တရားဝင် ကျောက်စိမ်းစျေးကွက် ပေါ်ရေး၊ ဒေသခံများ ကြိုးပမ်းနေ

တရားဝင် ကျောက်စိမ်းစျေးကွက် ပေါ်ရေး၊ ဒေသခံများ ကြိုးပမ်းနေ
by -
မဇ္စျိမ

ကျောက်စိမ်းထွက်ရှိရာကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့တွင် တရားဝင်ကျောက်စိမ်း ရောင်းဝယ်ရေး စျေးကွက်ပေါ်ပေါက်လာစေရန် ဆောင်ရွက်နေကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မြစ်ကြီးနား)အတွင်းရေးမှူး ဦးသောင်းကြည် ကပြောသည်။

၎င်းက “ကချင်ပြည်နယ်မှာရော ဖားကန့်မှာရော ကျောက်စိမ်း ထွက်တယ်။ ဒါပေမဲ့ အဲဒီဖားကန့်မှာ ထွက်တဲ့ ကျောက်စိမ်းကို ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားကို တရားဝင် သယ်ယူခွင့် မရသေးဘူး။ ၀မ်းနည်းဖို့ ကောင်းတာက ကိုယ့်ပြည်မှာ ထွက်ပြီး ကိုယ့်နိုင်ငံမှာ စျေးကွက် မရှိဘူး ဖြစ်နေတယ်” ဟု ပြောသည်။

တရားဝင် သယ်ယူရောင်းချရန် စျေးကွက် မရှိသည့်အတွက် တရုတ်နိုင်ငံသို့ မှောင်ခို တင်သွင်းမှု များလာ
ခြင်းကြောင့် တရားဝင် ကျောက်စိမ်း ရောင်းဝယ်ရေး စျေးကွက် ကချင်ပြည်နယ် အတွင်း ဖြစ်ပေါ်လာရန် သတ္တုတွင်း ၀န်ကြီးဌာနသို့ တင်ပြပြီး အကြောင်းပြန်ကြားချက် တစုံတရာ မရရှိသေးကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ကချင်ပြည်နယ်မြစ်ကြီးနားမြို့၌ ၁၅ ဒသမ ၃၅၁ ဧက ကျယ်ဝန်းသည့် ကျောက်မျက် ရတနာ အချောထည် ရောင်းဝယ်ရေး စင်တာ တစ်ခု တည်ဆောက်နေပြီး ယင်းစင်တာပြီး စီးသွားပါက သက်ဆိုင်ရာ ၀န်ကြီးဌာန အနေဖြင့် တရားဝင်သယ်ယူရောင်း ခြခွင့်ပြုမည် ဟု မျှော်လင့်ရကြောင်း မြစ်ကြီးနားမြို့ရှိ ကျောက်မျက်ရတနာ လုပ်ငန်းရှင်တစ်ဦးကပြောသည်။

အဆိုပါကျောက်မျက်ရတာနာလုပ်ငန်းရှင်က “ ကိုယ့်ပြည်နယ်က ထွက်တဲ့ကုန်ကြမ်းကို ကိုယ့်ပြည်တွင်းမှာပဲ ဥပဒေဘောင် အတွင်းက တရားသဖြင့်ကုန်ချော ထုတ်လုပ်ရောင်းချခွင့်ကို သက်ဆိုင်ရာဝန်ကြီးဌာနကနေ အားပေးလိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။ ဆိုင်ခန်းတည်ဆောက် တာတွေ ပြီးသွားရင်တော့ တရားဝင်စျေးကွက်ကို ခွင့်ပြုမယ်လို့ထင်ပါတယ်” ဟုပြောသည်။

အဆိုပါကျောက်မျက်ရတနာ အချောထည် ရောင်းဝယ်ရေးစင်တာ တည်ဆောက်မှုပြီးစီးချိန်တွင် တရားဝင်ကုန်ကြမ်းသယ်ယူခွင့်မရရှိသေးပါက နေပြည်တော် ရှိကျောက်မျက်ရတနာ ပြပွဲများမှ လေလံဆွဲ၍ ၀ယ်ယူပြီး မြစ်ကြီးနားတွင်ပြန်လည်ရောင်းချသွားမည်ဖြစ်ကြောင်း ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်း(မြစ်ကြီးနား) မှတာဝန်ရှိသူ တစ်ဦးကပြောသည်။

လက်ရှိတွင်ကျောက်စိမ်းသယ်ယူရောင်းချခွင့်အား အစိုးရနှင့်ဖက်စပ်လုပ်ကိုင်နေသည့် ကုမ္မဏီများနှင့် ကုမ္မဏီကြီးများ ကသာသယ်ယူခွင့်ရရှိနေပြီး တနိုင်တပိုင်ရောင်းချလိုသူများအနေဖြင့် တရုတ်နိုင်ငံ အတွင်းသို့ မှောင်ခို လမ်းကြောင်း မှတဆင့်သာ ကုန်သွယ်မှု ဆောင်ရွက် နေရကြောင်း အဆိုပါ လုပ်ငန်းရှင် များက ဆက်လက်ပြောကြားသည်။

တရုတ်နိုင်ငံ နယ်စပ် ကျယ်ဂေါင်မြို့ရှိ ကျောက်စိမ်းရောင်းဝယ်သူ ဦးမြင့် က “တရားဝင်သယ်ယူ၊ အခွန်ဆောင် ရောင်းချခြင်းဖြင့်နိုင်ငံတော်အတွက် အခွန်ရမယ်။ တရားမဝင်ပြည်ပခိုးထွက်တာ တွေလဲရပ်သွားမယ်။ သူများနိုင်ငံမှာရောင်းရတော့ အလိမ်ခံရတယ်။ အနှိမ်ခံရတယ်။ စရိတ်တွေ တက်တယ်” ဟု ပြောသည်။

Most read this week