မဟာဆန်နှင့် နောက်ဆက်တွဲ အန္တရာယ် ရခိုင်လူထု စိုးရိမ်နေဆဲ

မဟာဆန်နှင့် နောက်ဆက်တွဲ အန္တရာယ် ရခိုင်လူထု စိုးရိမ်နေဆဲ
by -
မဇ္စျိမ

မဟာဆန် ဆိုင်ကလုန်း မုန်တိုင်းသည် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများသို့ ဦးတည်နေရာမှ မေလ ၁၆ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းနှင့် နဝါခါလီ ဒေသများသို့ဖြတ်သန်း တိုက်ခတ်သွားခဲ့သော်လည်း မုန်တိုင်းနှင့် မုန်တိုင်း၏ နောက်ဆက်တွဲ အန္တရာယ်များကို ရခိုင်ပြည်သူများ ဆက်လက် စိုးရိမ်လျက်ရှိကြသည်။

Mahasen-1

မဟာဆန် အပူပိုင်းဒေသ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မည့်အန္တရာယ်ကြောင့် ကျောက်ဖြုနှင့် မြေပုံမှ ပြည်တွင်းရေကြောင်း များ သွားလာမှု ရပ်နားထားရသည်ကို င/လပွေ့ချောင်းအတွင်း ၂၀၁၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - သိန်းလှိုင်၊ မဇ္စျိမ)

“အစတုန်းကတော့ မောင်တော၊ ဘူးသီးတောင်ဒေသကို အဓိကဦး တည်နေတယ်လို့ သိရတယ်။ လက်ရှိမောင်တော အနေအထား ကတော့ တည်တည်ငြိမ်ငြိမ်လေးပဲ ရှိနေတယ်။ မနေ့ညနဲ့ ဒီနေ့မနက်မှာ မိုး အနည်းအကျဉ်း ရွာသွားတယ်။ လေတိုက်နှုန်းကနိမ့်လိုက် မြင့်လိုက် ဖြစ်နေ တယ်။ ဒီနေ့ နေ့လည် ၁၂ နာရီနောက်ပိုင်းမှာ မိုးအုံ့နေပြီး လေငြိမ်နေတယ်။ လူတွေကတော့ မုန်တိုင်း မဝင်ဖြစ်ခဲ့ရင်တောင်မှ မုန်တိုင်း နောက် ဆက်တွဲ ရေကြီး၊ မိုးသည်းထန်တာတွေ၊ လေပြင်း တိုက်တာတွေ ကို စိုးရိမ်နေကြဆဲပါ” ဟု မောင်တော ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

ကျောက်ဖြူမြို့နယ်တွင်မူ ယနေ့ မနက်ပိုင်းက လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်းနှင့်အတူ မိုးသက်လေပြင်းများ ကျရောက်ခဲ့ပြီး ပင်လယ်ရေလှိုင်းများ တိုးလာခဲ့ကြောင်း သိရသည်။

“မေလ ၁၄ ရက်နေ့ညကစလို့ ကျောက်ဖြူမှာ မိုးရွာတယ်။ လေတိုက်တယ်။ ကောင်းကင်ဟာ အုံ့မှိုင်းနေခဲ့ တယ်။ ဒီနေ့မနက်ပိုင်းမှာ မိုးသည်း ထန်လာပြီးတော့ လေတိုက်နှုန်း တိုးလာတယ်။ တနာရီကို မိုင် ၃၀ နဲ့ ၄၀ ကြားလောက်မှာ ရှိမယ်။ ညနေပိုင်းမှာတော့ မိုးစဲ လေငြိမ်သွားတယ်။ ဒါပေမယ့် လူတွေဟာ ခိုလှုံနေရာက မိမိတို့နေအိမ်ကို ပြန်မလာရဲကြသေးဘူး။ မုန်တိုင်း နောက်ဆက်တွဲ အန္တရာယ်ကို စိုးရိမ်နေကြလို့ပဲ” ဟု
ကျောက်ဖြူမြို့ခံ ဦးထွန်းကြွယ် က ဆိုသည်။

ဒေသခံများ စိုးရိမ်ခြင်းမှာ ၂၀၁၀ခုနှစ် ဂီရိမုန်တိုင်းဒဏ်ကို ပြင်းထန်စွာ ခံခဲ့ရသလို မုန်တိုင်း နောက်ဆက်တွဲ အဖြစ် မိုးသက်လေပြင်းနှင့်အတူ ဒီရေကြီးခြင်းများလည်း ဖြစ်ပွားလေ့ရှိသောကြောင့်ဟု ၎င်းက မှတ်ချက်ပြု သည်။

ဘူးသီးတောင်မြို့နယ်တွင်လည်း မေလ ၁၁ ရက်နေ့မှစ၍ မုန်တိုင်း သတိပေးချက်များ ထုတ်ပြန် ဆော်သြဆဲ ရှိပြီး ပင်လယ်ကမ်း စပ်အနီး နေထိုင်သူများနှင့် အိုးအိမ် ခိုင်မာမှု မရှိသူများကို နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများသို့ ရွှေ့ပြောင်းကာ တပတ်စာ ရိက္ခာများကို ကြိုတင် ပြင်ဆင်ပေးထား သည်။ လက်ရှိ ဒီရေ အနေအထားမှာ ပုံမှန် ဖြစ်နေသော်လည်း ညပိုင်း မိုးရွာလျှင် ဒီရေတက်ချိန်နှင့် တိုက်ဆိုင်ကာ ရေပြင် မြင့်တက်မှု ရှိလာနိုင်ကြောင်း ပြည်တွင်းရေကြောင်းမှ မန်နေဂျာ တဦးက ဆိုသည်။

ပြည်တွင်းရေကြောင်းမှာ မေလ ၁၄ ရက်မှ ၁၆ ရက်နေ့ထိ သင်္ဘောပြေးဆွဲခြင်း ရပ်နားထားမည်ဟု ကြေညာ ထားခဲ့သော်လည်း မေလ ၁၇ ရက်နေ့တွင်လည်း ပြေးဆွဲမည်မဟုတ်သေးဘဲ ဖြစ်ပေါ်နေသော ရာသီဥတု အပေါ် မူတည်၍သာ လုပ်ဆောင်သွားမည်ဟု ၎င်းက ရှင်းပြသည်။

အခြား ပုဂ္ဂလိက ရေယာဉ်များလည်း မေလ ၁၇ ရက် နောက်ပိုင်းတွင်သာ ပြေးဆွဲသွားမည်ဟု ရေယာဉ် လုပ်ငန်းရှင်များက ထုတ်ပြန်ထားသည်။

စစ်တွေမြို့နယ်တွင် ဗုဒ္ဓဟူးနေ့ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ယနေ့တွင် ရာသီဥတုသာယာနေကြောင်း ဒေသ ခံများကဆိုသည်။

ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က “မုန်တိုင်းအန္တရာယ်လုံးဝ ကင်းစင်သွားခဲ့ပြီဖြစ်၍ လာမည့် ရက်များတွင် မိမိတို့ နေအိမ် များ၌ ပြန်လည် နေထိုင်နိုင်ရေး စီစဉ်သွားမည်” ဟု မဇ္စျိမကို ပြောသည်။

ရခိုင်ပြည်နယ်ကို ဖြတ်သန်း တိုက်ခတ်လာနိုင်သော မဟာဆန် ဆိုင်ကလုန်းမုန်တိုင်းသည် ဘူးသီးတောင်၊မောင်တောဒေသသို့ အဓိက ဦးတည်နေခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ပညာရှင်များက ခန့်မှန်းခဲ့ကြ သော်လည်း ကျောက်ဖြူမြို့နယ် အပါအဝင် ပင်လယ်နှင့်နီး သည့် ပြည်နယ် အလယ်ပိုင်း မြို့နယ်များ၏ ရာသီဥတုမှာ ပုံမှန်အနေအထား၌ မရှိသေး၍ ဒေသခံများ စိုးရိမ်နေဆဲ ဖြစ်ကြောင်းလည်း သိရသည်။