်သွားရင်လည်း ရပ်တည်ဖို့ မလွယ်သေးဘူးလေ” ဟုဆိုပါသည်။
စစ်ပြေး ဒုက္ခသည် (၅) မျိုး ရှိပါသည်။ NGO အဖွဲ့မှ တာဝန်ယူ ဖွင့်လှစ်ပေးထားသည့် စခန်းအတွင်း နေထိုင်သည့် ဒုက္ခသည်များ၊မြို့ပေါ်ရှိ ဘာသာရေး အသင်းများ ခေါင်းဆောင်ပြီး ဖွင့်လှစ်ပေးထားသည့် စခန်းအတွင်း နေထိုင်သည့် ဒုက္ခ သည်များ၊ တောတွင်းသို့ ထွက်ပြေး တိမ်းရှောင်နေရသည့် ဒုက္ခသည်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ထိန်း ချုပ်နယ်မြေ အတွင်း နေထိုင်ကြသည့် ဒုက္ခသည်များနှင့် လုံခြုံမှုရှိသော ဆွေမျိုး မိတ်ဆွေထံ သွားရောက် ခိုလှုံနေသည့် ဒုက္ခသည်များ ဖြစ်ပါသည်။
ဤသို့သော အခြေအနေကြောင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးသည် မြန်မာနိုင်ငံ ပြည်သူများ အကြား ထာဝရ ငြိမ်းချမ်းရေး၊ သာတူ ညီမျှဖွံ့ဖြိုး တိုးတက်ရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ပံ့ပိုး ကူညီသွားရန် ဆုံးဖြတ်ထား ကြောင်း၊ ဤသို့ကြောင့် ကချင်ပြည်နယ်တွင်းနှင့် အခြား အကူအညီ လိုအပ်နေသော နေရာများမှ နိုင်ငံရေး၊ စစ်ရေးနှင့် လူသားချင်း စာနာ ထောက်ထားမှု အခြေအနေ များကို ကုလ သမဂ္ဂအပါ၀င် ရည်မှန်းချက်တူ အဖွဲ့အစည်းများနှင့် နီးနီးကပ်ကပ် တိုင်ပင်ဆွေးနွေးပြီး စောင့်ကြပ်ကြည့်ရှု သွားမည်ဟု ထုတ်ပြန်ခဲ့ပါသည်။