သက်ကြီးရွယ်အိုတော်လှန်ရေးသမားများအတွက်ဂေဟာ ကော့စ်ဘဇားတွင်ဆောက်လုပ်

သက်ကြီးရွယ်အိုတော်လှန်ရေးသမားများအတွက်ဂေဟာ ကော့စ်ဘဇားတွင်ဆောက်လုပ်
by -
နိရဥ္စရာ

ပြုစု စောင့်ရှောက်မည့်သူ မဲ့နေပြီး   မြန်မာနိုင်ငံသို့ ပြန်ရန်လည်း ဆန္ဒ မရှိကြသည့် တော်လှန်ရေး လုပ်လာသူ သက်ကြီးရွယ်အိုများအား ပြုစု စောင့်ရှောက် ထိန်းသိမ်းမည့် ဂေဟာ တစ်ခုကို ယမန့််နေ့က ကော့စ်ဘဇား( ဖလောင်းချိတ်မြို့) တွင် အုတ်မြစ်ချခဲ့ကြသည်ဟု သတင်း ရရှိသည်။

အဆိုပါ အဆောက်အအုံအား  သက်ကြီးရွယ်အို ကူညီစောင့်ရှောက်ရေး ဖောင်ဒေးရှင်းမှ ဦးဆောင် ပြီး မေလ ၁၀ ရက် နံနက်က ထိပ်ကျင်းတောင် စေတီ ရင်ပြင် အနီးတွင် စတင် အုတ်မြစ်ချခဲ့ခြင်း ဖြစ်ကြောင်း ဖောင်ဒေးရှင်းအတွင်းရေးမှူးဖြစ်သူ ကိုကျော်မြင့်က ပြောသည်။

pilla-layout

ယခုဆောက်လုပ်နေသည့် အဆောက်အဦးမှာ အလျှား ပေ ၄၀- အနံ ၁၆ ပေ ရှိပြီး အုပ်ခင်း၊ အုပ်ကာ၊ သွပ်မိုး ဆောက်လုပ်မည် ဖြစ်ပြီး အဆောက်အဦး ပြီးမြောက်ရန် အနည်းဆုံး တာကာငွေ ၃ သိန်းခန့် ကုန်ကျမည်ဟု ခန်းမှန်းထားသည်ဟု သူက ဆိုသည်။

အမျိုးသားတော်လှန်ရေးတွင်လုပ်ကိုင်ပြီး အသက်အရွယ်ကြီးရင့်လာသူများကိုစောင့်ရှောက်ရန်၊ ရခိုင်မျိုးချစ် ပြည်ချစ်များ၏ ဆင်းရဲဒုက္ခကို အမျိုးသားရေးစိတ်ဓါတ်ဖြင့် ကူညီစောင့်ရှောက်ရန်နှင့် အနာဂါတ်အမျိုးသား တော်လှန်ရေးကာလ၌ မျိုးဆက်သစ်တို့၏ စိတ်ဓါတ်ကို အထောက်အကူပြုရန် ရည်ရွယ်ချက်တို့ဖြင့် ယခုကဲ့ သို့ စီစဉ်ရခြင်းဖြစ်ကြောင်း သူက ပြောသည်။

အဆောက်အဦး ဆောက်လုပ်ပြီးစီးပါက အသက် ၆၂ နှစ်ပြည့်သူများကို စုစည်းပြီး ကူညီ စောင့်ရှောက်နိုင်ရန် အိန္ဒိယ-မြန်မာနယ်စပ်နှင့် ဘင်္ဂလား-မြန်မာ နယ်စပ်များတွင် အသက်အရွယ်ကြီးရင့်သူများကို စာရင်းကောက် ခံထားပြီ ဖြစ်ကြောင်းလည်း ကိုကျော်မြင့်က ဆိုသည်။

ယခုကဲ့သို့ အဆောက်အဦးတခု ဖြစ်ပေါ်လာရန် လိုအပ်သည့် ငွေကြေးများကို နိုင်ငံတကာရောက် ရခိုင်အမျိုးသားထံမှ အလှူငွေကောက်ခံခြင်း၊ ကံစမ်းဖောက်ခြင်းအပါအဝင် စောတနာရှင်များ အကူအညီဖြင့် အကောင်အထည် ဖော်ခြင်းဖြစ်သည်။

အဆောက်အဦးနှင့် ဖောင်ဒေးရှင်းကို ရည်ရွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ကော်မီတီများဖွဲ့စည်း စောင့်ရှောက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most read this week