မေလ ၁၅ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာမှ စွပ်စွဲချက်အတိုင်း မဟုတ်ရကြောင်း သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင်က ငြင်းဆိုလိုက်ပါသည်။
“ မဟုတ်ဘူး။ ကျနော်တို့လက်ချက်မဟုတ်ဘူး။ ပြည်သူလူထုကို ကျနော်တို့က ဘာလို့ အလကား သတ်ဖြတ်မှာလဲ။ အစိုးရ သတင်းစာမှာစွပ်စွဲထားတဲ့အတိုင်း မဟုတ်ပါဘူး” ဟု ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါသည်။
မေလ ၁၅ ရက်နေ့ထုတ် သတင်းစာတွင် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ပိုက်လိုင်းစုပုံထားသော နေရာ၌ မေလ ၁၃ ရက်ညက ချောင်းမြောင်းပစ်ခတ်မှုမှာ သျှမ်းပြည်တပ်မတော် RCSS/SSA ၏လက်ချက် ဖြစ်ကြောင်း ရေးသား ဖော်ပြထားသည်။
ထိုဒေသတွင် လှုပ်ရှားနေသည်မှာ သျှမ်းပြည်တပ်မတော်တခုတည်းသာမဟုတ်ဘဲ ပန်းဆေးပြည်သူ့စစ်အပြင် တအာင်း တပ်မတော် TNLA ၊ ကချင်တပ်မတော် KIA ၊ သျှမ်းပြည်တပ်မတော် SSPP/SSA တို့လည်းရှိနေ ကြောင်း၊ ထို့အပြင် လက်နက်ကိုင်မူးယစ်ဆေးဝါး ဂိုဏ်းလည်း အများအပြားရှိကြောင်း သျှမ်းပြည်တပ်မတော်က ပြောဆိုပါသည်။
အခင်းဖြစ်ပွားသည့် နေရာသည် မန့်ကွန်ရွာဘက်မှ တရုတ်နယ်စပ်အထိ နမ့်ခမ်းမြို့ကို ဖြတ်၍ သစ်မှောင်ခို သယ်ယူနေသည့် လမ်းကြောင်း ဖြစ်ပြီး အဆိုပါ သစ်မှောင်ခို သယ်ယူခြင်းကို ပန်ဆေးပြည်သူ့စစ်အဖွဲ့က တာဝန်ယူလုပ်ကိုင်ခြင်း ဖြစ်ကြောင်း၊ ထိုနေ့ နေ့ခင်းပိုင်းက ပန်းဆေးပြည် သူ့စစ်နှင့် အစိုးရရဲများ ဆွေးနွေး ညှိနှိုင်းမှု မပြေလည်၍ ကတောက်ကဆ စကားများခဲ့ပြီး ညနေပိုင်းတွင် လုံခြုံရေးရဲများရှိရာကွမ်းယာဆိုင် တန်း ၌ ချောင်းမြောင်းပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်သည်ဟု နမ့်ခမ်းမြို့ခံများ က ပြောကြသည်။
‘မီဒီယာကို မီဒီယာနဲ့တိုက်မယ်’ ဟူသည့်ဆောင်ပုဒ်မှာ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှုတ်မှ ထုတ်ဖော် ပြောကြား ခဲ့ဖူးပါသည်။
RCSS အမှတ် ရ၀၁ စစ်ဒေသက စခန်းမှ ခွါပေးလိုက်ချိန် ပြန်လာတိုက်မည် ဆိုသည့် သတင်းကြောင့် နိုင်ငံရေးအရ အစိုးရကလက်ဦး ရယူခြင်းဖြစ်သည်ဟုလည်း သုံးသပ်သူများရှိနေ၏။
ရပ်ရွာများ၌ ပစ္စည်းထမ်းလိုက်လံရောင်းချနေသော မြန်မာ့တပ်မတော်ထောက်လှမ်းရေး လူ ၄ ယောက်ပျောက် ဆုံးမှုမှာ သျှမ်းပြည်တပ် မတော် ၏လက်ချက်ဟု မြန်မာအစိုးရတပ်ကစွပ်စွဲကာ မေလ ၉ ရက်နေ့က စစ်အင် အား ၄၀၀ ကျော်ဖြင့် နောင်မရွာရှိ RCSS ၏ ရ၀၁ ဌာနချုပ်အား ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ထားလိုက်ခြင်း ဖြစ်သည်။