ဇွန်လ ဆူပူ အကြမ်းဖက်မူနဲ့ ပတ်သက် တရားစွဲခံရသူ ရခိုင်အမျိုးသား ၁၀ ဦး ထောင်ဒဏ်များ ချမှတ်ခံရ

ဇွန်လ ဆူပူ အကြမ်းဖက်မူနဲ့ ပတ်သက် တရားစွဲခံရသူ ရခိုင်အမျိုးသား ၁၀ ဦး ထောင်ဒဏ်များ ချမှတ်ခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အတွင်း ၂၀၁၂ ဇွန်လ အတွင်းက ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူ ဖြစ်စဉ်တွင် ပါ၀င်ပတ်သက်သူများ အဖြစ် တရားစွဲ ဖမ်းဆီးခံထားရသူ ရခိုင်အမျိုးသား (၁၀) ကို စစ်တွေ ခရိုင်တရားရုံးက မေလ (၇) ရက် မနေ့က ထောင်ဒဏ် အသီးသီးစီ ချမှတ်လိုက်ကြောင်း သတင်း ရရှိသည်။

သူတို့အား ပြစ်မူအများအပြားဖြင့် အသီးသီး ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု အမူအား လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေမကြီး ဒေါ်အေးနုစိန်မှ နိရဥ္စရာသို့ ပြောကြားသည်။

“ သူတို့အထဲမှာ တချို့ကို ပုဒ်မ ၃၇၉ နဲ့ ထောင်ဒဏ် (၁) နှစ်စီ ချတဲ့ တရားခံတွေ ရှိသလို၊ ပုဒ်မ ၄၃၆ (၃) နှစ်စီနဲ့ ချတဲ့ တရားခံ တချို့ရှိပါတယ်။ တချို့ဆိုရင် ပုဒ်မ ၃၇၉ နဲ့ ပုဒ်မ ၄၃၆  နဲ့ရော တနှစ်၊ သုံးနှစ် တစ်ပေါင်းတည်း ကျခံရတဲ့ တရားခံတွေလည်း ရှိပါတယယ်” ဟု ရှေ့နေမကြီး ဒေါ်အေးနုစိန်မှ ပြောသည်။

ယခု ထောင်ချခံရသည့် တရားခံများမှာ ကျောက်တော်မြို့နယ် ကျောက်ဖြူ ရွာသစ်၊ ရွာသစ်ကေ၊ အုတ်ကြွက်နှင့် ကသစ်တော ကျေးရွာများမှ ဖြစ်ကြသည်။ ဖမ်းဆီးတရားစွဲခံရသူ (၁၀) ဦးစလုံးကို ထောင်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ တစ်ယောက်မှ မလွှတ်ပါဘူး။ အကုန်လုံး ထောင်ချခံရပါတယ်။ တရားမျှတမူ ရှိသလား၊ မရှိဘူးလားဆို တာကတော့ ကျွန်မတို့မှာ တရားမျှတမူ မရှိရင် ဘယ်အမူမှာ မျှတမူ မရှိဘူးဆိုတာကို ထုတ်နုတ်ပြီး အထက် တရားရုံးမှာ  အယူခံပိုင်ခွင့်ရှိပါတယ်။ ဒါဘဲ လောလောဆယ် ပြောနိုင်မှာပါ” ဟု ရှေ့နေမကြီး ဒေါ်အေးနုစိန်က ဆိုသည်။

ထောင် (၃) နှစ် ချမှတ်ခံရသူများမှာ  ကျောက်တော်မြို့နယ်မှ ကျေးရွာများ ဖြစ်ကြသော ကျောက်ဖြူ ရွာသစ် ကျေးရွာမှ ကျော်လှဖြူနှင့် မောင်ထွန်းဝင်း၊  ရွာသစ်ကေကျေးရွာမှ မောင်သိန်းဝင်းနှင့်  မောင်အေးချေ၊ အုတ်ကြွက်ကျေးရွာမှ မောင်စံလှိုင်နှင့် ကသစ်တောကျေးရွာမှ စောရွှေမောင် တိို့ ဖြစ်ကြသည်။

ထောင် (၁) နှစ် ချမှတ်ခံရသူများမှာ ကသစ်တောကျေးရွာမှ ကျော်ဆန်းနှင့် ကျော်ထွန်းဝင်း၊ ကျောက်ဖြူရွာ သစ်မှ အောင်သန်းဌေးတို့ ဖြစ်ကြသည်။ ထောင် (၉) လ ချမှတ်ခံရသူ တစ်ဦးမှာ ကျောက်ဖြူ ရွာသစ်မှ  စံရဲကျော် တို့ ဖြစ်ကြသည်။

ဆရာမကြီး ဒေါ်အေးနုစိန် လိုက်ပါ ဆောင်ရွက်နေသော အမူများထဲတွင် အမူမစီရင်ရသေးဘဲ ကျန်နေသူ ၁၃ ဦးရှိပြီး ထိုအထဲတွင် မြောက်ဦးမြို့နယ် ယိုင်သည်ရွာ အမူနဲ့ ပတ်သက်တဲ့သူ (၈) ဦးနဲ့ ပုရိန်ရွာနဲ့ပတ်သက် တဲ့သူ  ၅ ဦးတို့ ဖြစ်ကြောင်း သိရသည်။

Most read this week