တရားမဝင် ဝင်ရောက်ရန် ကြိုးစားသည့် မြန်မာ ၃၈ ဦး ထိုင်းမှ ဖမ်းဆီး၊ ပစ်ခတ်မှု ရှိခဲ့ဟုဆို

တရားမဝင် ဝင်ရောက်ရန် ကြိုးစားသည့် မြန်မာ ၃၈ ဦး ထိုင်းမှ ဖမ်းဆီး၊ ပစ်ခတ်မှု ရှိခဲ့ဟုဆို
by -
မဇ္စျိမ

တနင်္သာရီတိုင်း၊ ကော့သောင်း ခရိုင် လုံးဖောကြီး ကျေးရွာအနီး၌ ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက် ရန် ကြိုးစားသည့် မြန်မာနိုင်ငံသား ၃၈ ဦးအား ယနေ့တွင် ထိုင်းအာဏာပိုင်မှ ဖမ်းဆီးရမိထား ကြောင်း ရနောင်း ရဲစခန်းမှ ထိုင်းရဲတဦးက ပြောသည်။

“ကျနော်တို့ အချုပ်ထဲမှာတော့ အခု ၃၈ ဦး ဖမ်းမိထားပါတယ်။ ခုန နာရီပိုင်းလေးတင်က မြန်မာ အရာရှိ လေးငါး ယောက်လောက် လာပြီး စုံစမ်းမေးမြန်းမှုတွေ လုပ်သွားခဲ့တယ်” ဟု ရနောင်း ရဲစခန်းမှ ထိုင်းရဲ တဦးက မဇ္စျိမကို ပြောသည်။

လုံဖောကြီး ကျေးရွာနှင့် ထိုင်းနိုင်ငံသည် ပါချန် မြစ်တခုသာ ခြားပြီး ကားဖြင့် ၁၀ မိနစ် ခရီးသာ ကွာဝေးသည်။ ထိုသို့ ထိုင်းအာဏာပိုင်များဘက်မှ ဖမ်းဆီးရာတွင်လည်း ပစ်ခတ်မှုများ ရှိခဲ့ကြောင်း လုံးဖော ဒေသခံတဦး ဖြစ်သူ ကိုမင်းမင်း က မဇ္စျိမကို ပြောသည်။

“သေနတ်သံက ကျနော် တယောက်တည်း မဟုတ်ဘူး၊ တရွာလုံး ကြားရတာပေါ့။ ပစ်တာက ရ ချက်နဲ့ ၈ ချက်လောက် ပစ်တယ်။ တရွာလုံး ကလေး လူကြီး အကုန်ကြားတယ်” ဟု ဆိုသည်။

လုံးဖောကြီး ကျေးရွာမှ ဦးအောင်စိန်၊ ဦးသာထူး၊ သန်းထိုက်တို့ သုံးဦးမှာ ပဲ့ချိတ်လှေ ကိုယ်စီဖြင့် မေလ ၃၀ ရက်နေ့ ညသန်းခေါင်ကျော် ၂ နာရီခန့်တွင် အဆိုပါ လူများအား လိုက်လံပို့ဆောင်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ ဦးသာထူး ပဲ့ချိတ်မှ လူများအား ဖမ်းမိလိုက်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် တနှစ်ကျော်ခန့်က တကြိမ် နယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းသည့် မြန်မာနိုင်ငံသားများ စီးနင်းလာ သည့် ကားအား ထိုင်းစစ်တပ်မှ ပစ်ခတ်ခဲ့ရာ ၃ ဦး သေဆုံးခဲ့ရပြီး နောက်ပိုင်း၌ မိုးပေါ်သို့ ထောင်၍ခြောက် လှန့်ပစ်ခတ်မှုများသာ ရှိကြောင်း ရနောင်းဒေသခံများက ပြောသည်။

ယနေ့ဖြစ်ပွားသည့် ကိစ္စနှင့်ပတ်သက်၍ ကော့သောင်း ရဲသတင်းတပ်ဖွဲ့သို့ မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့ရာ တွင် “သတင်းကိုတော့ ကြားတော့ ကြားတယ်။ အတည်ပြုနိုင်အောင် ကြိုးစား နေတုန်းပဲ” ဟု ပြန်လည်ဖြေ ကြားခဲ့သည်။

ထပ်မံ၍ ကော့သောင်း ခရိုင် ရဲတပ်ဖွဲ့ရုံးသို့ ဆက်သွယ်မေးမြန်းရာ၌လည်း ဒု-ရဲအုပ် မျိုးအောင် က ၎င်းသတင်း အား “မသိရှိရသေးကြောင်း” သာ ပြန်လည် ဖြေကြားခဲ့သည်။

ဖမ်းဆီးခံရသူများသည် လုံဖောကြီး ကျေးရွာမှ ထွက်သွားကြစဉ် ပဲ့ချိတ်လှေ ၃ စီးဖြင့် စုစုပေါင်း ၅၄ ဦး ရှိသည်ဟု ကိုမင်းမင်း က ပြောဆိုကာ ရနောင်း ဒေသခံ ဖြစ်သည့် ဦးကျော် ကမူ ယင်းအုပ်စုတွင် စုစုပေါင်း ၄၂ ယောက် ဖြစ်ပြီး အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦးတို့ ပျောက်ဆုံး နေသည်ဟု ကွဲလွဲသည့် အချက်များ လည်း ရှိနေသည်။

Most read this week