အစိုးရနှင့်သဘောတူညီချက် ၃၀ ကျော်အနက် ၂ ခုသာလက်တွေ့အကောင်အထည်ဖေါ်နိုင်ဟု RCSS ပြော

အစိုးရနှင့်သဘောတူညီချက် ၃၀ ကျော်အနက် ၂ ခုသာလက်တွေ့အကောင်အထည်ဖေါ်နိုင်ဟု RCSS ပြော
by -
သျှမ်းသံတော်ဆင့်

လာမည့် ၁၉ ရက်နေ့ ကျိုင်းတုံသဘောတူညီချက် တနှစ်ပြည့်ပြီဖြစ်သော်လည်း သဘောတူညီချက်များ အများအပြားအနက် အကောင် အထည်ဖော်နိုင်သည့်အချက် ၂ ခု သာရှိသေးကြောင်း RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က ထောက်ပြ သည်။

RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်

“ကျနော်တို့ ကျိုင်းတုံမြို့သွားပြီး အစိုးရကိုယ်စားလှယ် နဲ့ တွေ့တာ  မေ ၁၉ ရက်ဆို တနှစ်ပြည့်တော့မယ်။ ဆွေးနွေး သဘောတူညီချက်တွေထဲမှာ အကောင်အထည်ဖော်နိုင်တာဆိုလို့ အချက် ၂ ချက်ဘဲရှိတယ်။ ကျန်တဲ့အချက်တွေကတော့ တချို့လဲ အကောင်အထည်ဖော်ဖို့ကြိုးစားနေတုန်း။ ပိုဆိုးတာက အဓိကကျတဲ့ အပစ်ခတ် ရပ်စဲရေးက လုံးဝ အကောင် အထည်မဖော်နိုင်သေးဘူး” ဟု ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါသည်။

RCSS/SSA နှင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့တို့အကြား ၂၀၁၁ ဒီဇင်ဘာလ ၂ ရက်နေ့ ပဏာမအဆင့် သဘောတူညီချက် ၈ ချက်၊ ၂၀၁၂ ဂျန္နဝါရီလ ၁၆ ရက် တောင်ကြီးမြို့ သဘော တူညီချက် ၁၁ ချက်၊ ၂၀၁၂ မေလ ၁၉ ရက်ကျိုင်းတုံမြို့ ပြည်ထောင်စုအဆင့် (တတိယအကြိမ်ဆွေးနွေးပွဲ) တွင် အချက် ၁၂ ချက် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

သို့သော် ထို သဘောတူညီချက် ၃၁ ချက် အား ဆန်းစစ်ကြည့်သော် အဓိကကျ အချက် ၁၈ ချက် သာရှိကြောင်း လွယ်တိုင်းလျန်းတွင် မကြာမီက ကျင်းပခဲ့သည့် အစည်းအဝေးမှ ထောက်ပြပါသည်။

အဆိုပါ ၁၈ ချက်မှာ-
(၁) အပစ်အခတ်ရပ်စဲရေး ၊
(၂) နိုင်ငံရေးဆွေးနွေးရေး၊
(၃) နယ်မြေဖွံ့ဖြိုးရေး (စက်မှုဇုံတည်ဆောက်ရေး) ၊
(၄) မူးယစ် ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေး၊
(၅) သတ်မှတ်နယ်မြေအတွင်း၌သာ လှုပ်ရှားနေထိုင်ရေး၊
(၆) တဖက်ထိန်းချုပ်နယ်မြေသို့ လက်နက်ကိုင်ဆောင်ဝင်ထွက်မည်ဆိုပါက ကြိုတင်အကြောင်းကြားရန်၊
(၇) အစိုးရထိန်းချုပ်နယ်မြေအတွင်း RCSS ဆက်ဆံရေး ရုံးဖွင့်လှစ်ရေး၊
(၈) နယ်စပ်ဝင်ထွက်ရန်နေရာများအတွက် သျှမ်းပြည် တပ်မတော်နှင့်အစိုးရ တပ်မ တော်တို့ ပူးပေါင်း ညှိနှိုင်းသွားကြရန်၊
(၉) စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်သွယ်ရေး၊ စီးပွါးရေးလုပ်ငန်းများလွတ်လပ်စွာ လုပ်ဆောင် ပိုင်ခွင့်ပေးရန်၊ နည်းပညာနှင့် ကုမ္မဏီ ဖွင့်လှစ်ရေးအတွက်မူ ပြည်ထောင်စုဝန်ကြီးများက ဆက်လက်တာဝန် ယူဆောင်ရွက်သွားပေး ရန်၊
(၁၀) နယ်မြေဖွံ့ဖြိုးရေးအတွက် လက်တွဲဆောင်ရွက်သွားကြရန်၊
(၁၁) စာပေယဉ်ကျေး မှုဖွံ့ဖြိုး တိုးတက်ရေး အတွက် အစိုးရဘက်မှ ကူညီပံ့ပိုးပေးရန်၊
(၁၂) ပြည်တွင်းပြည်ပမှ ပရဟိတ အဖွဲ့အစည်းများထံမှ အကူအညီရယူခွင့်ပေးရန်၊
(၁၃) လွတ်လပ် သော မီဒီယာသတင်းဌာန တည်ထောင်ရန်၊
(၁၄) RCSS/SSA ၏ အကျဉ်းကျနေသော တပ်ဖွဲ့ဝင် များအား ပြန်လွှတ် ပေးရန် (ရာဇဝတ်မှုမှလွဲ၍) ၊
(၁၅) ၂၀၁၂ ဂျူလိုင်လ အတွင်း အပစ်ရပ်နှင့် ငြိမ်းချမ်းရေး စောင့်ကြည့် ရေး အဖွဲ့ ဖွဲ့စည်းနိုင်ရန်၊
(၁၆)  နှစ်ဦးနှစ်ဘက်ကြား ယုံကြည်မှုရရှိသည့်အချိန်တွင် RCSS/SSA အား တရားမဝင်အဖွဲ့၊ ဥပဒေပြင်ပအဖွဲ့အစည်း အဖြစ် မှ ပယ်ဖျက်ပေးမည်၊
(၁၇) ပြည်တွင်းပြည်ပ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းနှင့် လူထုအား လွတ်လပ်စွာ ဆက်သွယ်ခွင့်ပေးသည်၊
(၁၈) RCSS/SSA နယ်မြေ လူထု နှင့် တပ်ဖွဲ့ဝင်များအား တရားဝင် နိုင်ငံရေးစီစစ်ရေးကဒ်ပြားလုပ်ပေးမည် စသည်တို့ဖြစ် ပါသည်။

“အထက်ပါ ပြောတဲ့အချက်တွေထဲမှာ ဆက်ဆံရေးရုံးဖွင့်ရေး နဲ့ နိုင်ငံရေးပါတီ၊ အခြားဖွဲ့အစည်း နဲ့ လူထုတွေတို့လွတ်လပ် စွာ ဆက်ဆံနိုင်ရေးဆိုတဲ့ ၂ ချက်ကလွဲလို့ တခုမှ အကောင်အထည်ဖော်လို့မရ သေးဘူး။ ၁ အချက်ဖြစ်တဲ့ အပစ်ရပ်ရေး ကိစ္စပိုလို့ တောင် မအောင်မြင်သေးတယ်။ နောက်တခု အောက်တိုဘာ ၂၈ ရက် ၂၀၁၂ တုန်းက တာချီလိတ်မှာ UNODC နဲ့ နေပြည် တော် အစိုးရနဲ့ ကျနော်တို့ တွေ့တုန်းက ရခဲ့တဲ့ သဘောတူညီချက် ၉ ချက်ထဲမှာလဲ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေး၊ မူးယစ်ဆေးဝါး အပေါ်မှီခိုအားထားမှုကနေ ပြောင်းလဲရေးအတွက် သျှမ်းပြည်တောင်ပိုင်း မိုးနဲ မိုင်းပန်မြို့ ၂ မြို့ ကိုရွေးထား ပေမယ့် အကောင်အထည်မဖော်နိုင်သေးဘူး” ဟု RCSS အရာရှိတဦးက ပြောပြသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ နှင့် အစိုးရကိုယ်စားလှယ်တို့  အပစ်ရပ်ငြိမ်းချမ်းရေးသဘော တူညီချက်ရရှိပြီး ချိန်မှ စ၍ ယနေ့အထိ RCSS နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲပေါင်း အကြိမ် ၈၀ ထက်မနည်းဖြစ်ပွါးခဲ့ပြီဖြစ် ကြောင်းလည်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ အဆိုပါအရာရှိကြီး ကပြောပါသည်။

မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေးအတွက်မူ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ CCDAC သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ထံမှ ခွင့်ပြုချက်မရသေးသဖြင့် လုပ်ငန်း အကောင်အထည်ဖော်ရန် မစ ရသေးခြင်းဖြစ်ကြောင်း RCSS/SSA မှ အရာရှိတဦးကလည်းပြောပါသည်။

Most read this week