ကျွန်တော့်ရွာမှာ ဘိုးဘွားရိပ်သာ တစ်ခုရှိသည်။ ကျွန်တော့်ရွာသည် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းမှာ ရှိသည်။ ကျိန္တလီရွာလို့ ခေါ်သည်။ ကျွန်တော်ငယ်စဉ်ကပင် အိမ်ခြေ သုံးရာကျော်ရှိသောရွာကြီး ဖြစ်ည်။ အခုတော့ အိမ်ခြေ တစ်ထောင်ကျော်နေပြီဖြစ်လို့ ဂွမြို့နယ်ခွဲ၊ ကျိန္တလီရွာမြို့ ဖြစ်နေသည်။ အမည်သာ ပြောင်းသော်လည်း ရွာ၏ အသွင်သဏ္ဍာန်နှင့် လူနေမှု ဘဝတွေ သိသိသာသာ ပြောင်းလဲမှုမရှိဘဲ ရွာသူရွာသားတွေ ဆင်းရဲပြီးဆင်းရဲနေကြဆဲ ဖြစ်သည်။
ကျွန်တော်ပြောချင်တာ ကျွန်တော့်ရွာအကြောင်း မဟုတ်ပါ။ ကျွန်တော့်ရွာက ဘိုးဘွားရိပ်သာ လေးအကြောင်းသာ ဖြစ်ပါသည်။ ကျွန်တော့်ရွာမှာ လူမသိသူမသိ ဘိုးဘွားရိပ်သာလေးတစ်ခု ရှိပါသည်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က သနားကြင်နာတတ်သည့် လူငယ်လေးတစ်ယောက် လက်ဆော့ခြေဆော့ လုပ်ခဲ့ရာမှ စတင်ပေါ်ပေါက်လာသည့် ဘိုးဘွားရိပ်သာလေး ဖြစ်သည်။
သားထောက်သမီးခံမရှိလို့ ခိုးကိုးရာမဲ့ဖြစ်ပြီး ရွာထဲ လည်တောင်းစားနေသည့် ဘိုးဘွားတစ်ယောက်၊ နှစ်ယောက် ကို ကျွေးမွေး စောင့်ရှောက်မိရာမှ ဒီဘိုးဘွားရိပ်သာလေး စတင်ပေါ်ပေါက်လာတာ ဖြစ်သည်။ ရွာက လူငယ်တွေ စုပေါင်းပြီး အိမ်လးတစ်လုံး ဝယ်သည်။ ခိုကိုးရာမဲ့ဘိုးဘွားတွေကို အဲဒီ အိမ်ကလေးမှာ ထားသည်။ မေတ္တာရိပ်မွန် ပရဟိတ လူငယ်အသင်းဖွဲ့ပြီး ကျွန်တော့်ကို အဝေးရောက် နာယကကြီး ခန့်ထားကြောင်း အသိပေးသည်။ ကျွန်တော်က နာယက အဖွင့်အမှာ စကား ပြောသည်။
''နင်တို့တွေ ကျားမြီးသွားဆွဲကြတာပဲကွ၊ ကျားက အကောင်ကြီးလာလိမ့်မယ်။ တိုင်းပြည်၏ အခြေအနေကို လည်းမသိ၊ နိုင်ငံရေးကိုလည်း နားမလည်၊ လူသားတွေကို ကြင်နာသနားတာအခြေခံပြီး မနိုင်ဝန်ကို စတင်ထမ်းခဲ့ ကြသည်။ အရှေ့တောင်အာရှမှာ အဆင်းရဲဆုံးနိုင်ငံဖြစ်နေ သည့် မြန်မာနိုင်ငံအတွင်းက ကျွန်တော်တို့ရွာမှာ ရွာသူရွာသားတွေ အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိ၊ စားဝတ်နေရေး ကျပ်တည်းနေကြတော့ ရွာမှာ ခိုးကိုးရာမဲ့ ဘိုးဘွားတွေ တစ်နေ့တခြား များလာသည်။ သားထောက်သမီးခံမရှိလို့ ခိုကိုးရာမဲ့ကြသလို သားသမီးတွေ ရှိသော်လည်း သားသမီးတွေ က မိဘ ဘိုးဘွားတွေကို မကျွေးနိုင်၊ မမွေးနိုင်ကြလို့ ဘိုးဘွားရိပ်သာကို လာပို့ကြသည်။ ဘိုးဘွား တစ် ယောက်နှစ်ယောက်မှ၊ နှစ်ဆယ်၊ သုံးဆယ်၊ ဖြစ်လာတော့သည်။ ကျွေးမွေးရေး သာမက၊ နေထိုင်ရေးပါ ခက်လာတော့သည်။ နှစ်ထပ်အိမ်ကြီးပိုင်ရှင် အဖွားအိုတစ်ယောက်က သူတို့သေသည်အထိ ကျွေးမွေးစောင့်ရှောက်ပါ။ သူသေလျှင် ဒီအိမ်ကြီးကိုလည်း ဘိုးဘွားရိပ်သာအဖြစ် လှူပါသည်ဆိုလို့ အနေချောင်သွား ခဲ့သည်။
အဘိုးအဘွား နှစ်ဆယ်ကျော်၊ သုံးဆယ်နီးပါး စားသောက်ရေး၊ ဆေးဝါးကုသရေးအတွက် လိုအပ်သည့် ပိုက်ဆံရအောင် လူငယ်လေးတွေက တစ်ပတ်လျှင်တစ်ကြိမ် ရွာလည်ပြီးအလှူခံသည်။ ပိုက်ဆံ၊ ဆီ၊ ဆန်၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ဟင်းသီးဟင်းရွက်၊ သားငါးရတာ အကုန်ယူပြီး ကျွေးနေရသည်။ ရပ်ကွက်ကလည်း ဆင်းရဲတော့ အလှူခံလို့မရနိုင် ဖြစ်လာသည်။ လိုအပ်သမျှကို လူငယ်ခေါင်းဆောင်၏ မိဘတွေက လှူနေရတော့သည်။ အလှူရှင်လည်းရင်မောပြီး လက်ပန်းကျနေပြီ ဖြစ်သည်။
ကျွန်တော့်ရွာကို စာပေဟောပြောဖို့ ရောက်လာသည့် စာရေးဆရာမ သန်းမြင့်အောင်ကချို့တဲ့နွမ်းပါးနေသည့် ကျိန္တလီရွာက ဘိုးဘွားရိပ် သာလေးကို မြင်တွေ့သွားပြီး ကူညီကြပါဦး၊ လှူကြပါဦးဟုတိုက်တွန်းနှိုးဆော်သည့် ဆောင်းပါးတစ်ပုဒ် ကို အလင်းတန်းဂျာနယ်မှာ ရေးလိုက်သည်။ ဒီဂျာနယ်ကို နိုင်ငံခြားကဖတ်ရသည့် သင်္ဘောသားတွေက ကျိန္တလီရွာဆိုတာ ငါတို့ဘော်ဒါကြီး အဏ္ဏဝါစိုးမိုးရဲ့ရွာပဲ၊ ခိုကိုးရာမဲ့ပြီး ငတ်ပြတ်နေ တာကတော့ အဏ္ဏဝါစိုးမိုးရဲ့ ဆွေမျိုးတွေပဲ ဖြစ်မယ်၊ လှူကြဦးစို့၊ ကူကြဦးစို့ဆိုပြီး နိုင်ငံခြားသဘောင်္သားတွေက လှူလို့ အလှူငွေ ၁၃ သိန်းနှင့် အဝတ်အစားတွေ ပီနံအိတ်နဲ့ ငါးလုံးလောက် ရဖူးသည်။
အဝတ်အစားတွေက သင်္ဘောသားမယားတွေ၊ ခယ်မတွေ၊ သမီးပျို၊ သားပျိုတွေ ဝတ်ပြီးသား အဝတ်တွေဖြစ် လို့ ဂျင်းဘောင်းဘီ၊ နောက်ကွဲစကတ်၊ ဘရာစီယာ၊ ရေကူးဝတ်စုံတွေ အများအပြားပါနေသဖြင့် ဝေငှတာမှာရ ရှိသည့် အဘိုးအဘွားတွေ မော်ဒယ် ဖြစ်ကုန်ကြသည်။
ဒီ ဘိုးဘွားရိပ်သာအကြောင်း ကျွန်တော်ရေးသည့်ဆောင်းပါးကို ဖတ်ရလို့ဆိုပြီး တောင် ကုတ်မြို့ စီးပွားရေး လုပ်ငန်းရှင် ဦးကျောက်တောင်မိသားစုက အလှူငွေတစ်သိန်း၊ သင်္ဘောသားအရာရှိ ဦးမောင်မောင်အုန်း မိသားစုက အလှူငွေတစ်သိန်းနှင့် ဒေါက်တာခင်မြလွင် (အနုဇီဝဗေဒ)၊ ဆီးနှင့် ကျောက်ကပ်ရောဂါ အထူးကုဆရာဝန်က အလှူငွေတစ်သိန်း လှူဒါန်းကြသည်။
ကျွန်တော်ရေးသည့် ဆောင်းပါးကို ဖတ်မိသည့် ဆရာမက ငွေလှူသည့်အခါ ဝမ်းသာအားရ ပြောသည်။ ''ကျွန်မလုပ်ခလစာရတဲ့ ပိုက်ဆံကိုလှူတာပါ။ အလွန်သန့်ရှင်းတဲ့ ပိုက်ဆံပါ'' ''သာဓု သာဓု သာဓုပါ ဆရာမရယ်၊ ဤသို့ပြုရကုသလကြောင့် ဖြစ်လေရာဘဝမှာ ခိုကိုးရာမဲ့ဘဝ မကျရောက်ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်'' ကျွန်တော့်လုပ်ဖော်ကိုင်ဖက် သင်္ဘောသားတွေ လှူဒါန်းသည့် အလှူငွေ ၁၃သိန်းကို မတည်ပြီး ဘိုးဘွားရိပ်သာ အဆောက်အအုံဆောက်ရန် ဆုံးဖြတ်ကြသည်။ ဗိုလ်ချုပ်မောင်ဦး ရခိုင်တိုင်းမှူး တာဝန်ထမ်းဆောင်စဉ်က ခွင့်ပြုခဲ့သည့် မြေနေရာမှာ အဆောက်အအုံဆောက်ရန် ရည်ရွယ်ခဲ့ကြသည်။ အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ အနည်းအပါးစုပုံထားပြီး အဆောက်အအုံ အုတ်မြစ်ချရန်ကြွပါဆိုလို့ နိုင်ငံကျော်စာရေးဆရာကြီး သုံးယောက်ကို ပင့်ခေါ်ပြီး ကျွန်တော့်ရွာကို သွားသည်။
၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ(၄) ရက်မှာ ဆရာအောင်သင်း၊ ဆရာလယ်တွင်းသား စောချစ်၊ ဆရာချစ်ဦးညိုနှင့် ကျွန်တော်တို့သည် အဆောက်အအုံဆောက်မည့် မြေနေရာမှာ အုတ်မြစ်ချခဲ့ကြပါသည်။ ဆရာအောင်သင်းက အုတ်နီခဲကို လက်နှစ်ဖက်ဖြင့်ကိုင်မြောက် ပြီးဆိုင်ရာပိုင်ရာတွေကို ပင့်ဖိတ်တိုင်သည်သည်။ ကူညီကြပါရန်မေတ္တာရပ်ခံသည်။
ကျိန္တလီရွာက လူငယ်လေးတွေရဲ့ မွန်မြတ်တဲ့ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်မည့် ဘိုးဘွားရိပ်သာအဆောက် အအုံ အောင်မြင်ပြီး အကောင်အထည်ပေါ်အောင် သမ္မာဒေဝ နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့က ကူညီဝိုင်းလို့ မှိုင်းမတော်မူကြပါ၊ တောင်းပန်ပါတယ်၊ အာကိုးပါတယ်ခင်ဗျာ။
ဆရာအောင်သင်းက ဦးဆောင်ပြီး စာရေးဆရာတွေကိုင်ထားသည့် အုတ်နီခဲတွေကို သပြေခက်ဖြင့် ရေစင် ပက်ဖြန်းပြီး အုတ်မြစ်ချခဲ့ကြသည်။ ရွာကလူငယ်တွေက လက်ရုန်းတွေဆန့်တန့်ပြီး အောင်ပြီ၊ အောင်ပြီလို့ ကြွေးကြော်ခဲ့ကြသည်။ ရွာဦးရွာထိပ်မှာ ဘိုးဘွားရိပ်သာလေး တစ်ခု ဖြစ်ရောဟဲ့လို့ မျှော်လင့်ခဲ့ကြသည်။ ခုနှစ်နှစ်ကြာပြီးနောက် ရွာကို ရောက်ခဲ့ပြန်သည်။ ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်မှာ ဆရာအောင်သင်း၊ ဆရာမောင်သာချို၊ ဆရာ အော်ပီကျယ်နှင့် ကျွန်တော်တို့ စာပေဟောပြောရန် ရွာကို ရောက်သွားခဲ့ကြသည်။ စာပေဟောပြောကြတော့ နောက်တစ်နေ့မှာ ကျွန်တော်တို့ အုတ်မြစ်ချခဲ့ကြသည့် နေရာလေးကို အမှတ်တရ သွားကြည့်ခဲ့ကြသည်။ အုတ်မြစ်ချခဲ့သည့် အခြေအနေမှာ ပျောက်ကွယ်နေတာ တွေ့ခဲ့ရသည်။
''နင့်တို့ ဘာမှ ဆက်မလုပ်ပါလား'' ''ဆက်လုပ်နိုင်ဖို့ နေနေသာသာ အဘရေ အဘိုးအဘွားတွေ နေ့စဉ်ကျွေးဖို့နှင့် ဆေးဝါးကုသပေး ဖို့အတွက် သေလုမြောပါး ကြိုးစားနေရတယ်။ နောက်ထပ်ရောက်လာတဲ့ ဘိုးဘွားတွေကို လက်မခံနိုင်တော့ဘူး''။ ကျွန်တော်လည်း စိတ်မကောင်းရုံကလွဲပြီး ဘာမှမတတ်နိုင် ဖြစ်ခဲ့ရသည်။ တိုင်းမှူးက ခွင့်ပြုခဲ့သည့် မြေနေရာမှာ အဆောက်အအုံဆောက်ဖို့ဆိုတာ အသာထားလို့ တိုးများလာနေသည့် ဘိုးဘွားတွေ ကို နေ့စဉ်ကျွေးဖို့နှင့် ဆေးဝါးကုသပေးဖို့ပင် မတတ်နိုင်တော့ပါဟု ပြောကြသည်။ ရွာသူရွာသားတွေက အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိ၊ မလှူနိုင်၊ မကူနိုင် ဖြစ်နေကြသည်။ ခိုကိုးရာမဲ့ ဘိုးဘွားတွေနှင့် ဘိုးဘွားတွေကိုပြုစုကျွေးမွေးနေရ သည့် ဝန်ဆောင်စရိတ် ကုန်စျေးနှုန်းက နေ့စဉ် တိုးများလာနေသည်။
ဘိုးဘွားရိပ်သာကို တည်ထောင်မိသည့် လူငယ်လေးတွေ လက်ပန်းကျပြီး မောနေကြသည်။ ဇွဲမရှိသူ လူငယ်တစ်ချို့ လက်လျော့ပြီး ရှောင် ထွက်သွားကြသည်။ ဦးဆောင်ခဲ့ကြသည့် ကျားမြီးဆွဲ တစ်ယောက် နှစ်ယောက်သာ မနိုင်မနင်း ဆက်နေကြသည်။ ကျားကြီးကလည်း အကောင်းကြီးနေပြီ ဖြစ်သည်။ ကျွန်တော့်ရွာက ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေသည့် ဘိုးဘွားရိပ်သာလေးကို ကူကြပါဦး၊ လှူကြပါဦးဟု တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။