လူငယ်စွမ်းရည်မြှင့်သင်တန်း Capacity Building Training ဆင်းပွဲအခမ်းအနားကို ယနေ့ မေလ ၁၀ ရက်နေ့၌ ထိုင်း- မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်၊ စံခလပူရီမြို့ရှိ မွန်ဆက်ဆံရေးရုံတွင် ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်ကျော်ယဲ့က“၁၉၉၅ခုနှစ်မှာအစိုးရနှင့်ကျနော်တို့ပါတီနဲ့ အပစ်အခတ်ရပ်စဲခဲ့တယ်၊ ကျနော်တို့ရဲ့ရည်ရွယ် ချက်က နိုင်ငံရေးဖြေရှင်းဖို့ပါပဲ၊ ဒါပေမယ့် ၂၀၁၀ ခုနှစ်မှာအပစ်အခတ်ရပ်စဲမှု ပျက်ပြယ်ပါတယ်၊ နောက်ပိုင်း မှာကတော့ အခြေအနေပြောင်းပြီး အခုအပစ်အခတ်ရပ်စဲထားပါတယ်၊ အခြေအနေတွေက ပြောင်းလဲနေ ပါတယ်၊ အခု မွန်လူငယ်တွေအနေနဲ့ ခေတ်မီ IT နည်းပညာတွေကိုလည်း အထိုက်အလျှောက် တက်မြောက်ပြီးဆိုတော့ ကိုယ့်လူမျိုးအတွက်အကျိုးရှိရှိ အသုံးချဖို့လိုအပ်ပါတယ်” ဟု ပြောသည်။
အဆိုပါသင်တန်းဆင်းပွဲတွင် သင်တန်းသားအများအပါအဝင် ဧည့်သည်များ ၈၀ ခန့်တက်ရောက်ခဲ့ကြပြီး သင်တန်းသားများကိုယ်စား မိဟေမာနွန်က ကျေးဇူတင်စကားပြောခဲ့သည်။
မိဟေမာနွန်က “နောက်အချိန်တွေမှာလဲ ကျန်ရှိနေသေးတဲ့ ကျမတို့မွန်လူငယ်တွေများကို အခုလိုသင်တန်း တွေရ စေဖို့ မျှော်လင့်ပါတယ်၊ ဆရာများအလုံးကိုလဲကျေးဇူတင်ပါတယ်” ဟုပြောသည်။
ယင်းသင်တန်းတွင် ဆရာ ၁၂ ဦး၊ သင်တန်းသား ၃၁ ဦးတက်ပါဝင်ခဲ့သည်ဟု သိရသည်။
သင်တန်းကြီးကြပ်သူ နိုင်ယက္ခက “ပထမတစ်ချက်က အချိန်နှင့် တပြေးညီ သိသင့်သိထိုက်တဲ့သတင်းတွေကို မီဒီယာ ကတစ်ဆင့် ပြည်သူတွေ သိစေဖို့ရည်ရွယ်ထားပြီး နောက်တစ်ခုက ကျနော်တို့ပါတီရဲ့ဌာနကြီးတွေမှာ ခေတ်မှီတဲ့ ရုံးလုပ်ငန်းတွေလုပ် ဆောင်နိုင်ဖို့အတွက် ရည်ရွယ်ထား ပါတယ်” ဟုပြောသည်။
Capacity Building Training လူငယ်စွမ်းရည်မြှင့်သင်တန်းသည် မတ်လ ၂၃ ရက်နေ့ မှ စတင်ဖွင့် လှစ်ထားပြီး မေလ ၁၀ ရက်နေ့အထိ တစ်လခွဲကြာသောသင်တန်းဖြစ်သည်။