သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ နယ် ရွှေလီမြစ်ဝှမ်းအခြေစိုက် သျှမ်းပြည်တပ်မတော် အမှတ် ရ၀၁ အခြေ စိုက်ရာ နောင်မရွာအား မြန်မာစစ်တပ်က ယနေ့ နံနက် ၄ နာရီမှ စတင်၍ ညနေပိုင်းအထိ တိုက်ခိုက်ကာ သိမ်းပိုက်လိုက်ကြောင်း RCSS/SSA ကပြောပါသည်။
RCSS/SSA ၏ ရ၀၁ စစ်ဒေသမှူးက “ ကျနော်တို့အခု စခန်းကနေခွါပြီး ဖြန့်နေထားကြတယ်။ ဗမာစစ်တပ်က လက်နက် ကြီးတွေနဲ့ တနေကုန်ထုထုပြီးရှေ့တိုးလာတော့ ကျနော်တို့ စခန်းကနေ မခွါရင် နောင်မရွာ တခုလုံးမီးလောင်ကုန်တော့မယ်။ ရွာသားတွေ အတိဒုက္ခ ရောက်ကုန်မယ်။ ဒါကြောင့်အခု နောင်မ အထက်ပိုင်းကနေ ဆုတ်ခွါလိုက်တယ်။ သေနတ်သံတော့ မရပ်သေးပါဘူး။ တွေ့တဲ့နေရာမှာ ဆက်ပြီးချသွားမယ် ” ဟု ဆိုပါသည်။
ယနေ့ မေ ၉ ရက် နံနက် ၄ နာရီခန့်မှ စ၍ ညနေပိုင်းအထိ အစိုးရတပ် စကခ ၁၆ လက်အောက်ခံတပ်ရင်းများ စစ်အင်အား ၄၀၀ ကျော်က ရွှေလီမြစ်ကို လှေဖြင့်ကူးကာ သျှမ်းပြည်တပ်မတော် အမှတ် ရ၀၁ စစ်ဒေသ အားတိုက်ခိုက်ခဲ့ခြင်း ဖြစ် ၏။ အစိုးရတပ်များ တာဟေးမန့်ဟောင်း (ရွှေလီမြစ်ကူးဆိပ်) မှ လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်မှု ကြောင့် တရုတ်ပြည်ဘက်ခြမ်းသို့ အများအပြားကျရောက်ကြောင်း၊ တိုက်ပွဲကြောင့် သျှမ်းပြည်ဘက်ခြမ်း အပါအဝင်၊ တရုတ်နယ်စပ်လူထုလဲ တိမ်းရှောင်နေရသည်ဟု ဆိုသည်။
မွန်းလွဲ ၃ နာရီဝန်းကျင်က မြန်မာအစိုးရစစ်ကြောင်း နောင်မရွာထဲသို့ ဝင်ရောက်နိုင်ကြောင်း၊ မန့်ဟောင်းရွာသား များအား ပေါ်တာအဖြစ် စစ်ကြောင်းကြား ညှပ်၍ ခေါ်ဆောင်သွားကြောင်း နမ့်ခမ်းမြို့ခံတဦးကပြောသည်။
“ ခုန ၃ နာရီခွဲလောက်က နောင်မရွာထဲကို မြန်မာစစ်တပ်က ဝင်နေပြီ။ ရွာသားတွေကိုသူတို့စစ်ကြောင်းကြားထဲ ညှပ်ပြီး ခေါ်သွားတယ်။ စခန်းထဲကိုတော့ မဝင်သေးဘူး။ စိတ်မကောင်းဘူးဗျာ၊ အပစ်ရပ် ငြိမ်းချမ်းရေးတည်ဆောက်ရင်း ဒီလိုဖြစ် တယ်ဆိုတော့ တခုခုလွဲနေပြီ ” ဟု နမ့်ခမ်းမြို့ခံတဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
တိုက်ပွဲကြောင့် နမ့်ခမ်းမြို့တဘက်ကမ်း ရှိ နောင်မ ကျေးရွာအုပ်စု ဝမ်တာဟေး၊ ဟိုဆိုင်း၊ ဝမ်ကွန် စသည့် ကျေးရွာများမှ ဒေသခံ ၈၀၀ ကျော်ကတရုတ်ပြည် နောင်တောဝ်းဘက် ယနေ့နံနက်ပိုင်းထွက်ပြေးတိမ်းရှောင်ခွင့်ပြုသော်လည်း မွန်းတည့်ချိန်မှစ၍ တရုတ်အာဏာပိုင်များက ၀င်ခွင့်ပိတ်ပင်လိုက်ကြောင်း၊ ဒေသခံများမှာ ပြေးပေါက်မရှိဘဲ ပူပန်နေရကြောင်း ရွာအုပ်ချုပ်ရေးမှူးက တဦးဖြစ်သည့် အိုက်ယီ့လုံ ကပြောပါသည်။
“အခုတရုတ်ဘက်မှာလဲ တရုတ်စစ်သားတွေ အင်အားဖြန့်ထားတယ်။ မနက်ပိုင်းတော့ ၀င်ခွင့်ပြုတယ်။ မွန်းတည့်ချိန်လောက်ကစပြီးဝင်ခွင့်မပြုတော့ဘူး။ မူစယ် ဘက် နမ့်ခမ်းဘက်ပြန်ပြေးကြတယ်။ အခု နမ့်ခမ်းမြို့ ဇေယျသုခ ကျောင်းတိုက်မှာ သွားရောက်ခိုလုံနေကြတယ်။ တချို့ကလည်း နီးစပ်တဲ့ဆွေမျိုးတွေဆီမှာ ခိုလှုံကြတယ်” - ဟု ဆို၏။
တိုက်ပွဲကြောင့် နှစ်ဦးနှစ်ဘက် သေကြေဒဏ်ရာရမှုများကြောင်း မြို့ခံများ ကပြောသည်။ ယနေ့နံနက် ဒေသစံတော်ချိန် ၉ နာရီခွဲခန့်တွင် စစ်ဒေသမှူး ဒုဗိုလ်မှူးကြီး ဇွမ်မိဏ်း အား သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရာမှာ လက်နက်နှင့်အတူ အစိုးရတပ်သား အလောင်း ၁၁ လောင်း၊ အရှင် တယောက် ဖမ်းဆီးရမိပြီး သျှမ်းပြည်တပ်မတော် ဘက်ကမူ ၁ ယောက် ကျဆုံးသွားကြောင်း ပြောသည်။
ဧပြီလနှောင်းပိုင်းက မြန်မာစစ်တပ်၏ လူ ၄ ဦးပျောက်ဆုံးမှုမှာ RCSS က ဖမ်းထားသည်ဟု အစိုးရစစ်ဘက်က စွပ်စွဲ၍ RCSS တင်းခါးစခန်းအား ဝင်ရောက်ရှာဖွေ မီးရှို့ဖျက်ဆီးပစ်လိုက်ပြီးနောက်ပိုင်း စစ်အင်အားထပ်မံဖြည့်တင်းတိုက်ခိုက်ကာ ရ၀၁ စစ်ဒေသ အခြေချစခန်းကို ယနေ့ သိမ်းပိုက်သည်အထိ ဖြစ်ပွါးခဲ့သည်။