မြေပုံ မူဆလင် ဒုက္ခသည်များကို မုူဆလင် သချိုင်းအနီးတွင် နေရာချပေးမည်

မြေပုံ မူဆလင် ဒုက္ခသည်များကို မုူဆလင် သချိုင်းအနီးတွင် နေရာချပေးမည်
by -
နိရဥ္စရာ

အောက်တိုဘာလ အရေးအခင်းတုန်းက မြေပုံမြို့ထဲမှ ထွက်ပြေးသွားကြတဲ့ မူဆလင် မိသားစုတွေကို မြို့ပြင် မူဆလင် သချိုင်း အနီးမှာ နေရာ ချပေးသွားဖို့  စီစဉ်နေတယ်လို့ သိရပါတယ်။

အဲဒီနေရာချပေးမယ့် နေရာကို ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနဲ့  ဖွ့ံဖြိုး တိုးတက်မှု အကောင် အထည် ဖေါ်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်ဝင်းဦး ဆောင်တဲ့ အဖွဲ့က  မေလ (၆) ရက်နေ့မှာ  သွားရောက် ကြည့်ရှု့ခဲ့တယ်လို့ မြေပုံ ဒေသခံ လူကြီးတွေက ပြောပါတယ်။

“ သူတို့ ၀န်ကြီးအဖွဲ့ လူကြီးတွေ တော်တော်များ ပါလာကြပါတယ်။ အဲဒီနေရာကို သွားကြည့်ကြပါတယ်။ ယခင် မူဆလင် သချိုင်းရှိတဲ့ နေရာ အနားပေါ့။ အရင်ကတော့ လယ်ကွင်းတွေအထဲမှာ သူတို့ နေထိုင်နေကြတယ်။ အခုတော့ မြေထိုးစက်တွေ ထိုးပြီး မြေတွေဖို့လိုက်တယ်။ ကုန်းမြင့်လို ဖြစ်သွားတော့ ရေတွေ မဝင်နိုင်တော့ဘူးပေါ့။ အဲဒီမှာ နေရာချပေးသွားမှာ ဖြစ်ပါတယ်” လို့ ဒေသခံ လူကြီး တစ်ဦးက ဆိုပါတယ်။

မူဆလင် ဒုက္ခသည်တွေကို လောလောဆယ်မှာ အဆောင် တန်းလျားတွေ တည်ဆောက်ပြီး နေရာချပေးသွား မှာ ဖြစ်တယ်လို့ ပြောပါတယ်။

“ အဆောင်တွေ ဆောက်တာတော့ မတွေ့ရသေးဘူး။ မကြခင် ဆောက်မယ်လို့ သိရပါတယ်”လို့ဆက်ပြော ပါတယ်။

မြေပုံမြို့ထဲမှာ  ပြန်လည် နေရာချထားရေးကို ဒေသခံများ ကန့်ကွက်ပြီးနောက်ပိုင်းမှာ ယခုလို မြို့ပြင်မှာ နေရာချပေးတာ စီစဉ်ခြင်း ဖြစ်တယ်လို့ မြေပုံမြို့နယ် NLD အမျိုးသမီး ခေါင်းဆောင် ဒေါ်မပုချေကလည်း နိရဥ္စရာကို ပြောပါတယ်။

“ကျွန်မတို့ ဒေသခံတွေကတော့ မြို့ထဲမှာ ပြန်လည် နေရာချထားရင် ပြဿနာတွေ ဆက်ဖြစ်နိုင်တယ်။ ဒါဆိုရင် ဘယ်သူ့ အတွက်မှ အကျိုးမရှိဘူး။ ဒါကြောင့် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင် ခုလို သူ့နေရာသူနေ၊ ကိုယ့်နေရာကိုယ်နေ ဆိုတဲ့ သဘောမျိုးနဲ့ မြို့ထဲမှာ ပြန်ထားမှာကို လက်မခံတာပါ။ အခုတော့ ဘာမှ မြေပုံမှာ ပြဿနာ မရှိပါဘူး။ အေးအေးဆေးဆေး ရှိပါတယ်” လို့ သူမက ဆိုပါတယ်။

မူဆလင် ဒုက္ခသည်တွေကို  မိုးမကျမီ အမိုးအကာအောက်ရောက်ရှိရေး အတွက် အာဏာပိုင်တွေက စီစဉ်ဆောင်ရွက်နေတဲ့ အတွက် မကြာခဏ ဆိုသလို  နိုင်ငံတော် အဆင့် ခေါင််းဆောင်တွေဟာ  မြေပုံမြို့သို့ ရောက်ရှိလာကြတယ်လို့ ပြောပါတယ်။

လွန်ခဲ့သော မေလ ၆ ရက်နေ့ကလည်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖေါ်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းနဲ့ အတူ  ဗဟိုကော်မတီ အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ စက်မှု ၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိန်းအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဘရွှေတို့ လည်း လိုက်ပါ လာကြ တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထဲက  လုံခြံုရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီးဦးကျော်ခင်နဲ့ သတ္တုနှင့် သစ်တောဝန်ကြီး ဌာနဝန်ကြီး ဦးအောင်သန်းတင်တို့ လိုက်ပါလာကြတယ်လို့ ဆိုပါတယ်။

နိုင်ငံခြား အန်ဂျီအိုတွေ ဖြစ်ကြတဲ့ ၊ UNOCHA ၊ UNHCR ၊ UNICEF အဖွဲ့တွေမှ ဒေသ တာဝန်ခံ ကိုယ်စားလှယ် များ လိုက်ပါလာခဲ့တယ်လို့ သိရပါတယ်။

Most read this week