ဦးသိန်းဇော်၏ သျှမ်း အရှေ့ခရီးစဉ် ဝ လေယာဉ်ဝယ်သည့်အရေး အလေးထားစုံစမ်း

ဦးသိန်းဇော်၏ သျှမ်း အရှေ့ခရီးစဉ် ဝ လေယာဉ်ဝယ်သည့်အရေး အလေးထားစုံစမ်း
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားနှင့် ဝ ပြည်နယ်သို့ရောက်ရှိသော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင် ရေးကော်မတီ ဒုဥက္ကဌ၏ ခရီးစဉ်မှာ ဝ ပြည်နယ် မှ ဒုံးလက်နက်ပါရဟတ်ယာဉ်ဝယ်ယူသည့်ကိစ္စအဓိကစုံစမ်း ခဲ့ကြောင်း မိုင်းလားတပ်ဖွဲ့မှ အရာရှိများကပြောသည်။

“အခု အစိုးရရဲ့ခရီးစဉ်က ဝ ကိစ္စမေးဖို့အဓိကဘဲလို့ ကျနော်တို့မြင်တယ်။ ဘာလို့လဲဆိုတော့ မိုင်းလားရောက် တာနဲ့  ၀ ကိစ္စ အဓိက မေးတော့တယ် ” ဟု မိုင်းလားတပ်ဖွဲ့မှ အရာရှိတဦးကသျှမ်းသံတော်ဆင့်အားပြော ပြသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေးကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော်နှင့်အဖွဲ့သည်  မေလ ၉ ရက်က မိုင်းလားတပ်ဖွဲ့ မှ အရာရှိများနှင့်လည်းကောင်း၊  မေလ ၁၀ ရက်နေ့တွင် ဝတပ်ဖွဲ့မှအရာရှိများနှင့်လည်း ကောင်း တွေ့ဆုံဆွေးနွေးရာတွင် တရုတ်အစိုးရက ၀ တပ်ဖွဲ့အား စစ်တိုက်ရဟတ်ယာဉ်များဝယ်ယူသည်ဟူ သည့် သတင်းကိုသာ အလေးထားမေးမြန်း ခဲ့သည်ဟု အဖွဲ့အစည်းအတွင်းမှ တာဝန်ရှိသူများကပြောသည်။

မြန်မာအစိုးရတပ်အားခုခံကာကွယ်ရန် ဝ တပ်ဖွဲ့ကလည်း တရုတ်အစိုးရထံ စစ်တိုက်ရဟတ်ယာဉ် ၅ စင်း ( TY 90 ဒုံးလက်နက်တပ်ဆင်သည့် Mi 17 – Hip အမျိုးအစား) ရရှိထားသည်ဟု Jane’s Intelligence Review မှ ဧပြီလ ၂၉ ရက်နေ့ တွင် သတင်းပေးပို့ခဲ့ပြီးနောက်ပိုင်း အဆိုပါသတင်းအား တော်တော်များများက စိတ်ဝင်စားခဲ့ကြသည်။

၎င်းနှင့်ပတ်သက်၍ အစိုးရကိုယ်စားလှယ်များအား ဝ တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ လီဂျူးလျဲ့ ခေါ် ဦးအောင်မြင့်က “ ဟုတ် တယ်။ ကျနော်တို့  ရဟတ်ယာဉ်တစီး၊ ဖော်ကာလေယာဉ်တစီးနဲ့ သင်္ဘော ကြီးတစင်း ဝယ်ယူတယ်။ ဒါပေမယ့် ဒီယာဉ်တွေ ဟာ အခွံချည်းသက်သက်တွေပါ။ သဘာဝ ဥယျာဉ်ဆောက်လုပ်ပြီး ဥယျာဉ်ထဲမှာ ပြသဖို့ဖြစ်ပါတယ်” ဟု ဗွီအိုအေ သတင်း ဌာနထံ ပြောဆိုပါသည်။

မိုင်းပေါက်ကိုအုပ်ချုပ်သည့်တပ်မဟာ ၄၆၈ မှူးဟောင်း လီအိုက်ဆု ခေါ်စိုင်းဆု က ယခင်နှစ်အတွင်း မိုင်းပေါက်မြို့နယ်အား ကမ္ဘာ လှည့်ခရီး သွားများ လည်ပတ်နိုင်မည့် နေရာ ခရီးသွားလုပ်ငန်းတိုးမြင့်ရေး အတွက်ရေကန်တူး၍ အထပ် ၅ ထပ်ပါ အဆိုပါသင်္ဘောအား အလှဆင် ပြသရန်ပြင်ဆင်မှုပြုခဲ့သည်ဟုလည်း ဝ တော်လှန်ရေးနေ့ပွဲတော် တက်ရောက်အားပေးသည့် ခရီးသည်များက ပြန်လည်ပြောပြသည်။

“ ပုစဉ်း (ရဟတ်ယာဉ်ကိုဆိုလို) ကိုရော အတောင်ပံပါ လေယာဉ်ကိုပါတွေ့ခဲ့တယ်။ သို့သော်လဲဘဲ အနီးကပ် မကြည့်ခဲ့ရတဲ့အတွက် စက်ပါမပါတော့ သေသေချာချာ မပြောနိုင်ပါဘူး” ဟုလည်း ပွဲတော်တက်ရောက်ခဲ့သူက ဆိုပါသည်။

၀ တပ်ဖွဲ့၏ ဖြေရှင်းချက်အပေါ် မြန်မာအစိုးရဘက်က မည်သို့သဘောထားသည်ကိုမူ မသိရသေးပေ။

ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီက တရုတ်ပြည်သူ့သမ္မတနိုင်ငံထံ ဝေဟင်မှဝေဟင်ပစ် TY 90 ဒုံးကျည်များ တပ်ဆင် ထားသော Mi 17 - Hip အမျိုးအစား ရဟတ်ယာဉ်များ ဝယ်ယူသည်ဟု Jane’s Intelligence Review စာစောင်က ဧပြီလ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့သည်  အစိုးရနှင့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး တည်ဆောက်ထား သည့် အဖွဲ့ဖြစ်သည်။

Most read this week