တရုတ် ပိုက်လိုင်းများမှ တအာင်း မျိုးဆက်သွေးများ စုတ်ယူနေခြင်း

တရုတ် ပိုက်လိုင်းများမှ တအာင်း မျိုးဆက်သွေးများ စုတ်ယူနေခြင်း
by -
ရွှေဟင်္သာ

တရုတ်ပြည်သို့ သွယ်တန်းနေသော သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းသည် ရှမ်းပြည်မြောက်ပိုင်း၊ တအာင်း (ပလောင်) ဒေသသို့ လည်းဖြတ်သန်း သွားခဲ့ပါသည်။ (၂၀၁၂) ခုနှစ် နှောင်းပိုင်း ကာလနှင့် (၂၀၁၃) ခုနှစ် အတွင်း ပိုက်လိုင်း သွယ်တန်း ခြင်းနှင့်၊ လမ်းဖေါက် လုပ်ခြင်းများ နေ့မအား ညမအား အပြင်းအထန် တည်ဆောက်နေကြပါသည်။

တအာင်းအမျိုးသားညီလာခံ မှ လူငယ်ခေါင်းဆောင်များ တအာင်းအမျိုးသားညီလာခံ မှ လူငယ်ခေါင်းဆောင်များ (ဓါတ်ပုံ တအာင်း)

ပိုက်လိုင်းသည် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီဘော၊ လားရှိုး၊ နမ္မတူမှ တဆင့် နမ့်ခမ်း မူဆယ်မြို့နယ်ဖက် တအာင်းကျေးရွာအများ အပြားအား ဖြတ်သွားခဲ့ပါသည်။ ဤကဲ့သို့ဖြတ်သွား ခဲ့သဖြင့် ပိုက်လိုင်းကြောင့် ပြည်သူများ မည်သို့မည်ပုံ ဒုက္ခရောက်ပြီး အခက်အခဲ အကြပ်အတည်းများ ဖြစ်သွားကြသည် သို့မဟုတ် မည်သို့ အကျိုးကျေးဇူး ရှိခဲ့သည်များကို ဒေသခံ တအာင်း တိုင်းရင်း သားကျောင်းသား လူငယ်လေးများနှင့် ဆက်သွယ်ပြီး မေးမြန်း စုံစမ်း ခဲ့ပါသည်။

အစိုးရသည် တအာင်းဒေသ၏ လုံခြုံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် တရား ဥပဒေ စိုးမိုးမှုများ မည်သို့စီမံ ဆောင်ရွက် လျှက်ရှိသည်ကို မျက်မြင်များနှင့် ကာယကံရှင်များမှ သက်သေခံ ပေးလိမ့်မည်ဖြစ်ပါသည်။

ဒေသခံများနှင့် ပိုက်လိုင်း အူကြောင်းလမ်း လုံခြုံရေး

ပိုက်လိုင်း အူကြောင်း လမ်းတလျှောက်တွင် လုံခြုံရေးအရ အစိုးရ စစ်ကြောင်းများက တာဝန်ယူစောင့်ရှောက်နေပါသည်။
တအာင်းဒေသတွင်လည်း ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP)၊ နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ တပ်ဖွဲ့များ လှုပ်ရှားရာဒေသလည်း ဖြစ်ပါသည်။

ဤသို့သော အခြေအနေ၌ အစိုးရ စစ်ကြောင်းများသည် ပိုက်လိုင်း လုံခြုံရေးအတွက် ၄င်းတော်လှန်ရေး တပ်ဖွဲ့များကို ရှင်းလင်း ဖယ်ရှား ရမည်ဖြစ်သည်။ ဤသို့ကြောင့် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလမှ စပြီး ယနေ့ အချိန်ထိ တဖွဲ့ဖွဲ့နှင့် နေ့ စဉ် ရက်ဆက် တိုက်ပွဲဖြစ်ပွားနေခဲ့ပါသည်။

အစိုးရသည် ပိုက်လိုင်း လုံခြုံရေး၊ ဒေသ စီပွားရေးကို ကာကွယ်ရန်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအား တိုက်ခိုက်ရန် ရည်ရွယ်ပြီး စစ်ဗျူဟာ (၃) ခုဖြင့် တပ်အင်အား (၄၀၀၀)ခန့် တအာင်းဒေသတွင် စစ်ဆင်နေဆဲဖြစ်ပါ သည်။ ဤသို့ကြောင့် နေ့စဉ်ရက်ဆက် ဆိုသလို တိုက်ခိုက် မှုများဖြစ်ပွားနေခဲ့ပြီး၊ စစ်ပြေး ဒုက္ခသည်များလည်း ထောင် နှင့်ချီ များပြား လာနေသည့် ဒေသ တခုဖြစ်လာနေပါသည်။

အစိုးရ၏ တိုင်းရင်းသား အပေါ် သဘောထားသည် နဂိုကတည်းက တရားမျှတမှုနှင့် တရား ဥပဒေ အရ ကျင့်သုံးခဲ့မှု မရှိခဲ့သည့်အတွက် စစ်ဆင်ရာတွင်လည်း၊ မသင်္ကသော ရွာသားများအား ညှင်းပမ်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ ရွာပြင် မထွက်ရ အကြပ်ကိုင်ခြင်း၊ ကျေးရွာတွင် နေထိုင်၍ မရအောင် စစ်ပြေး ဒုက္ခသည်ဘဝ ရောက် စေခြင်း၊ စီးပွားရေးအရ နစ်နာစေခြင်း အပြင် မူးရစ်ဆေးဝါးဖြင့် မှိုင်းတိုက်ခဲ့ပါ သည်။ အစိုးရ စစ်တပ်သည် မိမိတို့ ရည်မှန်းချက် အောင်မြင်ခြင်းသည်သာ အဓိက ထားတတ်ပြီး ကျန်သည့် အမှုတွင် ဘာမဆို လုပ်တတ်သည့် တပ်ဖွဲ့ဖြစ်ကြောင်း သမိုင်းများက အကြိမ်ကြိမ် အလီလီ သက်သေ ခံခဲ့ပြီး ဖြစ်ပါသည်။ ဤနေရာတွင် ဖေါ်ပြလိုသည်မှာ ၂၀၁၀ ခုနှစ်အ တောအတွင်း ရှမ်းပြည်နယ်တွင် ရထားဖေါက်လုပ်ခဲ့ဘူးပါသည်။ ထိုအချိန်က ကျူးလွန်ခဲ့သော စစ်တပ်၏ ယုတ်မာမှု လုပ်ရပ်များကို ပြန်လည် သတိရစေချင်ပါသည်။ မုဒိန်းမှုကို လက်နက် အဖြစ် ကျင့်သုံးခဲ့သော အစိုးရ တပ်ဖွဲ့မျိုးဖြစ် ပါသည်။ ရှမ်းအမျိုးသမီး အဖွဲ့၏ (License to rape) အစီရင် ခံစာကို ပြန်လည် သတိရပါစေ။

ယခုလည်းဘဲ တအာင်း(ပလောင်)ဒေသကို မည်ကဲ့သို့သော ဇါတ်မျိုးကို ဖန်တီးနေပါသနည်း။ ပြည့်တန်ဆာ လုပ်ငန်း၊ မူးရစ်ဆေး လုပ်ငန်း၊ အလုပ်လက်မဲ့ပြသနာ၊ လူမှုရေး ဖိနှိပ်မှုနှင့် စစ်ပြေး ဒုက္ခသည် ဘဝ ရောက်နေရပါသည်။ ဤသို့ ကြောင့် တအာင်း လူထုများ၏ လက်ရှိ ရင်ဆိုင်နေရသော ဘဝ အခြေအ နေများကို သိရှိရန် ရည်ရွယ် တင်ပြရခြင်းဖြစ်ပါ သည်။

“ကွင်းဆင်းပြီး လေ့လာ ထားချက် အရပြောရရင် ပိုက်လိုင်းဟာ ကျောက်မဲကနေပြီးတော့ နမ္မတူဘက် သွားတယ် ပြီးတော့ နမ်းခမ်းဘက်ပေါ့။  ဖြတ်သွားတဲ့ လမ်းကြောင်း တလျှောက်မှာ လယ်မြေသိမ်း ထားတာ အများကြီး ရှိပါတယ်။ တချို့ကျတော့ ကုမဏီတွေ သိမ်းတယ် တချို့တော့လည်း အာဏာပိုင်တွေ သိမ်း တယ် လေ၊ တချို့က တော့ လျှော်ကြေး ရတာ ရှိသလို မရတဲ့သူလည်း ရှိတယ် ဥပမာ သူတို့ အသုံးပြုတဲ့ မြေတခင်းကို ၁၀ သိန်း တန်ရင် ၅ သိန်းလောက်ဘဲပေးတာမျိုး။ အဲဒီ ၅ သိန်းကိုလည်း အပြည့်မပေးပဲ အရစ်ကျ ပေးနေတော့ (၅) သိန်း တောင် တချို့ကမရပါဘူး၊ ရတဲ့သူကို ပြန်ကြည့်ရင်လည်း မြို့ နဲ့ နီးတဲ့ သူတွေကပဲ ရပါတယ် တောမှာနေတဲ့သူက တော့ မရကြဘူး။ အဲဒီထဲမှာ ဘာသာ စကားတောင် ရေရေရာရာ မတတ်တော့  ဘယ်လို ပြန်တောင်း ရမှာကိုတောင် မသိတာ၊ပြီးတော့ ကြောက်တတ်တာတွေ ကြောင့် မရတာကများပါတယ်။” ဟု ပိုက်လိုင်း တလျှောက် ကွင်းဆင်းပြီး လေ့လာ ခဲ့တဲ့ ကျောင်းသား လူငယ် အဖွဲ့မှ လွေးလှားရှိန်းက ဆိုပါသည်။

ဤအခြေအနေကို အစိုးရ တာဝန်ရှိသူများက အရေးမယူသည့် အပြင် ပိုက်လိုင်းကုမ္ပဏီနှင့် ပူးပေါင်းပြီး မတရားအမြတ် ထုတ်နေခဲ့ပါသည်။ မြို့ပေါ်ရှိ နားလည် သဘောပေါက်သော လူရည်လည်များကသာ လျှော်ကြေး တချို့ရခဲ့ပါသည်။ တချို့မြေအသိမ်းခံ တအာင်း လူမျိုးများမှာ အလုပ်လက်မဲ့ဖြစ်ပြီး တခြားနယ်မြေမှ ကင်းလွတ်ခွင့် ရနေသော ဘိန်းစိုက်ပျိုးရေး သို့မဟုတ် ပိုက်လိုင်း အလုပ်သမား သို့မဟုတ် တရုတ်နယ်စပ်သို့ ၀င်ရောက် အလုပ်လုပ်ခဲ့ရပါသည်။

တအာင်းတို့၏ အဓိက စီးပွားရေးသည် လက်ဖက်လုပ်ငန်းဖြစ်ပါသည်။ ဤအခြေအနေမှ လက်ရှိတွင် ဘိန်းစိုက်ပျိုး ရေး လုပ်ငန်းဖက်သို့ ပြောင်းလဲ လာနေခဲ့ပါသည်။ ထို့အပြင် ဘိန်းစားသုံးမှုသည်လည်း တိုးများလာပါသည်။ လက်ဖက် စီးပွားရေး အဆင်မပြေသော တအာင်း လူထုများ အလုပ်လက်မဲ့ ဖြစ်လာပေသည်။ ဤအထဲတွင် အလုပ်လက်မဲ့ကြောင့် အကျင့် စာရိတ္တ ပျက်ပြားပြီး ဘိန်းစား ဘဝရောက်ခဲ့ရသလို အမျိုးသမီး ငယ်များသည်လည်း ပိုက်လိုင်း အလုပ်သမားများ အတွက် ပြည့်တန်ဆာများ ဖြစ်လာခဲ့ပါသည်။

“ ပိုက်လိုင်းရှိခြင်း အားဖြင့် အလုပ်ရတဲ့သူရှိသလို မရတဲ့သူလည်းရှိပါတယ်။ သဲတွေ ကျောက်တွေ သယ်ဖို့ပေါ့ အထူး သဖြင့် ယောကျာ်းလေးတွေဘဲ သွားလုပ်တာများတယ်။ တချို့ကလေးတွေဆို အသက် (၁၄/၁၅) ဘဲ ရှိမယ်။ မနိုင်တ နိုင်လုပ်နေရတာပေါ့။ မိန်းကလေးတွေကျတော့ အဲဒီ အလုပ်မျိုးကို ပေးမလုပ်ပါဘူး။ ထမင်းချက်တဲ့ အလုပ်ကိုပဲလုပ်ခိုင်း ပါတယ်။ အဲဒီမှာ သွားလုပ်တဲ့ အမျိုးသမီးတွေကလည်း အသက် ၁၄ နှစ်အရွယ် ကနေ အထက်ပေါ့။  ရွာသားတွေက အလုပ်မှ မရှိတာ အဲဒီမှာမှ မလုပ်ဘူးဆိုရင် တရုတ်ပြည်ကိုသွားရတာလေ။”

အဲဒီပိုက်လိုင်းမှာ ကြီကြပ်နေသူတွေကတော့ အာဏာပိုင်တွေ ရှိသလို အလုပ်ရှင် ကန်ထရိုက် သူဌေးလည်း ရှိတယ် အဲ ဒီမှာ ထမင်းချက်တဲ့ အမျိုးသမီးတွေကို  သူတို့ နဲ့ အတူနေဖို့ အိပ်ခိုင်းတာတို့ လုပ်တယ် ပြီးတော့ ပိုက်ဆံပိုပေး မယ်  ဆိုပြီး ငွေနဲ့မြူဆွယ်ကြတယ် ပထမတော့ သုံးလေး ယောက် ပေါ့ နောက်တော့ အမျိုးသမီး တွေက ဒီနေရာမှာ ပိုက်ဆံရများတာ သိတော့ သွားကြတဲ့သူတွေများ လာကြတယ်။ ပြောရရင်တော့ ပြည့်တန် ဆာပုံစံလို များသထက် များ လာတယ်လေ။  ထမင်းချက် အဆင့် ဆိုရင် တနေ့ကို (၃၀၀၀)ကျပ်ဘဲရမယ်။ အမျိုးသားတွေကတော့ ကျပ် ၅၀၀၀ ပဲရ တယ်။ဒါပေမဲ့ အမျိုးသမီးတွေက သူတို့နဲ့ အိပ်ပေးတယ် ဆိုရင် ယောကျာ်းလေး ရသလို လုပ်အားက (၅၀၀၀) ကျပ် ရ ပါတယ်။ ပိုတဲ့အခါလည်း ပိုတာပေါ့လေ။ အများအားဖြင့် တွက်ခြေ ကိုက်ကြတယ်လို့ ပြောကြတယ်။” ဟု ကျောင်းသား အဖွဲ့ဝင်က ဆိုပါသည်။

တအာင်း အမျိုးသမီးငယ်များသည် အလုပ်ရှားပါး လှသဖြင့် ရရာအလုပ်ကိုပင် ၀င်လုပ်နေရခြင်း ဖြစ်ပါသည်။ သို့မဟုတ် ပါကတရုတ်ပြည်သို့ ၀င်ရောက် အလုပ်လုပ်ကြရမည်ဖြစ်သည်။ တရုတ်ပြည်သို့ သွားရောက်အလုပ်လုပ်ရာ တွင်လည်း အများအားဖြင့် ရောင်းစား ခံခဲ့ကြရပါသည်။ ဤသို့ကြောင့် တအာင်း အမျိုးသမီး ငယ်များသည် ရောင်းစား ခံကြရမည်ကို စိုးကြောက်ကြသဖြင့် စျေးပေါသော ပိုက်လိုင်းပြည့်တန်ဆာဘဝကို ရောက်လာ ခဲ့ရခြင်းဖြစ်သည်ဟု ဆိုပါသည်။

ကျောက်မဲမြို့နယ်မှသည် နမ့်ခမ်းမူဆယ်မြို့နယ်အထိ သွယ်တန်းထားသော ပိုက်လိုင်းတွင် အလုပ်လုပ်နေသော အလုပ် သမားများသည် အများအားဖြင့် တအာင်းအလုပ်သမားများ ဖြစ်ကြပါသည်။ ၄င်းအလုပ်သမားများသည် အလုပ်ကြမ်း သမားဖြစ်သည့်အလျှောက် အလုပ်ကြမ်းကို ခံနိုင်ရည်ရှိလာစေရန်၊ မူးရစ်ဆေးကို သုံးလာကြပါသည်။ မူးရစ်ဆေးများ သည်လည်း ပိုက်လိုင်း အရာရှိများမှ တဆင့် ရရှိနိုင်သလို ဒေသတွင်း လှည့်လည်ရောင်းချနေသော မူးရစ်ရာဇာများမှ လည်းရရှိခဲ့ကြ ပါသည်။ နမ္မတူမြို့မှ ပန်းဆေး ရာဘရောင်းသူများသည် ရာဘဆေးပြား တလုံးကို (၄၅၀)နှင့် (၅၀၀)ကျပ် ကြားတွင် ရောင်းနေကြပါသည်။ ဆေးဝယ်ယူရန် လွယ်ကူ လှသည့် အတွက်လည်း ပြည့်တန်ဆာ အမျိုးသမီးလေးများပါ သုံးစွဲလာကြကာ ပြည့်တန်ဆာ လုပ်ငန်းနှင့် မူးရစ်ဆေး သုံးစွဲမှုသည်လည်း အရှိန်မြင့်တက် လာခဲ့ခြင်း ဖြစ်ပါသည်။  

“ ၂၀၁၂ ခုနှစ်အထိတော့ ထင်ထင်ပေါ်ပေါ်တော့ မတွေ့ရသေးဘူးဗျ။ အခုတော့ ဘုန်းကြီးကျောင်းက အစ ကပ္ပိယ တွေအဆုံးသုံး စွဲလာတယ်။ ပိုက်လိုင်း စခန်းတွေမှာ ဆိုရင်လည်း လုံခြုံရေး စစ်သားတွေ၊ အလုပ်သမားတွေ၊ ပြည့်တန်ဆာ တွေပေါ့ဗျာ လွတ်လွတ်ကို သုံးစွဲနေကြတယ်။  ပြည့်တန်ဆာတွေကလည်း ရွာအဆင့် ကနေ မြို့အဆင့် ပိုက်လိုင်းစ ခန်းတိုင်းမှာကို ရှိတယ်။

အထူးသဖြင့် နမ္မတူမြို့နယ် မိုင်းမော၊ မိုင်းဝေး  အိုက်လော စတဲ့ ကျေးရွာတွေ ဖက်မှာ ဆိုရင် တအာင်းတွေသက် သက်ဘဲ။ သိပ်ဆိုးတဲ့ အဆင့်တောင် ဖြစ်နေပေမဲ့ အရေးလည်း မယူပါဘူး။ တကယ်တော့ လူတွေဟာ သူတို့ ရင်ဆိုင်နေရတဲ့ အဓိကပြသနာက အလုပ်လက်မဲ့ဖြစ်နေတော့ ပိုက်ဆံ များများပေးရင် အကုန်အရောင်းအဝယ် ဖြစ်သွားတာပေါ့။” ဟု တအာင်းကျောင်းသား လူငယ်တဦးက ဆိုပါသည်။

ပြည့်တန်ဆာ လုပ်ငန်းမှ အလုပ်သမားများ အခြေအနေ

တအာင်း အလုပ်သမများသည် အများအားဖြင့် ပညာသင်ကြား ပိုင်ခွင့်မရှိသော၊ ဘာသာခြား စကား (ဗမာ) ကိုပင် မတတ် ကြသော တောနယ်များမှဖြစ်ကြသည်ဟု ဆိုပါသည်။ ၄င်းတို့သည် အန္တရာယ်ရှိသောလုပ်ငန်းမျိုး၊ မူးရစ်ဆေးဝါးကြောင့် HIV ရောဂါကူး စက်မှု ဖြစ်ပွားမှုမျိုးပင် ခွဲခြား သိရှိထားပုံ မရခဲ့ပေ။ ၄င်းတို့၏ အတွေးထဲတွင် မိသားစု စားဝတ်နေရေး ဖူလှုံရေးကိစ္စပင် ဖြစ်တော့သည်။

အရေအတွက်မည်မျှ ရှိသည်ကို မသိရသေးသော်လည်း ပိုက်လိုင်းစခန်းတိုင်းတွင် အနည်းဆုံး (၅၀)မှ (၇၀)အတွင်းရှိ နိုင်သည်ဟု ခန့်မှန်းထားပါသည်။ ပိုက်လိုင်းသည် အထူးသဖြင့် ကျေးးရွာများကို အခြေခံဖေါက်လုပ်ထားသဖြင့် ပိုက် လိုင်းဖြတ်ရာ လမ်းကြောင်းမှ ကျေးရွာတိုင်း လိုလိုတွင် ပြည့်တန်ဆာ လုပ်ငန်းဖြစ်လာခဲ့သည်ဟု လေ့လာ ဆန်းစစ်နေသူ များ ကဆိုပါသည်။

ပိုက်လိုင်း လုံခြုံရေး တာဝန် ထမ်းဆောင်နေသော အစိုးရ စစ်ကြောင်းများသည်လည်း စစ်ဆင်ရေး ဆင်နွှဲရာတွင် တော နယ်များမှ အမျိုးသမီးများကို မကြာခဏ မုဒိန်းကျင့်ကြပါသည်။ လူထုကို ဒုက္ခပေးခြင်းဖြင့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအပေါ် စိတ်ဓါတ် စစ်ဆင်ရေး ခဲ့ကြပါသည်။

ပိုက်လိုင်း အလုပ်စခန်း တွင်လည်း တအာင်း အလုပ်သမားများကို မကြာခဏ စစ်ဆေးကြပါသည်။ စစ်ဆေးရာတွင်လည်း မတော် တရော လုပ်တတ်ကြပြီး ထိပါးစော်ကား တတ်ကြပါသည်။

“ဂတ်ပိုင်းလိုင်းရှိ တဲ့နေရာမှာစစ်တပ် တိုးချဲ့ လာတဲ့ အတွက် ရွာသားတွေအတွက် လုံခြံုရေးအရ စိုးရိမ်ရတယ် စစ်သား များလာတော့ တချို့ဆို အလုပ်သွားတဲ့အခါ စစ်သားတွေ စစ်ဆေးတာ အမြဲခံရတယ် အမျိုးသမီးတွေ ဆိုရင်လည်း စစ် ဆေးတဲ့ အခါ လက်ကိုင်တာတို့ ပခုံးကိုင်ပြီး ထိကပါးရိကပါး လုပ်လာကြတယ်။ တချို့ရွာသားတွေက တိုင်ပါတယ်။ မထူးပါဘူး။  နောက်တစ်ခုက သူတို့ ဂတ်ပိုက်လိုင်းဖြတ်သွားတဲ့ နေရာတွေဆိုရင် သူများလယ်ပဲ ဖြစ်ဖြစ် ခြံပဲဖြစ်ဖြစ် သူတို့ က ဂရုမစိုက်ဘူး ခွင့်မတောင်းပဲ မြောင်းဖောက်သင့်ရင် သူတို့ဖောက်တယ် တွင်းတူးသင့်ရင် သူတို့တူးတယ် ခြံတွေကို ခုတ်ပစ်ရရင်လည်း သူတို့ ခုတ်ပစ်ကြတယ်။ ရွာသားတွေက ဘာမှ ပြောပိုင်ခွင့် မရှိဘူူး။” ဒေသခံ တစ်ဦးက ဆိုပါသည်။

အစိုးရ၏ တပြည်ထောင်စနစ် ထူထောင်ရေး ပေါ်လစီတွင် ပြည်နယ်ပြည်မ ခွဲခြားတတ်ပြီး၊ ပြည်နယ်များကို ဖုတ် လေ သော ငါးပိရှိနေမှန်းတောင် မထင်ခဲ့ပေ။ သို့သော်လည်း အစိုးရ၏ မှားယွင်းသော စီးပွားရေးနှင့် နိုင်ငံရေးပေါ်လာစီ များကြောင့် တပြည်လုံး ချွတ်ခြုံကျပြီး ဆင်းရဲမွဲတေနေပါသည်။ ဤဒဏ်ရာကို အစဉ်အားပေး လာမှု မရှိခဲ့သည့် အထူး သဖြင့် ပြည်နယ်များက ပိုမို ခံစားလာရပါသည်။

အလုပ် လက်မဲ့ဘဝ၊ ရွှေ့ပြောင်း အလုပ်သမားဘဝ၊ လူကုန်ကူးမှု ဘဝ၊ ဥပဒေ စိုးမိုးမှု မရှိသည့် ဒဏ်အပြင်၊ ဖိနှိပ်မှု လမ်းစဉ် ကြောင့် နစ်နာ ဆုံးရှုံးမှုများ စွာ ခံစားနေရပါသည်။ ဤအထဲတွင် တအာင်းဒေသ၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုဒုက္ခများလည်း တခုအပါအ ၀င်ဖြစ်ကြောင်း ရေးသား တင်ပြ လိုက်ရပါသည်။