ထိုင်ဝမ် ကုမ္ပဏီ ၃၁ ခု မြန်မာ့စျေးကွက်သို့ ဝင်လာတော့မည်

ထိုင်ဝမ် ကုမ္ပဏီ ၃၁ ခု မြန်မာ့စျေးကွက်သို့ ဝင်လာတော့မည်
by -
မဇ္စျိမ

စီးပွါးရေးပိတ်ဆို့မှုများ ဖြေလျှော့လာသည့်နောက် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာသည့် အချိန်တွင် မြန်မာနိုင်ငံ အတွင်းသို့ ထိုင်ဝမ်ကုမ္ပဏီ ၃၁ ခုလည်း ဝင်ရောက်လာရန်ပြင်ဆင်နေပြီ ဖြစ်သည်။

“အခုကုမ္ပဏီ ၃၁ ခု နီးပါးက ကိုယ်စားလှယ်တွေတော့ ဒီမှာ ရှိနေပြီ။ နောက်လကျရင် အလုပ် စလုပ်နိုင်မယ် ထင်တယ်။ စက်တင်ဘာလ ကျရင် ရုံးခန်းတွေ ဒီမှာ ဖွင့်မှာပါ” ဟု ထိုင်ဝမ် ပြည်ပ ကုန်သွယ်ရေး ဖွံ့ဖြိုးမှုကောင်စီမှ အာရှပစိဖိတ် စျေးကွက် ဖွံ့ဖြိုးမှုမန်နေဂျာ Mr. Sinon Lia  က မဇ္စျိမကို ပြောသည်။

ထိုကုမ္ပဏီများ ပါဝင်သည့် ထိုင်ဝမ်မှ ကုန်သွယ်ရေးတိုးမြင့်မှု မစ်ရှင်အဖွဲ့က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ် တွင်မေလ ၁၀ ရက်က ၎င်းတို့၏ ပစ္စည်း အရည်အသွေးများကို လာရောက်ပြသစဉ် Mr. Sinon Lia  က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝင်ရောက်လာမည့် ကုမ္ပဏီများမှ ထုတ်လုပ်သည့်ပစ္စည်းများမှာ ကားနှင့် ဆိုင်ကယ် ပစ္စည်းများ၊ စက်မှုလုပ်ငန်း သုံးနှင့် လျှပ်စစ် ပစ္စည်းများ၊ လက်သမားသုံး ပစ္စည်းများ၊ ဖုန်းနှင့် ကွန်ပျူတာ ပစ္စည်းများ၊ အထည်အလိပ်နှင့် သားရေ ပစ္စည်းများ၊ ငါးလုပ်ငန်းသုံး ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ ကော်နှင့် ပလပ်စတစ် ဆက်စပ်ပစ္စည်းများ၊ သင်ကြားရေး အထောက်အကူ ပစ္စည်းများ၊ ဆေးရုံသုံးလုပ်ငန်း ပစ္စည်းများ၊ ဆေးဆိုးပန်းရိုက် လုပ်ငန်းသုံး ပစ္စည်းများ၊ ဗွီနိုင်းပုံနှိပ်လုပ်ငန်းသုံး ပစ္စည်းများနှင့် သံမဏိနှင့် ဂဟေဆော်ပစ္စည်းများ စသည်တို့ ပါဝင်သည်။

“အဓိကကတော့ ဒီနိုင်ငံကို ထိုင်ဝမ်က ဘာကြောင့်လာရလဲဆိုတော့ ထုတ်ကုန်တွေ ထုတ်ချင်လို့၊ ပြီးတော့ သဘာဝ အရင်းအမြစ်တွေလည်း ရှိတယ်။ အပြိုင်အဆိုင်လည်း နည်းတယ်။ ဒီနိုင်ငံရဲ့ လုပ်အားခကလည်း သက်သာတယ်” ဟု Mr. Sinon Lia က ရှင်းပြသည်။

ယခုကဲ့သို့ ဝင်ရောက်ရင်းနှီးမြုပ်နှံရန် ဆန္ဒရှိနေသော်လည်း လျှပ်စစ်မီး အခက်အခဲများ ရှိနေကြောင်းလည်း Mr. Sinon Lia က ဆိုသည်။

“ပြဿနာက တခုပဲ ရှိပါတယ်။ အဲဒါက လျှပ်စစ်မီး မရတာပါပဲ။ ဒါပေမယ့် ကျနော်တို့ အများကြီး လုပ်ချင်ပါ တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် နည်းပညာများ နိမ့်ကျနေခြင်းကြောင့် ထိုကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်သင့် ကြောင်းလည်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းအောင် က ဆိုသည်။

“တို့ဆီမှာ နည်းပညာတွေ အများကြီးလိုတယ်။ ရင်းနှီးမြုပ်နှံမှုတွေ အများကြီးလိုတယ်။ တို့နိုင်ငံက အချိန်တို အတွင်းမှာ ပူးပေါင်းဆောင်ရွက်ရမယ်။ ကုမ္ပဏီတွေ ဝင်လာရင် သူတို့က နည်းပညာ ရှိတယ်၊ ပိုက်ဆံရှိတယ်။ တို့ဆီက လုပ်သားအင်အား ရှိတယ်၊ မြေနေရာ ရှိတယ်ဆိုရင် ပေါင်းလိုက်ရင် ချက်ချင်း တက်သွားမှာပဲ” ဟု တိုက်တွန်း အားပေးသည်။

အစိုးရမှ စီးပွါးရေး လမ်းကြောင်းများ ဖွင့်ပေးခြင်းကို ကြိုဆိုသော်လည်း စက်ရုံအလုပ်ရုံများ လိုအပ်ကြောင်း လည်း Mr. Sinon Lia က ထောက်ပြသည်။

“မြန်မာ့စီးပွါးရေးကို ဖွံ့ဖြိုးဖို့ဆိုရင် ထုတ်ကုန်တွေ တိုးတက်ဖို့ လိုလိမ့်မယ်။ ကုန်ကြမ်းတွေကို ထုတ်ရောင်းတာ မျိုး မဟုတ်ဘဲနဲ့ စက်ရုံအလုပ်ရုံတွေ တည်ဆောက်ဖို့ လိုလိမ့်မယ်။ အဲဒါတွေ ဖြစ်လာရင် ထုတ်ကုန်တွေ အများကြီး ဖြစ်လာမယ်” ဟု ပြောဆိုသွားသည်။