ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် လယ်ယာမြေပိုင်ဆိုင်ခွင့်သည် အခြေခံအကျဆုံးသော လူ့အခွင့်ရေးဖြစ်သည့် စားရေး၊ နေရေး၊ ဝတ်ရေး အပြင် အလုပ်လုပ်ပိုင်ခွင့် ဆိုသည်နှင့်လည်း တိုက်ရိုက် ဆက်စပ်လျက်ရှိသည်။ ကျနော်တို့ မြန်မာနိုင်ငံ၏ လူထုဘဝကိုကြည့် လျှင် တောင်သူလယ်သမားများအတွက်မူ လယ်ယာမြေ ပိုင်ဆိုင်မှုသည် အသက်သမျှ အရေးပါလှသည်။
လယ်ယာမြေ ပိုင်ဆိုင်ခွင့်သည် လူ့အဖွဲ့စည်းတခု၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ နှင့် နေထိုင်မှုပုံစံတို့နှင့် ဖွဲ့နှောင်လျက်ရှိသည်။ ထို့အတွက်ကြောင့် တောင်သူ လယ်သမားများ၏ လယ်ယာမြေများကို မသမာနည်းဖြင့် အဓမ္မ သိမ်းယူနေခြင်းသည် ဒေသခံပြည်သူတို့၏ ဘဝ၊ ရိုးရာဓလေ့နှင့် ယဉ်ကျေးမှုတို့ကိုလည်း ဖျက်လိုဖျက်ဆီး ပြုရာရောက်နေပေသည်။
ယခု ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တောင်သူများ၏ ယာမြေများကို သိမ်းယူပြီး စစ်ရေးလေ့ကျင့်ကျောင်း ကို ဆောက်လုပ်နေခြင်းသည် တောင်သူတို့၏ လူမှုဘဝကို ထိုးနစ်နေခြင်းဖြစ် သည့်အပြင် သူတို့၏ အသက်ကိုပင် ရန်မှုနေခြင်းဖြစ်သည်။ အကြောင်းရှိ၍ သိမ်းယူရသည် ရှိစေဦးတော့။ ထိုအကြောင်းသည်လည်း ပြည်သူတရပ်လုံးနှင့် နိုင်ငံတော်တခုလုံး အကျိုးအတွက် ဖြစ်မှသာ မှန်ကန် သင့်လျော်ပေသည်။
လက်ရှိ စီမံကိန်းသည် ဒေသခံပြည်သူတို့၏ အကျိုးအတွက်သော်လည်းကောင်း၊ ပြည်နယ်နှင့် နိုင်ငံတော် အကျိုးအတွက် သော်လည်းကောင်း မည်သည့် အကျိုးမျှ မဖြစ်ထွန်းစေနိုင်သောကြောင့် မှန်ကန်သင့်လျော် သည်ဟု မဆိုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် စစ်စခန်းများသည် ကယားပြည်နယ်အတွင်း များပြားလွန်းစွာ ရှိနေပြီးဖြစ်သည့်အပြင် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများသည်လည်း နိုင်ငံတော် အစိုးရစစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေးယူထားကာ ထာဝရ ငြိမ်းချမ်းရေးအတွက် ခရီးဆက်နေကြပြီ ဖြစ်သောကြောင့်ဖြစ်သည်။
ထို့အပြင် ယင်းစီမံကိန်းသည် ဒေသခံပြည်သူများ၏ စားဝတ်နေရေးနှင့် လုံခြံုမှုဆိုသည့် အခြေခံ လူ့အခွင့်ရေးများကို ခြိမ်းခြောက်နေသောကြောင့် ကြီးမားသော မတရားမှုလည်း ဖြစ်နေသည်။ ယင်းသည် စီးပွားရေးစီမံကိန်းဖြစ်ခဲ့မည် ဆိုလျှင်တောင်မှ မည်သည့်အလုပ်အကိုင်မျှ အစားထိုး မဖန်တီးပေးနိုင်သေးဘဲ တောင်သူများ၏ လယ်ယာမြေများကို သိမ်းယူခြင်းသည် တကိုယ်ကောင်း အကျိုးအတွက် တောင်သူတို့၏ ဘဝကိုအကြောင်းမဲ့ ဖျက်ဆီးနေခြင်းပင် ဖြစ်နေပေဦးမည်။
နိုင်ငံတကာ လူ့အခွင့်အရေး ကြေငြာစာတမ်း အခန်း (၁၇)၊ အပိုဒ် (၁)နှင့် (၂)တွင်လည်း မိမိပိုင်သည့် ပစ္စည်းဥစ္စာကို ပိုင်ဆိုင်ခွင့်ရှိကြောင်း၊ မည်သူတဦးမျှ အဓမ္မ သိမ်းယူခွင့်မရှိကြောင်း ပါရှိပါသည်။ နိုင်ငံတကာ ကျင့်သုံးသည့် ဥပဒေအရလည်း နိုင်ငံသားတဦးပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာကို အများလူထုကောင်းကျိုးအတွက် သာ ဥပဒေပြဋ္ဌာန်းသည့်အတိုင်း သိမ်းယူနိုင်ပါသည်။
ဥပဒေ ပြဋ္ဌာန်းထားသည့်အတိုင်းဆိုသည်မှာ သတ်မှတ်ထားသည့် တရားမျှတမှု စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိမှသာ၊ ထို့အပြင် မျှတသည့် ပေးလျှော်မှု ပြုလုပ်ပြီးမှသာ နိုင်ငံတော်မှ သိမ်းယူပိုင်ခွင့် ရှိသည်ကို ဆိုလိုပါသည်။ နိုင်ငံတော်မှ သိမ်းယူပိုင်သည်ဟု ဆိုငြားသော်လည်း တိုင်းပြည်နှင့် လူထုကောင်းကျိုးတွက် သိမ်းယူသည်မဟုတ်လျှင် ထိုထို့သိမ်းယူမှုသည် အာဏာရှင်ဆန်သည့် အဓမ္မလုပ်ရပ်သာ ဖြစ်သည်။
(မြန်မာနိုင်ငံ၏ လယ်ယာမြေ ပိုင်ဆိုင်ခွင့် ဥပဒေကို ဒီမိုကရေစီစနစ်နှင့်အညီ မျှတခေတ်မီရန် လွှတ်တော်မှ ပြင်ဆင်ရေးဆွဲဖို့ ကြိုးစားနေဆဲဖြစ်သည်)။ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်(ILO) မှ ဒေသခံတိုင်းရင်းသား မျိုးနွယ်စု ပြည်သူလူထု အတွက် ၁၉၈၉ ခုနှစ်၌ ထုတ်ပြန်ခဲ့သော ကြေငြာ စာတမ်း နံပါတ် (၁၆၉) တွင် ဒေသခံ တိုင်းရင်းသားမျိုးနွယ်စု ပြည်သူဘဝနှင့် ယင်းတို့၏ နယ်မြေများအကြား ထူးခြားသော ဆက်နွယ်မှု ရှိသည်ကို သိမှတ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် သူတို့၏ နယ်မြေများကို အထူးစီမံချက်ဖြင့် ကာကွယ်ပေး ရမည်ဖြစ်ကြောင်း၊ ထို့အပြင် ယင်းတို့၏ ဘိုးဘွားပိုင်နယ်မြေများမှ အဓမ္မဖယ်ရှားခြင်း မရှိရန် နိုင်ငံတော်မှ ကြပ်မတ်ပေးရမည် ဖြစ်ကြောင်း၊ ယင်းတို့အကြား နယ်မြေ ပိုင်ဆိုင်ခွင့် ဖြန့်ဝေမှုကို အကူညီပေးရာ၌ ယင်းတို့၏ ဓလေ့အတိုင်းပြဋ္ဌာန်းလာခဲ့သည့် ထုံးတမ်းစည်းကမ်းများကိုလည်း အလေးထားရမည် ဖြစ်ကြောင်း ပါရှိပါသည်။
နိုင်ငံတော်တခုအတွင်းရှိ မြေအားလုံးကို နိုင်ငံတော် အစိုးကပိုင်သည်ဟု ဆိုကြသည်။ နိုင်ငံတော် အစိုးရဆိုသည်မှာလည်း ပြည်သူ ကိုယ်စားပြု ပြည်သူများသာဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော် အစိုးရပိုင် ဆိုသည်မှာ ပြည်သူအားလုံးပိုင် သို့မဟုတ် ပြည်သူ့ ဘုံပိုင်ပင်ဖြစ်သည်။ ထိုဘုံပိုင်ထဲမှ ပြည်သူတဦးစီသည် သင့်တင့် မျှတသော ခွဲဝေခံစားမှု သို့မဟုတ် ပိုင်ဆိုင်ခွင့်လည်း ရှိရပေသည်။
ထိုပိုင်ဆိုင်ခွင့်ကို ဝယ်ယူခြင်းဖြင့်သော်လည်းကောင်း၊ အမွေဆက်ခံခြင်းဖြင့် သော်လည်းကောင်း၊ သဘောတူ စာချုပ် လုပ်၍ ပေးကမ်း လှူဒါန်းခြင်းဖြင့်လည်းကောင်း ပိုင်ဆိုင်ကြသည်။ ဒေသခံ တိုင်းရင်းသားမျိုးနွယ်စု ပြည်သူအများစုမှာ ယင်းတို့၏ လယ်ယာမြေ များကို ဘိုးဘွားများထံမှ အမွေဆက်ခံ၍ပိုင်ဆိုင်ခွင့်ရရှိထား သူများဖြစ်ကြသည်။
လက်ရှိအစိုးရ၏ ဥပဒေလုပ်ထုံးအရ ပိုင်ဆိုင်မှု မပြနိုင်သော်ငြား ယင်းတို့ပိုင်ဆိုင်သည်ဟု ယူဆသော မြေများကို ပိုင်ဆိုင်ခွင့်ရှိရခြင်းမှာ အစိုးရဆိုသည့်အဖွဲ့ မရှိမှီကပင် ဤမြေများကို ဓလေ့ ထုံးတမ်းဥပဒေအားဖြင့် ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်ထားပြီးသောကြောင့်ဖြစ်သည်။
မည်သူမည်ဝါသည် မည်မျှသော မြေအတိုင်းအတာကို ပိုင်ဆိုင်ကြောင်းကိုလည်း ဘိုးစဉ်ဘောင်ဆက် အမွေဆက်ခံသူများ အချင်းချင်းသော်လည်းကောင်း၊ ကျေးရွာများ၏အကြီးအကဲများမှ သော်လည်းကောင်း သက်သေအဖြစ် ရပ်တည်ပေးနိုင်ကြသည်။
များသောအားဖြင့် မိသားစုတစု ပိုင်ဆိုင်ရာမြေသည် မိသားစု၏ တနှစ်စာ ဝမ်းစာအတွက် ဖူဖူလုံလုံ စိုက်ပျိုးနိုင်မည့် အတိုင်းအတာမျှသာ ရှိသည်။ တစ်နည်းအားဖြင့် မိသားစုတစု၏ ပိုင်ဆိုင်မှုသည် ဘုံပိုင်မြေထဲမှ မျှတသော ဝေစုတခုသာဖြစ်သည်။ ထိုမျှတသည့် ဝေစုသည် လည်း ဒေသခံ ပြည်သူတို့၏ ရပိုင်ခွင့်ပင်ဖြစ်သည်။ ထို့ကြောင့် အစိုးရဆိုသည့် အဖွဲ့မပေါ်ပေါက်မီ ရှေးပဝေသဏီကတည်းကပင် တရားမျှတစွာ ပိုင်ဆိုင်ခဲ့ကြသော ဘိုးဘွားပိုင် လယ်ယာမြေအမွေအနှစ်များသည် လက်ရှိ အမွေဆက်ခံသူ တောင်သူလယ်သမားများ၏ လုံးဝရထိုက်သော ပိုင်ဆိုင်ခွင့်ပင်ဖြစ်သည်။
ကျနော်တို့ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ဖြင့် ခေတ်သစ်တစ်ခုထဲကို လှမ်းဝင်နေပြီဖြစ်သည်။ ဒီမိုကရေစီစနစ်သည် လူထုအုပ်ချုပ်သည့် စနစ်ဖြစ်သည်။ နိုင်ငံတော် အစိုးရသည် လူထုကိုယ်စားရပ်တည်နေသည့် အဖွဲ့အစည်းဖြစ်သည်။ ထို့ကြောင့် လူထုအသံသည် အစိုးရအသံဖြစ်သည်။ အစိုးရအသံသည်လည်း လူထုအသံပင်ဖြစ်သည်။
ထို့အတူ ပြည်သူလူထု၏ ကောင်းကျိုးလိုလားချက်သည် အစိုးရ၏ ကောင်းကျိုးလိုလားချက်ဖြစ်ပြီး အစိုးရ၏ ကောင်းကျိုးလိုလား ချက်သည်လည်း ပြည်သူတို့၏ ကောင်းကျိုး လိုလားချက်ပင်ဖြစ်သည်။ အစိုးရသည် ပြည်သူအားလုံးကိုယ်စား ရပ်တည်သည့် အဖွဲ့အစည်း ဖြစ်သောကြောင့် ပြည်သူနှင့်ဆိုင်ရာ အမှုကိစ္စများကို ကမကထပြု ဆောင်ရွက်ပေးရသူလည်း ဖြစ်သည်။ ပြည်သူတစ်ရပ်လုံး၏ ဘဝလုံခြံုရေးအတွက် တာဝန်ယူရသည်။ ပြည်သူ့ဘုံပိုင် မြေပေါ်မြေအောက်နှင့် ယင်းတို့နှင့်ဆက်စပ်သည့် လုပ်ငန်းများမှ ရရှိသည့် အကျိုးအမြတ်များကို ပြည်သူလူထုအကြား မျှတစွာ ခွဲဝေ ဖြန့်ဖြူးပေးရန် တာဝန်ရှိသည်။
တနည်းအားဖြင့် အစိုးရသည် ပြည်သူတို့၏ ဘဝကို စောင့်ရှောက် ကာကွယ် မြှင့်တင်ပေးရန် ဦးဆောင်ဦး ရွက် ပြုပေးနေရသူဖြစ်သည်။ အစိုးရသည်လည်း ပြည်သူလူထုထဲမှ ပြည်သူ ပင်ဖြစ်သောကြောင့် ပြည်သူတို့၏ ဘဝကို စောင့်ရှောက် ကာကွယ် မြှင့်တင်ပေးခြင်းသည် ယင်းတို့၏ ဘဝကိုလည်း တပါတည်း စောင့်ရှောက် ကာကွယ် မြှင်တင်ပေးနေခြင်းဖြစ်သည်။
အကယ်၍ အစိုးရအနေနှင့် ပြည်သူတို့၏ ဘဝကို မြှင့်တင်ပေးရန် မဆိုထားနှင့်၊ အကာအကွယ်ပင် မပေးနိုင်လျှင် သို့မဟုတ် ပြည်သူတို့၏ အခြေခံရပိုင်ခွင့်ကိုပင်လျှင် အာမ မခံပေးနိုင်လျှင် စိုးရသည် ပြည်သူလူထုနှင့် တသားတည်းရှိသည်ဟု မဆိုနိုင်သည့်အပြင် လူထုအစိုးရ၊ ဒီမိုကရေစီအစိုးရဟုလည်း ဆိုနိုင်မည် မဟုတ်ပေ။
ထိုထက်ဆိုးဝါးသည်က အစိုးရအနေနှင့် ပြည်သူလူထုတရပ်လုံး၏ ပိုင်ဆိုင်မှုအမွေများကို တကိုယ်ကောင်း အကျိုးအတွက် လိုသလို ခြယ်လှယ်နေပြီး ပြည်သူတဦးချင်းစီ၏ ပိုင်ဆိုင်မှုများကို အကြောင်းမဲ့ ထိပါး ခြယ်လှယ်နေမည် ဆိုလျှင် ယင်းလုပ်ရပ်သည် ပြည်သူ့အစိုးရမဟုတ်ဘဲ လူတစုမှ ပြည်သူတရပ် လုံးအပေါ် နိုင်လိုမင်းထက် အဓမ္မ ပြုနေခြင်းသာ ဖြစ်နေပေမည်။
ထို့ကြောင့် ပြည်သူတို့၏ ဘဝအစိတ်အပိုင်းတခုဖြစ်သော လယ်ယာမြေများကို အကျိုးမဲ့ မသမာသောနည်းဖြင့် သိမ်းယူနေခြင်းသည် ဒီမိုကရေစီအစိုးရ ဆိုသည့် ဂုဏ်သိက္ခာနှင့် သင့်မသင့် ဆိုသည်ကို ချင့်ချိန် စဉ်းစားရန် လိုအပ်သည်။
ပြည်သူလူထု၏ ဘဝကောင်းကျိုးအတွက်ပါ ဟုဆိုသည့် အစိုးရထံ ပြည်သူများက မိမိတို့၏ ဘဝနှင့် လူထုတရပ်လုံး၏ အခွင့်အာဏာကို ပုံအပ်ပေးခဲ့ကြပြီး ဖြစ်သည်။ အစိုးရအနေနှင့် ပြည်သူလူထုတရပ်လုံး၏ ဖွံ့ဖြိုးတိုးတက်မှုကို မဆိုထားနှင့်၊ ပြည်သူတဦးချင်းစီ၏ အခြေခံ စားဝတ်နေရေးနှင့် ဘဝလုံခြံုမှု ကိုပင်လျှင် အာမ မခံပေးနိုင်ဘူးဆိုလျှင် သို့မဟုတ် ထိုအခြေခံ စားဝတ်နေရေး ကို ဖြည့်ဆည်းပေး မည့် ပြည်သူတဦးချင်းစီ၏ ပိုင်ဆိုင်မှုမြေကိုပင်လျှင် အကာအကွယ်မပေးနိုင်ဘူးဆိုလျှင် အစိုးရအပေါ် ယုံကြည်ချက်ထားခဲ့သော ပြည်သူများ မလွဲမသွေ နာကျည်းနေကြပေလိမ့်မည်။ ထိုနာကျည်းမှုမှတဆင့် မလိုလားအပ်သော မကျေနပ်မှုများ၊ ဆန့်ကျင်မှုများ၊ တော်လှန်တိုက်ခိုက်မှုများ ဆင့်ကဲဖြစ်ပွားလာဦးမည်ဆိုလျှင် ငြိမ်းချမ်းရေးသည် အလွန်နီးလျက်နှင့် ကမ္ဘာခြားဝေးနေရဦးမည် ဖြစ်သည်။