မုန်တိုင်းဘေးမှ လွှတ်ရာသို့ ရွှေ့ပြောင်းသည့် ဒုက္ခသည် စက်လှေ နစ်၊ လူ ၈၀ ခန့်ပျောက်ဆုံး

မုန်တိုင်းဘေးမှ လွှတ်ရာသို့ ရွှေ့ပြောင်းသည့် ဒုက္ခသည် စက်လှေ နစ်၊ လူ ၈၀ ခန့်ပျောက်ဆုံး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အတွင်းရှိ မူဆလင်ဒုက္ခသည်စခန်း တစ်ခုမှ မုန်တိုင်း လွှတ်ရာသို့ ရွှေ့ပြောင်းသော စက်လှေ တစ်စီး နစ်မြုပ်သွားရာ လူအနည်းဆုံး ၈၀ ခန့်ပျောက်ဆုံးနေကြောင်း သတင်း ရရှိသည်။

အဆိုပါ စက်လှေသည် ပေါက်တောမြို့နယ် ငှက်ချောင်း (လင်ဘာတီယာ) ဒုက္ခသည် စခန်းမှ သူတို့ အစီအစဉ်ဖြင့် သူတို့ ပြောင်းရွှေ့စဉ် ယမန်နေ့ ညနေ ၉ နာရီခန့်တွင် ပွဲကြည့်စင်တောင် အနီးတွင် ကျောက်ဆောင်နှင့် တိုက်ပြီး နစ်မြုပ်သွားခဲ့သည်ဟု ဆိုသည်။

Refugee-in-Myanmar

အဆိုပါ စက်လှေသည် တစ်ခြား စက်လှေ (၇) စီခန့်နှင့် အတူ စခန်းမှ ည၈ နာရီခန့်တွင် ထွက်လာခဲ့ကြောင်း၊ စက်လှေပေါ်တွင် လူပေါင်း ၁၀၀ ခန့်ပါ၀င်ကြောင်း၊ သူတို့ အနေဖြင့် ဆင်နမော်ဘက်သို့ ပြောင်းရွှေ့ခြင်း ဖြစ်နိုင်ကြောင်း  အမည်မဖေါ်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

ပေါက်တောမြို့နယ် အုပ်ချုပ်ရေး အဖွဲ့မှ အဆိုပါ ဒုက္ခသည်များအား နေ့လည်ကတည်းက ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ရန် သွားရောက် ပြောဆိုခဲ့ကြောင်း၊ သို့သော်လည်း အာဏာပိုင်များက ခေါ်ဆိုစဉ် လိုက်ပါရန် ငြင်းဆန်ခဲ့ကြောင်း၊ ညနေပိုင်း အချိန်တွင် ကိုယ့် အစီစဉ်နှင့့် ကိုယ် ပြောင်းရွှေ့စဉ် ယခုကဲ့သို့ စက်လှေ ကျောက်ဆောင်နှင့် တိုက်မိခြင်း ဖြစ်ကြောင်း သူက အတည်ပြု ပြောကြားသည်။

လူ ၂၀ ခန့်သာ အသက်ဘေးမှ လွှတ်မြောက်ခဲ့ပြီး ကျန်သူများမှာ ပျောက်ဆုံးနေကြာင်း သူကဆက်ပြော သည်။

ယခုအခါ ပြည်နယ် ၀န်ကြီး ဦးသာလူချေနှင့် အဖွဲ့သည် အဆိုပါ ငှက်ချောင်းစခန်းသို့ လိုက်ပါသွားခဲ့ကြောင်း သတင်း ရရှိသည်။

အသေးစိတ် သိရှိနိုင်အောင် ပေါက်တောမြို့နယ် ရဲစခန်းသို့ ဆက်သွယ်ရာ  မိုးရွာနေသည် ဘာမှ မကြားရဘူးဟုဆိုကာ ဖုံးချသွားခဲ့သည်။

Most read this week