စစ်တွေ ဘီလူးမချောင်းကို ကျပ်သန်း ၆၀၀ ကျော် အကုန်အကျခံ ပြုပြင်မည်

စစ်တွေ ဘီလူးမချောင်းကို ကျပ်သန်း ၆၀၀ ကျော် အကုန်အကျခံ ပြုပြင်မည်
by -
နိရဥ္စရာ

ရခိုင်တို့ရဲ့ မြို့တော် စစ်တွေကို ဖြတ်သန်း စီးဆင်းနေတဲ့ ဘီလူးမချောင်း ရေနုတ်မြောင်းကို  ကျပ်ငွေ သန်းပေါင်း ၆၇၈ ဒသမ ၃၄  အကုန်အကျခံကာ အစိုးရက  ပြုပြင် တည်ဆောက်သွားမယ်လို့ သတင်း ရရှိပါတယ်။

မေလ ၂၆ ရက်နေ့က စစ်တွေတွင် ရေကြီးနေမှုကို အစိုးရ သတင်းစာများတွင် ဖေါ်ပြထားစဉ်။

ဘီလူးမ ချောင်းဟာ စစ်တွေမြို့ကို ခါးလယ်က ဖြတ်သန်း စီးဆင်းနေတဲ့ ချောင်း ဖြစ်ပြီး အရင်ကတော့ စက်လှေတွေ၊ လှေကြီးတွေ ၀င်ရောက်နိုင်တဲ့ အနေအထားမှာ ရှိခဲ့ပြီး အခုတော့ တဖြည်းဖြည်း တိမ်ကော လာရာကနေ ရေနုတ်မြောင်း အဆင့်ကို ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

ရေနုတ်မြောင်း အဖြစ်သို့ ပြောင်းလဲ ရောက်ရှိလာခဲ့ပေမယ့် သဘာဝရေနုတ်မြောင်း ဖြစ်တဲ့ အတွက် ဒီရေ  အတက်အကျကတော့  ရှိနေသေးတယ်လို့ သိရပါတယ်။

ဒါပေမယ့် ချောင်းဘေး ၀ဲယာတလျှောက်မှာ  နေအိမ်တွေ  တိုးချဲ့တည်ဆောက်လာတာတွေ ရှိသလို  ပလတ်စတစ်လို စွန့်ပစ် အမှိုက်တွေကို မဆင်မခြင် စွန့်ပစ်တာတွေကြောင့် ဘီလူးမချောင်းဟာ တဖြည်းဖြည်းနဲ့ တိမ်ကောလာပြီး မိုးရာသီမှာတောင် ရေစီး ရေလာမကောင်းတော့ဘူးလို့ ဆိုပါတယ်။

ချောင်းတိမ်ကောလာတဲ့ အတွက်  မိုးသည်းထန်စွာ ရွာသွန်းတဲ့ အခါ မြို့လယ်က လမ်းတွေမှာ မကြာခဏ ရေလျှံလေ့ရှိတယ်လို့ ပြောပါတယ်။

၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ် အတွင်း ဘီလူးချောင်းကို ပြန်လည် တူးဖေါ်ပြီး ချောင်းဘေးဝဲယာ တစ်လျှောက် အရှည် ၁ ဒသမ ၅ မိုင်အထိ ကျောက်စီ နံရံတွေနဲ့ ခိုင်ခန့်အောင် ပြည်နယ် အစိုးရဘတ်ဂျက် ငွေနဲ့  ပြုလုပ်သွားမယ်လို့  အစိုးရသတင်း ရပ်ကွက်က တဆင့် သိရပါတယ်။

Most read this week