ကယားပြည်နယ် သတ္တုလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းတည်ထောင်ရာ တခြားသော တိုင်းဒေသနှင့် ပြည်နယ်များမှ ကုမ္ပဏီလုပ်ငန်းရှင်များကို အသင်းဝင်ခွင့်မပြုလိုကြောင်း ပြည်နယ်အစိုးရ သစ်တောဝန်ကြီး ဦးရဲဝင်းက ပြောဆိုလိုက်ပါတယ်။
"အသင်းဝင်အဖြစ်လက်ခံရေးမှာ ကျနော်တို့ပြည်နယ်မှာရှိတဲ့ ဒေသခံနဲ့ ကုမ္ပဏီတွေကတော့ တယောက် အကြောင်းတယောက် သိကြတယ်။ ရင်းလည်း ရင်းနှီးကြတယ်။ တခြားတိုင်းဒေသ ပြည်နယ်ကနေလာမယ့် ကုမ္ပဏီလည်းရှိ လိမ့်မယ်။ သူတို့ရဲ့ အသင်းဝင် သင့်မသင့် ကျနော်တို့ စဉ်းစားမယ်။ အသင်းဝင်ခွင့် ပေးမလား မပေးဘူးလား ပေးပြီဆိုရင်လည်း ကျနော်တို့ အလုပ်အမှုဆောင်အဖွဲ့ရဲ့ အစည်းအဝေးမှတ် တမ်းနဲ့ ညှိနှိုင်းပြီးတော့ ဆုံးဖြတ်ချက်နဲ့ဆိုရင်တော့ ကျနော်တို့အတွက် အသင်းရဲ့ ကြီးပွားတိုးတက်ဖို့ အတွက် အဆင်ပြေမယ်လို့ ယူဆပါတယ်"
သစ်တောဌာနဝန်ကြီးဦးရဲဝင်းက မေလ ၁၁ ရက်နေ့က လွိုင်ကော်ဟိုတယ်မှာ ကျင်းပတဲ့ ကယားပြည်နယ် သတ္တု လုပ်ငန်းရှင်များအသင်း ဖွဲ့စည်း တည်ထောင်တဲ့ အခမ်းအနား မှာ ပြောကြား သွားတာ ဖြစ်ပါတယ်။
ကယားပြည်နယ် လူမှုစီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့အတွက် လူမှုရေးစီးပွားရေး ကဏ္ဍတွေ ပြုပြင်ပြောင်း လဲမှုအနေဖြင့် ကုမ္ပဏီလုပ်ငန်းရှင်များ တစုတစည်း တည်းဖြစ်ရန် အသင်းအဖွဲ့တခု အနေဖြင့် ဖွဲ့စည်းထားဖို့ လိုအပ်တယ် လို့ ပြည်နယ် စီမံနှင့်စီးပွားရေးဝန်ကြီး ဦးတော့ရယ်က ယခုလို ပြောကြားသွားပါတယ်။
ဝန်ကြီးက "တိုင်းဒေသကြီးနဲ့ပြည်နယ်မှာ အသင်းအဖွဲ့အစည်းတွေကိုလည်း ဖွဲ့စည်းထားတာရှိတယ်။ အဲလိုဖြစ်တဲ့အတွက် ကျနော်တို့ ကယားပြည်နယ်မှာလည်း ကယားပြည်နယ်ကုန်သည်ကြီးများနှင့် စက်မှု လက်မှုလုပ်ငန်းအသင်းချုပ် ဖွဲ့စည်းနိုင်ဖို့နဲ့ ညီနှောင်များအသင်းဖြစ်တဲ့ အကြမ်းဖျင်းလျာထားတဲ့ အထဲမှာ ကယားပြည်နယ်ဆန်၊ စပါးများအသင်း၊ ဆန်ကုန်သည်များအသင်း၊ ဆန်စက်ပိုင်ရှင်များအသင်း၊ တခြားသီးနှံ လုပ်ငန်းရှင်များအသင်း၊ အဲဒီထဲမှာ သတ္တုလုပ်ငန်းရှင်များအသင်းကိုလည်း ဖွဲ့စည်းဖို့လိုအပ်တယ်လို့ ကျနော်တို့မြင်ပါတယ်" လို့ ပြောပါတယ်။
မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းလိုက်ပြီဖြစ်လို့ ကယားပြည်နယ်အတွင်း သတ္တုများကို ပြည်ပနိုင်ငံသို့ အဆင့်မှီထုတ်ကုန် သွင်းကုန်ပြုလုပ်ဖို့ ကယားပြည်နယ်မှ ကုမ္ပဏီ ၂၇ ခုကနေပြီးစုပေါင်း သတ္တုလုပ်ငန်း စုပေါင်းအသင်းအဖွဲ့တခု စတင်တည်ထောင်လိုက်ပြီ ဖြစ်ပါတယ်။