လူထုရှင်းလင်းပွဲတရပ်ကျင်းပလိုကြောင်း (KIO) ကိုယ်စားလှယ်များ၏ တောင်းဆိုချက်ကို အစိုးရခွင့်မပြု

လူထုရှင်းလင်းပွဲတရပ်ကျင်းပလိုကြောင်း (KIO) ကိုယ်စားလှယ်များ၏ တောင်းဆိုချက်ကို အစိုးရခွင့်မပြု
by -
ရွှေဟင်္သာ

ကချင် ပြည်သူများ၏ တောင်းဆို မှုကြောင့် ငြိမ်းချမ်းရေး ခရီးစဉ် နှင့် ပါတ်သက်ပြီး လူထု ရှင်းလင်းပွဲ တရပ် ကျင်းပ လိုကြောင်း ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ်များ၏ တောင်းဆိုချက်ကို အစိုးရ ဖက်မှ ခွင့်မပြုခဲ့ကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တစ်ဦးက ဆိုပါသည်။

“ လူထု တောင်းဆို ခဲ့တာ ကတော့ ကြိုတဲ့နေ့ (၂၇) ရက်နေ့ ကတည်းကဘဲ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ ပါတ်သက်တဲ့ KIO သဘောထားကို လူထုကို ရှင်းပြပေးဖို့ လူထု ရှင်းလင်းပွဲကို တောင်းဆို ခဲ့တာပါ။ ဒါကို လုပ်ပေးပါ့မယ်လို့ KIO ကိုယ်စားလှယ် တွေကလည်း လက်ခံ ထားပါတယ်။ ဒါပေမဲ့ အစိုးရ ဖက်ကတော့ လူထု ရှင်းလင်းပွဲ အစား ရပ်မိရပ်ဖ ရှင်းလင်းရေးဘဲ ခွင့်ပြုခဲ့တယ်” ဟု အကျိုးတော်ဆောင် တစ်ဦးက ဆိုပါသည်။

အစိုးရ၏ ရပ်မိရပ်ဖ ရှင်းလင်းပွဲကို ယနေ့ နေ့လည်ပိုင်း အချိန်၌ မြစ်ကြီးနားမြို့ စီတာပူရပ်ရှိ မနောကွင်းမှ ကချင်ရိုးရာယဉ်ကျေးမှု ဗဟိုရုံး အတွင်းတွင် အစိုးရမှ ဖွဲ့စည်းပေးထားသော ကချင်ရိုးရာ ယဉ်ကျေးမှု ကော်မတီဝင်များကမြို့မိ မြို့ဖ ၂၀၀ ခန့်ကို ဖိတ်ခေါ်ပြီး အကျဉ်းချုံး ကျင်းပ ပေးခဲ့ပါသည်။

ယင်း စီတာပူရပ် မနောကွင်း ကချင်ရိုးရာ ယဉ်ကျေးမှု ဗဟိုရုံးသို့ KIO ဘက်မှ ဦးဆွမ်လွတ်ဂမ် နဲ့ ဗိုလ်ချုပ် ဂွမ်မော် တို့က တက်ရောက်ပြီး ရှင်းလင်း တင်ပြ ခဲ့သည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ခွန်ဂျာ ကဆိုပါသည်။

အစိုးရ ကိုယ်စားလှယ်များသည် KIO ကိုယ်စားလှယ်များ၏ တောင်းဆိုချက်ကို ခွင့်မပြုသဖြင့်အကျဉ်းချုံး ရှင်းလင်းပွဲ ဖြစ်လာရန် ကတ်သလစ် ခရစ်ယာန် သင်းအုပ် ဆရာတော် များက ရှင်းလင်းပွဲ တစ်ရပ် ကျင်းပပေးရန် အစိုးရ ကိုယ်စားလှယ်များထံ ယနေ့ နံနက်ပိုင်း အချိန်တွင် ထပ်မံပြီး သွားရောက် တင်ပြ ခဲ့ရာက ခွင့်ပြုချက် ရရှိခဲ့ခြင်း ဖြစ်ပါသည်။

ကချင် ပြည်သူ များကမူ KIO ၏ ငြိမ်းချမ်းရေး သဘောထား ရှင်းလင်း တင်ပြပွဲကို ကျင်းပ စေလို သဖြင့် မြစ်ကြီးနားမြို့ပေါ်ရှိ မနောကွင်း ထဲ၌ ကျင်းပရန် မြစ်ကြီးနား မြို့ခံများက စီစဉ် ထားကြောင်း ဆိုပါသည်။ မြစ်ကြီးနား ဒေသခံများသည် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့အား ထောက်ခံသည့် အနေနှင့် သောင်းနှင့် ချီပြီး ကြိုဆိုပွဲက ဆန္ဒဖော်ထုတ် ပြီးသား ဖြစ်ပါသည်။

“KIO ကိုယ်စားလှယ်တွေ  မြစ်ကြီးနားကို ရောက်နေတုန်း သူတို့ဘက်က သဘောထား အသံတွေကို တဝကြီး ကြားချင်တာပေါ့။ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထဲမှာ ကျနော်တို့ ဘယ်လို ပါဝင် သွားရမယ် ဆိုတာကို အမြင် ဖလှယ်ချင်ကြတယ်။ အဲဒါကြောင့် အမြင်ကြားနားပွဲမျိုး ကျင်းပပေးဖို့ ကျနော်တို့ မြစ်ကြီးနား မြို့ခံတွေက တောင်းဆို လိုခြင်းဖြစ် တယ်။” ဟု ဒေသခံ တစ်ဦးက ဆိုပါသည်။

အစိုးရသည် KIO နှင့် ကချင်ပြည်သူများ အချိတ်အဆက် ဖြစ်သွားမည်ကို စိုးရိမ်နေဟန် ရှိပါသည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ပြီးခဲ့သည့် နှစ်ဆန်းပိုင်း၌ပြည်သူ့ လွှတ်တော် ကိုယ်စားများနှင့် ရပ်မိရပ်ဖ များအား တွေ့ဆုံစဉ် ၄င်းတို့၏ စိုးရိမ်နေမှုကို ထုတ်ဖေါ်ခဲ့ပါသည်။

“ KIA ဟာ ကချင် လူထုကို ကိုယ်စားပြုနေတာ မဟုတ်ပါဘူး။ အစိုးရ စီမံကိန်းတွေကို လိုက်လံ ဖျက်ဆီး နေတဲ့ သူတွေ ဖြစ်ပါတယ်။ လူသတ် မိုင်းခွဲ ပြန်ပေးဆွဲ ဆပ်ကြေးကောက်တဲ့ လူတွေလို့” သမ္မတ ကပြောကြား ခဲ့ဘူးပါသည်။

ဒေသခံ ကချင်ပြည်သူ တစ်ဦးကတော့ “ တဖက်သတ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကို အလိုမရှိဘူး။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုဘဲအလိုရှိတယ်။ အပစ်အခတ် ရပ်စဲရေး လုပ်မယ် ဆိုရင် ကျနော်တို့ သဘောထားတွေကိုလဲ ယူဖို့ အော်နေတာကို ကြားတော့ KIO ခေါင်းဆောင်တွေက အခြေအနေ ကြည့်ပြီးစီစဉ်သွားမယ်လို့ ပြောကြား သွားခဲ့တာ ဖြစ်တယ် ။” ဟု ဆိုပါသည်။

ကချင်ပြည်သူများသည် KIO နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို စိတ်ဝင်စားကြပါသည်။ ဤသို့ကြောင့် ဆွေးနွေးပွဲ မပြီးဆုံးမီ ရှင်းလင်းပွဲ မကျင်းပ ပေးနိုင်သော်လည်း ဆွေးနွေးပွဲ ပြီးဆုံးသည့် အခါ ကျင်းပပေးနိုင်ရန် တောင်းဆိုနေ ပါသည်။ ဤသည် အစိုးရ၏ သဘောထားနှင့် သက်ဆိုင် နေသဖြင့် KIO မှ ဘာမှ တတ်နိုင်မည် မဟုတ်ဟု အကဲခတ် များက ဆိုပါသည်။