သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဆက်လက်မဖြစ်ပွါးရန် ရွှေကျင်လုပ်ငန်းခေတ္တရပ်ဆိုင်း

သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဆက်လက်မဖြစ်ပွါးရန် ရွှေကျင်လုပ်ငန်းခေတ္တရပ်ဆိုင်း
by -
မွန်အေဂျင်စီ

သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ မြေဆီလွှာဆုံးရှုံးမှုနှင့် မြေမျက်နှာပြင်ပျက်စီးမှုရှိခြင်းတို့ကြောင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ပတ်ဝန်းကျင်အချို့တွင် ရွှေကျင်လုပ်ငန်းမလုပ်ကိုင်ကြတော့ပဲ ခေတ္တရပ်ဆိုင်းထားရကြောင်း ရွှေကျင်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

“ရွှေကျင်တဲ့အလုပ်က အလုပ်ရှားတဲ့အချိန်တုန်းက ဝမ်းရေးအတွက်လုပ်ခဲ့တယ်၊ အခုတော့လုပ်ကွက် လည်းရှားလာ တယ်၊ ဒေသအာဏာပိုင်တွေလည်းလိုက်ဖမ်းတယ်၊ ဒီအလုပ်ကိုရပ်လိုက်ပါပြီ” ဟု ယင်း လုပ်ငန်းမှရပ်နားသူ နိုင်ဝင်းထိန်က ပြောသည်။

ရွှေကျင်လုပ်ငန်းကြောင့် မြေကြီးလုံးဝပျက်ပြီး မည်သည့်အပင်မျှ စိုက်ပျိုးရန် မကောင်းတော့သဖြင့်သဘာဝပတ်ဝန်း ကျင် လည်းဖောက်ပြန်မှု ဖြစ်လာသည်ကိုတွေ့ရသည်ဟု ဆိုပါသည်။

ရွှေကျင်လုပ်ငန်းမလုပ်ကြခင် ဒေသခံများမှာ ဆေးလိပ်လိပ်သည့်အလုပ်ကိုလုပ်ကိုင်ကြကြောင်း နိုင်ဝင်းထိန်က ဆက်ပြောပြသည်။

“ရွှေကျင်အလုပ်က ဖိဖိစီးစီးလုပ်ရင် မိသားစုစားဖို့အတွက် ပြေလည်ပါတယ်၊ ဒါပေမယ့် ဒေသအာ ဏာပိုင်တွေရဲ့ ခွင့်ပြုချက် မရှိရင်ဖမ်းတယ်၊ သဘာဝပတ်ဝန်းကျင်ပျက်ကုန်မှာစိုး လို့” ဟု ပဲခူးမြို့ ရွှေ ကျင်လုပ်နေသူတဦးက ပြောသည်။

ရှေးမြို့ဟောင်းဖြစ်သော ပဲခူးမြို့၏  သမိုင်းဝင်မြေဧရိယာအတွင်းတွင်ပင်  ရွှေကျင် ခဲ့ကြသဖြင့် ဘုရားပုထိုးများ အတွင်းက ဌာပနာ ပစ္စည်းများပါ  ဆုံးရှုံးခဲ့ဘူးသည်ဟု ပဲခူးမြို့ အုပ်ချုပ်ရေးအဖွဲ့ ဝင်တဦးက ပြောသည်။

“ရှစ်လေးလုံးအရေးအခင်းတုန်းက မင်းမဲ့ဖြစ်ပြီး ပဲခူးသနပ္ပင်ကားလမ်းမြေ သမိုင်းဝင်ပဲခူးနန်းတော်မြို့ ရိုးဟောင်းမြေတွေ၊ သော်ကမြိုင်ဥယျာဉ်မြေနေရာ၊ ရွှေအောင်ရိုး၊ ကျိုက်ကလွန်ဗွန်းဘုရားအနီးအနား ကမြေတွေမှာရွှေကြောမိလို့ဆိုပြီး လူထောင်ချီ ရွှေဝင်တူးထားတာပျက်စီးကုန်တာ ယခုမျက်မြင် ပဲ” ဟု ၎င်းအဖွဲ့ဝင်က ဆက်ပြော သည်။

၁၉၈၈ ခုနှစ် အရေးတော်ပုံနောက်ပိုင်း  ပဲခူးမြို့ပေါ်တွင် ရွှေကျင်အလုပ်ကို ထင်ထင်ပေါ်ပေါ် မလုပ်ရဲ ကြတော့ဘဲ  ကိုယ်ပိုင်ခြံမြေချောင်ကျသည့်နေရာများ၊ ရွှေကြောမိသည့်နေရာများတွင်သာ ဆက်လက် လုပ်ကိုင်နေကြသည် ။

ယနေ့ခေတ်လူငယ်အများစုမှာ  အိမ်နီးနားချင်းနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကြသည်ဖြစ်ရာ ရွှေကျင်အလုပ် ရပ်ဆိုင်းသွားရသည့်အကြောင်းရင်းတရပ်ဖြစ်ကြောင်း ပဲခူးမြို့ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင် နိုင်သန်း ရှင်း က ပြောသည်။

နိုင်သန်းရှင်းက “ တကယ်တော့ သမိုင်းဝင်နေရာ ပဲခူးမြို့နဲ့ အနီးတဝိုက်မှာ ရွှေကျင်တာ စက်ရုံကြီးတွေ ဆောက် တာမလုပ်သင့်ဘူး သမိုင်းဝင်တွေ ပျက်စီးပျောက်ဆုံးတယ်”ဟု ပြောသည်။

ပဲခူးမြို့သည် ယခင်က မွန်မြို့တော်ဖြစ်ပြီး ဆန်ရေစပါး၊ သစ်တောသစ်ပင်ပေါများသည့်အပြင် ရှေးဟောင်း သာသနိက အဆောက်အဦးများ၊ ရှေးဟောင်းအမွေအနှစ်များ၊ မြေပေါ်မြေအောက်သယံဇာတများ လည်းပေါများ လှသည်။ အထူးသဖြင့်ရွှေမော်ဓေါဘုရား၊ စေတီပုထိုးများတည်ရှိရာအရပ်မြေများနှင့်မြို့ ပေါ်ရပ်ကွက်မြေများတွင် ရွှေထွက်သည့်မြေအဖြစ်ထင်ရှားသည်ဟု သမိုင်းသုတေသီများ မှတ်ချက်ပြု သည့်မြို့ဖြစ်သည်။

Most read this week