ပိုင်ရှင်အားရိုက်နှက်ပြီး တပ်သားများ မော်တော်ဆိုင်ကယ် လုယက်

ပိုင်ရှင်အားရိုက်နှက်ပြီး တပ်သားများ မော်တော်ဆိုင်ကယ် လုယက်
by -
အာကာ
တပ်သားများက အရပ်သားများအား ရိုက်နှက်၍ မော်တော်ဆိုင်ကယ် လုယက်မှုတစ်ခု မကြာမီရက်ပိုင်းအတွင်းက မွန်ပြည်နယ် သံဖြူဇရပ်မြို့ အခြေစိုက် အမှတ် (၆၂) ခြေလျှင်တပ်ရင်းရှေ့၌ ဖြစ်ပွားခဲ့သည်။ သံဖြူဇရပ်မြို့ အောင်မင်္ဂလာရပ်ကွက်နေ ကိုအမှိုက်နှင့် ကိုနေစိုးတို့ (၂) ဦးမှာ ...

တပ်သားများက အရပ်သားများအား ရိုက်နှက်၍ မော်တော်ဆိုင်ကယ် လုယက်မှုတစ်ခု မကြာမီရက်ပိုင်းအတွင်းက မွန်ပြည်နယ် သံဖြူဇရပ်မြို့ အခြေစိုက် အမှတ် (၆၂) ခြေလျှင်တပ်ရင်းရှေ့၌ ဖြစ်ပွားခဲ့သည်။

သံဖြူဇရပ်မြို့ အောင်မင်္ဂလာရပ်ကွက်နေ ကိုအမှိုက်နှင့် ကိုနေစိုးတို့ (၂) ဦးမှာ လွန်ခဲ့သည့် ဖေဖော်ဝါရီလ (၂) ရက်နေ့ ည (၈) နာရီခန့်တွင် သံဖြူဇရပ်မြို့နှင့် (၂) မိုင်ဝန်းကျင်ခန့်ဝေးသော ကွမ်လှာရွာမှ အပြန် ခလရ (၆၂) ရှေ့အရောက်တွင် အရပ်ဝတ်နှင့် စစ်ယူနီဖောင်း ဝတ်ဆင်ထားသော လူ (၁၀) ဦးခန့်က ၄င်းတို့ (၂) ဦးအား ရိုက်နှက်ခဲ့ခြင်းကြောင့် ကိုနေစိုးမှာ ဦးခေါင်းကွဲပြီး မော်တော်ဆိုင်ကယ်နှင့်အတူ မှောက်ကျန်ခဲ့သည်။

ထွက်ပြေးလွတ်မြောက်သွားသော ကိုအမှိုက်မှာ ရယက ဥက္ကဌအား တိုင်ကြားခဲ့ပြီး ရယက ဥက္ကဌနှင့် ရပ်ကွက်လူငယ်များ အမှုအခင်းဖြစ်ပွားသော နေရာသို့ရောက်လာချိန်၌ မော်တော်ဆိုင်ကယ်မှာ တပ်တွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်ဟု မျက်မြင်တစ်ဦးက ပြောသည်။

“ဆိုင်ကယ်မှောက်ပြီး လူတစ်ယောက် ထွက်ပြေးသွားတဲ့အချိန်မှာ စစ်သားတွေက ဆိုင်ကယ်ကို တပ်ထဲမောင်းပြေးသွားတယ်” ဟု ၄င်းက ပြောသည်။

ရပ်ကွက်လူငယ်များမှာ တပ်သားတို့၏ လုပ်ရပ်ကို မကျေနပ်၍ ပြန်လည်ရိုက်နှက်ရန် တပ်တွင်းသို့ ရောက်လာချိန်၌ ဗိုလ်ကြီးတစ်ဦးမှ မိမိ၏တပ်သားများအား မိမိကိုယ်တိုင် ဆုံးမပေးမည်ဖြစ်ကြောင်း၊ မိမိ၏တပည့်တပ်သားများ၏လုပ်ရပ်အတွက် မိမိတောင်းပန်ကြောင်း၊ တပ်သားများ လုယက်သိမ်းယူခဲ့သည့် မော်တော်ဆိုင်ကယ်ကို ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ရပ်ကွက်ဥက္ကဌနှင့် ရပ်ကွက်လူငယ်များအား ဖြေသိမ့်ခဲ့သည်ဟု တပ်တွင်းသို့ လိုက်သွားရာ၌ ကိုယ်တိုင်ပါဝင်သည့် လူငယ်တစ်ဦးက ပြောသည်။

၄င်းပြင် ယခုဖြစ်ရပ်အား ပြင်ပသို့ မပေါက်ကြားရန်နှင့် ပတ်ဝန်းကျင်မှ မေးမြန်းလာပါက ယာဉ်တိုက်မှုဖြစ်ပြီး မော်တော်ဆိုင်ကယ်အား တပ်ရင်းမှ ခေတ္တသိမ်းထားခြင်းသာ ဖြစ်သည်ဟု ဖြေကြားစေလိုကြောင်း အထက်မှ ဗိုလ်ကြီးက ၄င်းတို့အား မှာကြားခဲ့သည်ဟု ၄င်းလူငယ်က ဆက်၍ရှင်းပြသည်။

ကိုယ်တိုင်ကြံုတွေ့ခဲ့ဘူးသူတစ်ဦး၏ ပြောပြချက်အရ ခလရ (၆၂) နှင့် ဖောင်စိန်ကျေးရွာအကြားတွင် ညအချိန်၌ မော်တော်ဆိုင်ကယ်လုယက်မှု၊ မော်တော်ဆိုင်ကယ်တား၍ ငွေတောင်းမှု မကြာခဏ ဖြစ်လေ့ရှိပြီး၊ လွန်ခဲ့သည့် (၁၅) ရက်ခန့်ကပင် ဝါခရူကျေးရွာမှ ရွာသားတစ်ဦး မော်တော်ဆိုင်ကယ် လုယက်ခံခဲ့ရသည်။ မိမိကိုယ်တိုင်လည်း လွန်ခဲ့သည့် တစ်နှစ်ခန့်က မော်တော်ဆိုင်ကယ် အတားခံရပြီး ငွေတောင်းခံခဲ့ရသည်။

“ကျနော်က သံဖြူဇရပ်ကနေအပြန် လူနှစ်ယောက်က ကျနော့်ကိုတားပြီး ပိုက်ဆံတစ်သောင်း တောင်းတယ်။ ကျနော့်မှာ မလမ လိုင်စင်ရှိလို့ ကျနော်က မပေးတော့ ရိုက်ခွဲထားတဲ့ ဘီယာပုလင်းနဲ့ ကျနော့်ကို ရိုက်တယ်။ ကျနော်က လှမ်းတားတော့ ကျနော့်လက်မှာ ပုလင်းအရှ ခံလိုက်ရတယ်” ဟု မုဒုံမြို့နယ် ဒိုးမားကျေးရွာသားတစ်ဦးက ပုလင်းကွဲအရှခံရသည့် ဒဏ်ရာကိုပြ၍ ပြောပြခဲ့ဘူးသည်။

Most read this week