ရခိုင်ပြည်နယ် မုန်တိုင်း အန္တရာယ်မှ ကင်းလွှတ်သွားပြီ

ရခိုင်ပြည်နယ် မုန်တိုင်း အန္တရာယ်မှ ကင်းလွှတ်သွားပြီ
by -
နိရဥ္စရာ

မဟာစင် မုန်တိုင်းသည် ယခုအခါ အထူး အားပျော့သွားပြီး တစ်နာရီ ၂၅ ကီလိုမီတာ အဆင့်တွင်သာ ရှိတော့သည်ဟု ဘင်္ဂလာ မိုးဇလ ဌာနက ပြောသည်။

Mahasen-cyclone-headed-Tripura

နေ့လည် ၁၂ နာရီမှ လာမည့် လေးနာရီ (သို့မဟုတ်) ငါးနာရီခန့် အကြာတွင် စစ်တကောင်းနှင့် နဝါခါလီမြို့ အကြားမှ မုန်တိုင်း ဖြတ်ကျော် ၀င်ရောက်မည်ဟု ဆိုသည်။

မဟာဆန် မုန်တိုင်းမှာ တဖြည်းဖြည်း အားပျော့သွားပြီး မြန်မာ နယ်စပ်အနီးရှိ ကော့စ်ဘဇား ခရိုင်တွင် စိုးရိမ်လောက်သည့် အနေအထားတွင်  မရှိတော့ကြောင်း ဘင်္ဂလာဒေချ့် မိုးဇလ ဗေဒက ယနေ့ နေ့လည် ၁ နာရီ ၃၀ တွင် သတင်း ထုတ်ပြန်သည်။

မုန်တိုင်းသည် မိုးအကြီးအကျယ် ရွာသွန်းမူကြောင့် အားပျော့သွားခဲ့ကြောင်း၊ ယနေ့နံနက်က အင်အား အကောင်းဆုံး အဆင့်သို့ ရောက်ရှိခဲ့ကြောင်း၊ ယခုအခါ နဝါခါလီမြို့နှင့် စစ်တကောင်းမြို့ကို ဦးတည်နေကြောင်း ပြောဆိုသည်။

သို့သော်လည်း ကော့စ်ဘဇားဒေသနှင့် နီးကပ်စွာ တည်ရှိသော  မြန်မာဘက်ခြမ်း ဒေသများတွင် မုန်တိုင်းဝင်ရောက်နို်င်သည့် အခြေအနေမျိုး ဖြစ်နေကြောင်း မောင်တော ဒေသခံ တစ်ဦးက ပြောသည်။

“ အခုက မုန်တိုင်းဝင်မယ့် ပုံစံမျိုး လေသွယ်နေတယ်။ အနောက်ဘက်မှာ မိုးတိမ်တွေ အုံမိုင်းနေတယ်။ မုန်တိုင်းဝင်မယ့် လက္ခဏာမျိုးပါ” ဟု ဆိုသည်။ သို့သော်လည်း မုန်တိုင်းမှာ အထူးအားပျော့သွားပြီဟု သိရသည်။

ဘင်္ဂလာဒေချ့် မိုးဇလ အဖွဲ့ ခန့်မှန်းချက်အရ မုန်တိုင်းသည် ယနေ့ ညနေ (၆) နာရီခန့်တွင် စစ်တကောင်းမြို့နှင့် ကော့စ်ဘဇားမြို့အကြားမှ ဖြတ်ကျော်ကာ ကုန်းတွင်းပိုင်းသို့ ၀င်ရောက်ရန် ခန့်မှန်းထားသည်။

ယနေ့နံနက်မှ နေ့လည် အချိန်ထိ ဘင်္ဂလာဒေချ့် အနောက်တောင်ပိုင်းမှ ဘောလာခရိုင်၊ ပေါတဝါခါလီ ခရိုင်နှင့် ဘောရိုဂုန ခရိုင်များကို မုန်တိုင်း ဖြတ်သန်း တိုက်ခတ်ခဲ့သည်။ မုန်တိုင်းပြင်းအားသည် တစ်နာရီ ကီလိုမီတာ ၁၀၀ ထိ ရှိခဲ့သည်ဟု ဆိုသည်။

ယခုအချိန်ထိ ဘင်္ဂလာဒေချ့်တွင် သေဆုံးသူ ရ ယောက်ရှိပြီး ပေါတဝါခါလီမှ ၂ ယောက်၊ ဘောလာမှ တစ်ဦးနှင့် ဘောရိုဂုနတွင် မိုးကြိုးပစ်၍ သေဆုံးသူ ၄  ဦးဖြစ်ကြောင်း သိရသည်။

Most read this week