အိမ်မပြန်နိုင်သေးသူ ၆၀၀ အတွက် လွှတ််တော်ကိုယ်စားလှယ်များနှင့် ဂရုဏာမြန်မာမှ ဆန်များ သွားရောက်လှူဒါန်း

အိမ်မပြန်နိုင်သေးသူ ၆၀၀ အတွက် လွှတ််တော်ကိုယ်စားလှယ်များနှင့် ဂရုဏာမြန်မာမှ ဆန်များ သွားရောက်လှူဒါန်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် အိမ်မပြန်နိုင်သေးသူ မုန်တိုင်းရှောင် လူပေါင်း ၆၀၀ အတွက် ရခိုင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဂရုဏာမြန်မာမှ ဆန်များ သွားရောက် လှူဒါန်းခဲ့သည်ဟု သတင်း ရရှိသည်။

၎င်းလှူဒါန်းမှုအား မေလ ၁၇ ရက်နေ့ နံနက်က မြေပုံမြို့နယ်ရှိ ကျေးရွာ (၄) ရွာတွင် ပြုလုပ်ခဲ့သည်ဟု သွားရောက် လှူဒါန်းရာတွင် ပါ၀င်သူ ပေါက်တောမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောသည်။

Arakanese-villager-coming-to-Sittwe-Cyclone-Hamasen

“ ၀က်ခေါင်းရွာမှာတော့ လူပေါင်း ၂၅၀ လောက်ကျန်ပါသေးတယ်။ နောက်ထပ် ခေါင်းဖြူရွာမှာ၂၀၀၊ ဒဂုံကျေးရွာမှာ လူ ၁၅၀ နဲ့ ကံသာမှာ နည်းနည်း ကျန်ပါသေးတယ်။ မနေ့က ဆန်အိတ် ၅၀ သွားရောက် လှူဒါန်းခဲ့ပါတယ်၊”

ဆန်အိတ်များကို မြေပုံမြို့နယ်တွင် တည်ရှိသော ဂရုဏာမြန်မာ အန်ဂျီအိုမှ ကူညီ ထောက်ပံ့ ပေးသည်ဟု သူက ဆိုသည်။

“ ဆန်အိတ်တွေကို ဒီမြို့နယ် အတွင်းမှာရှိတဲ့ ဂရုဏာမြန်မာက ထောက်ပံ့ ကူညီတာ ဖြစ်ပါတယ်။ အဲဒီ ဂရုဏာမြန်မာမှာတော့ ချင်းအမျိုးသားတွေများပါတယ်။ သူတို့နဲ့ဘဲ ကျနော်တို့ အတူတူ သွားပြီး ကူညီ လှူဒါန်းကြတာပါ။”

ကူညီ လှူဒါန်းကြရာတွင် သူနှင့် အတူ ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ် ဦးမောင်လှကျော်၊ မြေပုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းနှင့် ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွှင်တို့ ပါ၀င်ကြသည်ဟု ဦးတက်ထွန်းအောင်က ဆိုသည်။

နောက်ဆုံး ရရှိသော သတင်းအရ ကျောက်ဖြူ၊ မင်းပြား၊ ပေါက်တောနှင့် မောင်တောမြို့များတွင် ခိုလှုံရန် ရောက်နေကြသော မုန်တိုင်းရှောင် ဒုက္ခသည်များမှာ ယမန်နေ့က စပြီး မိမိရပ်ရွာများသို့ အသီးသီး ပြန်သွားကြပြီဟု သိရသည်။

Most read this week