မသီတာထွေး အမှတ်တရ တစ်နှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနား ကျင်းပ

မသီတာထွေး အမှတ်တရ တစ်နှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနား ကျင်းပ
by -
နိရဥ္စရာ

၂၀၁၂ ခုနှစ် မေလ ၂၈ ရက်နေ့က ဗလ္လက်ကာရ ပြုကျင့် သတ်ဖြတ်ခံခဲ့ရသော ရမ်းဗြဲ မြို့နယ် ကျောက်နီမော် – သပြေချောင်း ရွာသူ မသီတာထွေး အမှတ်တရ တစ်နှစ်ပြည့် ဆုတောင်း အမျှဝေပွဲ အခမ်းအနား တစ်ခုကို ကျောက်ဖြူမြို့တွင် ယနေ့ ကျင်းပခဲ့ကြသည်။

narinjara281

ဆုတောင်း အမျှဝေပွဲကို ကျောက်ဖြူ လူငယ်များမှ စုပေါင်းပြီး ကျောက်ဖြူမြို့ ဘုရားကြီးတွင် ယနေ့ နံနက် ၉နာရီခွဲ တွင် စတင် ကျင်းပခဲ့သည်ဟု ဆုတောင်းပွဲတက်ရောက်ခဲ့သူ ဒေါက်တာ ထွန်းမြင့်က နိရဥ္စရာသို့ ပြောသည်။

“ ဒီနေ့က မသီတာထွေး ကွယ်လွန်သွားတာ တနှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘုရားကြီး တောင်ပေါ် လျောင်းတော်မူဘုရားကြီးမှာ ကျောက်ဖြူ လူငယ်တွေက စုပေါင်းပြီး အမှတ်တရ ဆုတောင်းပွဲ ပြုလုပ် ကြပါတယ်။ နံနက် ၉နာရီခွဲကနေ အခမ်းအနားကို စတင်ပါတယ်။”

ဆုတောင်းပွဲလုပ်ရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ဒေါက်တာထွန်းမြင့်က ယခုကဲ့သို့ ပြောသည်။

“ ရည်ရွယ်ချက်ကတော့ မသီတာထွေး သေဆုံးသွားတာ တစ်နှစ်ပြည့်တဲ့နေ့မှာ သူ့ကို ရည်စူးပြီးတော့ ကုသိုလ် ကောင်းမှု လုပ်ကြတာပါ။ ဖယောင်းတိုင်က ၉၆၉ တိုင် ထွန်းညှိတယ်။ နောက်ပြီးတော့ ဆွမ်းကပ်တယ်။ သင်္ကန်း ကပ်လှူတယ်။ အဲဒီအလှူကို အမျှပေးဝေ ဆုတောင်းကြတာဘဲ။ တခြား ဘာမှ ရည်ရွယ်ချက် မရှိပါဘူး။”

ဆုတောင်းပွဲကို  သက်ဆိုင်ရာ အာဏာပိုင်များက လာရောက်ဟန့်တားခြင်းမရှိသော်လည်း စောင့်ကြည့်မှုများ ရှိသည်ဟု သိရသည်။

ကျောက်ဖြူမြို့ လူငယ်များ ဆုတောင်းပွဲကို လူပေါင်း ၆၀ ကျော် တက်ရောက်ပြီး ဆီမီးထွန်း၊ ဆုတောင်း အမျှဝေ မေတ္တာပို့သခဲ့ကြသည်။

narinjara282

သီတာထွေး အမှတ်တရ နှစ်ပတ်လည်နေ့နှ့င့် ပတ်သက်ပြီး သီတာထွေးမိခင်ကို ဆက်သွယ် မေးမြန်းခဲ့ရာ မိခင် ဖြစ်သူမှ ၀မ်းနည်း ကြေကွဲစွာဖြင့် မလုပ်ဖြစ်ဟုဆိုကာ ဘာမျှ မပြောဘဲ ဖုန်းချသွားခဲ့သဖြင့် အသေးစိတ် မသိရှိလိုက်ရပါ။

မသီတာထွေး မွေးဖွားရာ ကျောက်နီမော် – သပြေချောင်းကျေးရွာ တွင် မသီတာထွေး အမှတ်တရအဖြစ် အထက်တန်းကျောင်းခွဲ ဖွင့်ပွဲ အခမ်းအနား တစ်ခုကိုလည်း ယနေ့ မေလ ၂၈ ရက်နေ့ နံနက်တွင် ဘိုကလေးဆရာတော်မှ ဦးဆောင် ကျင်းပခဲ့သည်ဟု သိရှိရသည်။

မသီတာထွေးသည် ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်နေ့ ညနေပိုင်းတွင် သူစက်ခြုပ် သင်ရာ ကျောက်နီမော်ရွာမှ သူမ အိမ်ရှိရာ သပြေချောင်းရွာသို့ တစ်ဦးတည်း ပြန်စဉ် မွတ်ဆလင် လူငယ်သုံးဦး၏ ဗလ္လကာရ ပြုကျင့်ခံရပြီး အသတ်ခံခဲ့ရသည်။

သူမ အသတ်ခံရပြီးနောက် ဒေသခံ ပြည်သူများ အကြား မကျေနပ်မူများ တိုးပွားလာပြီး လက်စားချေ တိုက်ခိုက်မူများ အပြန်အလှန် ပေါ်ပေါက်လာရာမှ နောက်ပိုင်းတွင် ရခိုင်ပြည်နယ်၌ ကြီးမား ကျယ်ပြန့်သော လူမျိုးရေး အဓိဂရုဏ်းများ ပေါ်ပေါက်ခဲ့သည်။

Most read this week