KNU နှင့် အစိုးရ အပစ်ရပ် ကျင့်ဝတ်ဆိုင်ရာ ဆွေးနွေးမှု ရန်ကုန်မှာ တွေ့ဆုံမည်

KNU နှင့် အစိုးရ အပစ်ရပ် ကျင့်ဝတ်ဆိုင်ရာ ဆွေးနွေးမှု ရန်ကုန်မှာ တွေ့ဆုံမည်
by -
မဇ္စျိမ

ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ အပစ်အခတ်ရပ်စဲစဉ် ကာလအတွင်း လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်း (Code of Conduct) များအတွက် အကြိုဆွေးနွေးပွဲကို မေလနှောင်းပိုင်းတွင် ရန်ကုန်မြို့၌ တွေ့ဆုံမည်ဟု KNU ပြန်ကြားရေးနှင့် စည်းရုံးရေး တာဝန်ခံ ဖဒိုစောလှထွန်း က မီဒီယာများကို ပြောဆိုလိုက်သည်။

ထိုဆွေးနွေးပွဲတွင် နှစ်ဘက်တပ်များ လိုက်နာရမည့်စည်းကမ်း၊ တပ်နေရာချထားရေး၊ နှစ်ဘက်တပ် သွားလာရမည့် လမ်းကြောင်းများကို အဓိက ဆွေးနွေးမည်ဟု ဖဒိုစောလှထွန်းက အင်္ဂါနေ့က ပြောသည်။

ထို့အပြင် ခိုင်မာသော အပစ်အခတ် ရပ်စဲရေး ရရှိရန်၊ ဒေသခံများ၏ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုနှင့် ဘဝရပ်တည်ရေး ကိစ္စရပ်များအတွက်လည်း ဆွေးနွေးမည်ဟု ဖဒိုစောလှထွန်း က ထပ်လောင်းပြောကြား သည်။

တိုင်းရင်းသားအားလုံး အပစ်အခတ် ရပ်စဲမှသာ ခိုင်မာသည့် နိုင်ငံရေးအရဆွေးနွေးမှု ဖြစ်နိုင်မည်ဟု ၎င်းက ပြောသည်။

“KNU ရဲ့ နိုင်ငံရေးအရ ခိုင်မာမှု၊ မခိုင်မာမှုဟာ တဖက်မှာ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ အပစ်အခတ် ရပ်စဲရေး၊ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ တိုင်းရင်းသားတွေရဲ့ သွားရမယ့် နိုင်ငံရေး Process (လုပ်ငန်းစဉ်) ပေါ်မှာလည်း မူတည်တယ်ဗျ” ဟု ဖဒိုစောလှထွန်း က ပြောသည်။

KNU က အဖွဲ့ဝင်အဖြစ် ပါဝင်သော UNFC နှင့် အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီတို့ နိုင်ငံရေး အရ ဆွေးနွေးနိုင်ရေးကိစ္စ ဆက်လက်ဆွေးနွေးရန် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က သဘောတူခဲ့ကြသည်။

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် KNU တို့ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေးဆွေးနွေးခဲ့ပြီး ထိုနှစ် ဧပြီလ ၆ ရက်တွင် ရန်ကုန်မြို့၌ ပြည်ထောင်စုအဆင့်  လက်မှတ်ရေးထိုးခဲ့သည်။ စက်တင်ဘာလ ၃ ရက်နေ့တွင် ဘားအံမြို့၌ တတိယအကြိမ် တွေ့ဆုံကာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် ငါးချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

Most read this week