တောင်သူနှီးနှော ဖလှယ်ပွဲမှ သိမ်းဆည်းခံ လယ်ယာများ ပြန်ပေးရန် တောင်းဆို

တောင်သူနှီးနှော ဖလှယ်ပွဲမှ သိမ်းဆည်းခံ လယ်ယာများ ပြန်ပေးရန် တောင်းဆို
by -
မဇ္စျိမ

လယ်ယာမြေ သိမ်းဆည်းခံရခြင်းနှင့် ပတ်သတ်ပြီး တောင်သူလယ်သမား နှီးနှော ဖလှယ်ပွဲ တရပ်ကို မန္တလေးတိုင်း မိတ္ထီလာမြို့နယ်တွင် တနင်္ဂနွေနေ့က ကျင်းပခဲ့ပြီး တောင်သူလယ်သမား ကိုယ်စားလှယ် ၂၀၀ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

တောင်သူလယ်သမားများ၏ အခက်အခဲ ပြဿနာရပ်များကို အနယ်နယ်အရပ်ရပ်မှ တောင်သူ လယ်သမား ကွန်ယက်အဖွဲ့ နှစ်ဆယ့်နှစ်ဖွဲ့ ပါ၀င်ဆွေးနွေးခဲ့သည်ဟု ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့ဝင် မသန္တာက မဇ္စျိမသို့ ပြောသည်။

မသန္တာက  “ လယ်သမားတွေရဲ့ သီးခြားပြဿနာတွေ သူတို့အခက်အခဲက လယ်သိမ်းခံရတာ၊ အဲလိုခံရလို့ ဥပဒေနဲ့ အညီ ပြန်ရဖို့ ကြိုးစားတာကို ထပ်ပြီး ဟန့်တားခံရတာတွေ ဆွေးနွေးပါတယ်” ဟု မဇ္စျိမ ကိုပြောသည်။

နှီးနှောဖလှယ်ပွဲမှ ဆုံးဖြတ်ချက် ၉ ချက် ချမှတ်နိုင်ပြီး အဆိုပါဆုံးဖြတ်ချက်များကို နိုင်ငံအဝှမ်းရှိ တောင်သူလယ်သမားများထံ ဖြန့်ဝေ သွားမည် ဖြစ်သည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်ပင်ကာ လွှတ်တော်သို့ တင်ပြသွားမည်ဟု အဆိုပါပွဲ တက်ရောက်သူများထံမှ သတင်းရရှိသည်။

ယခု ချမှတ်လိုက်သည့် အချက်များတွင် လယ်သမားများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးကို အာမခံသည့် တိကျခိုင်မာသော မြေယာ ဥပဒေများ ပြဌာန်းနိုင်ရေး၊ လယ်သမားများနှင့် ပညာရှင်များ ပါ၀င်ဆွေးနွေးရေးဆွဲ ရေးနှင့် နိုင်ငံလုံးဆိုင်ရာ တောင်သူလယ် သမား နှီးနှောဖလှယ်ပွဲကြီး ကျင်းပရန် စသည့် အချက်များ ပါ၀င်တောင်းဆိုထားသည်။

ခေတ်အဆက်ဆက် အကြောင်းအမျိူးမျိူးပြကာ တောင်ပေါ်ဒေသမကျန် တောင်သူလယ်သမားများ ထံမှမတရား သိမ်းဆည်းခဲ့သည့် လယ်ယာမြေများကို မူလပိုင်ရှင်ထံ ပြန်ပေးအပ်ရန်နှင့် ထိုက်တန်သည့် လျှော်ကြေး ပေးရန်တို့ကို အဓိကထားတောင်းဆိုထားကြောင်း မသန္တာမှ ဆက်လက် ပြောပြသည်။

ဥပဒေနှင့်အညီ လယ်ယာမြေ ပြန်လည် ရရှိရေး ကြိုးပမ်းမှုများ ဟန့်တားခံ နေရသော်လည်း လယ်သမားများ ထိခိုက်မည်ကို မလိုလား၍ အန္တရာယ်ရှိ နည်းလမ်းများကို ရှောင်ရှားသွားမည် ဟု မသန္တာက ဆိုသည်။

လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ အပိုင်းနှစ်ကို ဇွန်လတွင် ပြည်ထောင်စု လွှတ်တော်ကို တင်ပြသွားမည် ဖြစ်ရာ အဆိုပါ အစီရင်ခံစာတွင် အစိုးရ သိမ်းဆည်းထားသည့် စီမံကိန်း လယ်မြေများ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် သိမ်းဆည်းထားသည့် လယ်မြေ များနှင့် ပတ်သတ်၍ စုံစမ်းစစ်ဆေး ထားသည်။

Most read this week