အစိုးရနှင့် KIO ဆွေးနွေးပွဲ ကုလ အထူးကိုယ်စားလှယ် တက်ရောက်မည်

အစိုးရနှင့် KIO ဆွေးနွေးပွဲ ကုလ အထူးကိုယ်စားလှယ် တက်ရောက်မည်
by -
မဇ္စျိမ

 မြစ်ကြီးနားမြို့၌ မေလ ၂၈ ရက်နေ့တွင် ကျင်းပရန်ရှိသည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ဆွေးနွေးပွဲသို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား တက်ရောက်မည် ဖြစ်ကြောင်း ကချင်အကျိုးဆောင် ဦးဆန်အောင်က ပြောသည်။

“မစ္စတာ နမ်ဘီးယားနဲ့ သူ့အောက်က Marian တို့ ပါမယ်။ အမေရိကန်တွေတော့ အစိုးရက မပါခိုင်းဘူး။ ခုတော့ စမ်းသပ်တဲ့သဘောပဲ။ ကုလ ပါတယ်ဆိုရင် အစိုးရဘက်က ဘယ်အတိုင်းအတာထိ လိုက်လျော ပေးနိုင်မလဲ။ အဲဒီအပေါ် မူတည်မယ် ထင်တယ်” ဟု မဇ္စျိမကို ပြောသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့က မစ္စတာ နမ်ဘီးယားသည် မြစ်ကြီးနားမြို့သို့ သွားရောက်ခဲ့ရာ အစိုးရ ဌာနဆိုင်ရာ များ၊ လူမှုအခြေပြု အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိရေးအတွက် ကြိုးစားနေကြောင်း နှုတ်ဆက်စကားများ ပြောကြားပြီး မည်သည့် မေးမြန်းခွင့်မျှ မရခဲ့၍ လူထုအခြေပြု အဖွဲ့အစည်းများ ဘက်မှ ဝေဖန်မှုများ ရှိခဲ့သည်။

လာမည့်ဆွေးနွေးပွဲ မတိုင်မီ မစ္စတာ နမ်ဘီးယား၏ လက်ထောက်တဦးက KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် များအား သွားရောက် ခေါ်ယူရာတွင် လိုက်ပါသွားမည် ဖြစ်ကြောင်း ဦးဆန်အောင် က မဇ္စျိမကို ပြောသည်။

KIO ဘက်မှ တင်ပြသော ကုလသမဂ္ဂ အပါအဝင် အမေရိကန်၊ ဗြိတိန်နှင့် တရုတ်နိုင်ငံများမှ လေ့လာသူများ လည်း ပါဝင်ရန် ဖိတ်ကြားမှုကိုမူ အစိုးရဘက်မှ လက်မခံဘဲ ကုလသဂ္ဂ ကိုယ်စားလှယ်သာ ပါဝင်ရန် လက်ခံခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေး ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းတို့ ဘက်မှ သီးသန့် လေ့လာသူများကို ဖိတ်ကြားခြင်း မရှိကြောင်း ယမန်နေ့က ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က မဇ္စျိမကို ပြောသည်။

KIO ဘက်မှ ငြိမ်းချမ်းရေးကော်မတီ ဆရာကြီး ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက် မည် ဖြစ်ပြီး ယခု တွေ့ဆုံဆွေးနွေးမှုတွင် တပ်နေရာချထားရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲကို မည်သို့ ဆက်လက် ဆောင်ရွက်သွားရန် ဆိုသည့် အချက်နှစ်ချက်အပေါ် ဆွေးနွေးသွားမည် ဖြစ်၍ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် တက်ရောက်ဖွယ်ရှိသည်ဟု ဦးဆန်အောင် က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် နောက်ဆုံး တွေ့ဆုံ ခဲ့ရာတွင်လည်း ဗိုလ်မှူးချုပ် ဂွမ်မော် တက်ရောက်ခဲ့သည်။

Most read this week