တရုတ်ဝယ်လိုအားနှင့် ဒေါ်လာစျေးတို့ အပြိုင်မြင့် တက်နေခြင်းကြောင့် ပြည်တွင်းဆန်စျေး မြင့်တက်လာနေပြီး ဆန်စျေးမှာ နာဂစ်နောက်ပိုင်း အမြင့်ဆုံးစံချိန်သို့ ရောက်ရှိလာသည်။
မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းချူပ်မှ ဦးကျော်ကျော်ဝင်းက “ စပါးစျေးတက်တာဟာ ဒေါ်လာစျေး ကြောင့် အဓိကပဲ။ အရင်က ဆန်ပို့ကုန်က အကိုက်ကြီး မဟုတ်ပေမယ့် အခုတော့ ငွေလဲစျေးကြောင့်ငွေပိုရ လာတော့ လက်ကျန်စပါးတွေကို စျေးပိုပေးပြီး လိုက်ဝယ်နေတာပေါ့။ တင်း ၁၀၀ ငါးသိန်းစျေး ဆိုတာကတော့ အရည်အသွေးပေါ်လည်း မူတည်ပါတယ် ” ဟု မဇ္စျိမသို့ ပြောကြားသည်။
တရုတ်နယ်စပ်မှ တဆင့် ၀ယ်လိုအားရှိသည့်အပြင် ငွေလဲနှုန်းအရလည်း စျေးကောင်းရလာသည့် သဘောကြောင့် ပြည်ပသို့ ဆန်တင်ပို့ရန် တွက်ခြေ ပိုကိုက်လာကာ ယခုလို စံချိန်တင် မြင့်တက်သွားခြင်း ဖြစ်သည်ဟု ဆန်စပါးလုပ်ငန်း အသိုင်းအဝိုင်းမှ သတင်းရရှိသည်။
မေလအတွင်း အမေရိကန် ဒေါ်လာ တယူနစ်လျှင် ကျပ်၅၀ကျော်အထိ မြင့်တက်လာချိန်နှင့် တရုတ်သို့ မူဆယ်နယ်စပ်မှ တင်ပို့သည့် စျေးကွက် ၀ယ်လိုအား မြင့်ချိန်တို့ တိုက်ဆိုင်ခြင်းကြောင့် ကုန်သည်များ အနေဖြင့် ပြည်ပ တင်ပို့ရေးအတွက် ဆန်ကြိတ်ခွဲရန်စပါးများ ကို စျေးကောင်းပေးဝယ်လာ ခဲ့သည်။
ထိုသို့ ပေးဝယ်ရာတွင် ဧည့်မထ စပါးတင်း ၁၀၀လျှင် ၃၈၀၀၀၀ကျပ် ၀န်းကျင်မှ တပတ်အတွင်း အရည် အသွေးပေါ် မူတည်ကာ ကျပ်လေးသိန်းမှ ငါးသိန်းကြားအထိ စျေးမြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း ဆန်စပါးကုန် သည်များက ပြောသည်။
လက်ရှိအချိန်တွင် တရုတ်သို့ နယ်စပ်မှ ဆန်တင်ပို့ရာတွင် မက်ထရစ် တတန်လျှင် ကန်ဒေါ်လာ ၃၅၀ခန့် ရရှိနေပြီး ပုံမှန် Normal Trade (ပင်လယ်ရေကြောင်း ကုန်သွယ်ရေး ) ထက်စျေးနှုန်း ပိုမိုရရှိနေရာ လက်ရှိ ဒေါ်စျေး တယူနစ် ၉၅၀တွင် ဆန်တင်ပို့မှု ပိုမို အရှိန်မြင့်လာဖွယ် ရှိနေကြောင်း ဦးကျော်ကျော်ဝင်းက ဆက်လက် ပြောကြားသည်။
ဆန်ပို့ကုန် လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဇော်ဦးက “တရုတ်ဝယ်လိုအား ကောင်းပြီး ဒေါ်လာစျေး ဒီအတိုင်း တည်ငြိမ်နေမယ် ဆိုရင်တော့ ပို့ကုန်ဆန်စျေးက မကောင်း လာရင်တောင်မှ စပါးစျေးနှုန်း နည်းနည်းလောက် ထပ်တက်လာနိုင်တယ်” မဇ္စျိမသို့ ပြောသည်။
လက်ရှိအချိန်တွင် တောင်သူများထံ၌ လက်ကျန်စပါး မရှိသလောက်နည်းနေပြီဖြစ်ရာ လှောင်လက်များထံမှ စျေးကောင်းပေး ၀ယ်နေကြရခြင်းဖြစ်ကြောင်း ဆန်ပို့ကုန်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှ တစ်ဆင့် တင်ပို့သည့် ဆန်စျေးကွက်သည် ၂၀၁၂ခုနှစ်မှစတင်ကာ အသစ်ပေါ်ထွက်လာခြင်း ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂-၂၀၁၃ဘဏ္ဍာနှစ်တွင် ၄၆နှစ်အတွင်း စံချိန်တင်အဖြစ် ပြည်ပသို့ ဆန်တန်ချိန် တစ်သန်းခွဲခန့် တင်ပို့နိုင်ခဲ့ မှုတွင် တရုတ်သို့ တင်ပို့သည့် ပမာဏ၏ ထက်ဝက်ကျော် ပါ၀င်ခဲ့သည်။