ပဏာမသဘောတူညီချက် လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရစစ်တပ်တိုက်ပွဲ များ အခုတစ်လော ဖြစ်ပွားလာပါသည်။
ကရင်ပြည်နယ်တွင် DKBA နှင့် BGF ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် SSA/SSPP နှင့် အစိုးရစစ်တပ်၊ ရှမ်းပြည်နယ်တောင်ပိုင်း ၌ RCSS နှင့် အစိုးရစစ်တပ် စသဖြင့် တိုက်ပွဲတွေ ဖြစ်ပွားနေပါသည်။
ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းမှာ အစိုးရစစ်တပ်များ အတင်းဝင်ရောက် နေရာယူလာမှုများ ကြောင့်ဖြစ်သည်။ အစိုးရစစ်တပ်သည် သူတို့ကိုယ်သူတို့ “နိုင်ငံတော်စစ်တပ်” ဖြစ်သည်။ သို့အတွက် မည်သည့်နေရာဒေသသို့မဆို အချုပ်အငင် မရှိ ဝင်ထွက်သွားလာမည်၊ တပ်စွဲနေရာချထားမည်၊ ယင်းသို့ မောက်မာလှသော သဘောထားဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ ထိန်းချုပ် တပ်စွဲ အခြေပြုထားသည့် နယ်မြေဒေသများသို့ ဇွတ်တိုးဝင်ရောက်လာသဖြင့် ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားလာရခြင်းဖြစ်သည်။
စစ်တပ်တွင် ဤသဘောထားနှင့် ဤလုပ်ရပ် ရှိနေသမျှ တိုက်ပွဲများသည် ဆက်လက် ဖြစ်ပွားနေမည် သာဖြစ်သည်။
“၂၀၀၈ အခြေခံဥပဒေ” ရေးသားအတည်ပြုခြင်း မပြုနိုင်မီက (နဝတ-နအဖ) စစ်အစိုးရသည် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့ အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြရာတွင် “စိုးမိုးထိန်းချုပ် ထားသော နယ်မြေနှင့် လက်နက်ကိုင်တပ်”ကို အသိအမှတ်ပြုခဲ့သည်။ ထိုသို့ အသိအမှတ်ပြုခြင်းမှာ သဘောရိုးဖြင့်မဟုတ်။ ပရိယာယ်ဖြင့် အချိုသပ် လိုက်လျောသည့်သဘော မျိုးသာ ဖြစ်သည်။
ထိုစဉ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ နိုင်ငံရေးဆွေးနွေးရန် (နဝတ-နအဖ)စစ်အစိုးရထံ တောင်းဆိုခဲ့ကြဖူး သည်။ တင်ပြခဲ့ကြဖူးသည်။ ထိုတင်ပြချက်ကို (နဝတ-နအဖ) စစ်အစိုးရက တုန့်ပြန်သည် မှာ သူတို့သည် စစ်အစိုးရဖြစ်သည် နောင်အရပ်သား အစိုးရပေါ်ပေါက်လာမှ “နိုင်ငံရေးစကားပြောကြပါ”ဟူ၍ ဖြစ်သည်။ သို့ဖြင့် နိုင်ငံရေးအရ မဆွေးနွေးခဲ့ကြရ၊ သို့ သော်လည်း “ညီလာခံ”သို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
ယခုအခါ “၂၀၀၈ အခြေခံဥပဒေ” အတည်ဖြစ်ပြီး “အစိုးရသစ်” ပေါ်ပေါက်လာသောအခါတွင် တစ်ချိန်က သဘောတူညီထား သည့်အတိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ၎င်းတို့ စိုးမိုးထိန်းချုပ်ထား သည့်နယ်မြေနှင့် တပ်ကို အသိအမှတ်ပြု၍ မဖြစ်နိုင်တော့ပြီ။ အသိအမှတ်လည်း မပြုနိုင်။ သို့အတွက် ပဏာမသဘောတူညီချက် လက်မှတ်ရေးထိုးခြင်း၊ပြည်ထောင်စု အဆင့် ဆွေးနွေးခြင်းဟူသော ကိစ္စများ ဖေါ်ထုတ်လာခြင်းဖြစ်သည်။ ပြန်လည် လက်မှတ်ထိုးကြရခြင်းဖြစ်သည်။
ယင်းသို့ ပဏာမအဆင့်/ပြည်ထောင်စုအဆင့် ဆွေးနွေးမှုများ ဖေါ်ထုတ်လာရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဦးသိန်းစိန် ကြ့ံဖွံ့ အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ၎င်းတို့ စိုးမိုးထိ်န်းချုပ် ထားသည့် နယ်မြေနှင့် တပ်ကို (နဝတ-နအဖ) စစ်အစိုးရ အသိအမှတ် ပြုထားခဲ့သည့်အတိုင်း ဆက်လက် အသိအမှတ်မပြုလိုတော့၍ ဖြစ်သည်။
“၂၀၀၈ အခြေခံဥပဒေ” အရ ၎င်းတို့သည် တစ်ပြည်လုံးကို စိုးမိုးထားနိုင်သော အစိုးရနှင့် စစ်တပ်ဖြစ်နေပြီ မဟုတ်ပါလား။
သို့ဖြင့် ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည် တစ်ချက်ခုတ်နှစ်ချက်ပြတ် သဘောထားဖြင့် တစ်ချိန်က “အသိအမှတ် ပြုမှု”ကို ပယ်ဖျက်ပြီး တစ်ဆက်တည်းတွင် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၏ လက်နက်ကိုင် တပ်ဖွဲ့များကို “နယ်ခြားစောင့်တပ်”အဖြစ် အသွင်ပြောင်းကာ အခြေခံဥပဒေဘောင်ထဲထိုးထည့်နေခြင်း ဖြစ်သည်။
ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တန်းတူရည်ရှိသော နိုင်ငံရေးအရ ဆွေးနွေးမှုကို မည်သို့မျှ ပြုလုပ်ခြင်းမရှိဘဲ “၂၀၀၈အခြေခံဥပဒေ”ဘောင်ထဲ အတင်းမောင်း သွင်းနေသည်။ နိုင်ငံရေးဆွေးနွေးမှုကို “လွှတ်တော် ထဲတွင်ဆွေးနွေးပါ”ဟု အချိုသပ်နေသည်။ “၂၀၀၈ အခြေခံဥပဒေ”ထဲက ဇယား (၁)နှင့် (၂)ပါ အချက်အလက်များ ဟိုတိုး ဒီဖြည့် လုပ်ရုံမျှဖြင့် “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်”များ ရရှိလာမည်ဟု လှည့်ပတ် မြှူဆွယ်နေသည်။
“ပင်လုံကဲ့သို့ညီလာခံကြီး” ဆိုသည်နှင့် ဖြားယောင်းနေသည်။ အဆိုးရွားဆုံးမှာ တိုင်းရင်းသားလူမျိုးစုများ၏ အဓိက နိုင်ငံရေး တောင်းဆိုချက်ဖြစ်သော “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်”ကို “လက်ပ်တော့ပ် ကိုင်ချင်ပါပြီ” ဆိုသောစကားဖြင့် သရုပ်ဖျက် ခြင်း ဖြစ်သည်။
“လက်နက်နှင့် ငြိမ်းချမ်းရေး” လဲလှယ်ပြီးနောက် “လက်ပ်တော့ပ်နှင့် တန်းတူရေး/ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” လဲလှယ်ရမည့် သဘော ဖြစ်နေသည်။
လက်ရှိအခြေအနေတွင် မိမိတို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ဦးသိန်းစိန်ကြံ့ဖွ့ံ အစိုးရနှင့် နိုင်ငံရေးအရ တန်းတူရည်တူ ဆွေးနွေးနိုင်ဖို့ လိုအပ်ပါသည်။ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်သော နိုင်ငံရေးသဘောတူညီ ချက်များ အခြေခံကျကျရရှိရေးကို ဦးတည်ဆွေးနွေးရမည်ဟု ယူဆပါသည်။ “၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲသို့ အလျင်စလို ဝင်ခြင်း လုံးဝ မဖြစ်သင့်ပါ။
မိမိတို့တိုင်းရင်းသား ဘိုးဘေးမျိုးဆက်များသည် “၁၉၄၇ အခြေခံဥပဒေ” ကို ဥပဒေဘောင်ထဲက ပြင်ဆင်ရန် လုံးပမ်းခဲ့ဖူးသည့် အတွေ့အကြံု ရှိခဲ့ဖူးပါသည်။ ထိုသို့ ကြိုးစားခဲ့ကြစဉ်ကလည်း ပြည်နယ်များ နစ်နာနေ သည့်အချက်များကိုသာ ရွေးထုတ်ပြီး ပြင်ဆင်ကြမည်လား ဟူသည့်ကြံဆချက် ပေါ်ပေါက်ခဲ့ဖူး ပါသည်။ နောက်ဆုံးတွင် အပေါ်ယံလိမ်းဆေးနည်းများဖြင့် ပြည်ထောင် စုစစ်စစ် ပြင်ဆင်ဖွဲ့စည်း တည်ဆောက်၍ မရနိုင်၊ အခြေခံဥပဒေကို အရင်းအမြစ်ကျကျ ပြုပြင်ရေးဆွဲမှသာ ဖြစ်နိုင်လိမ့်မည်ဟူ သော နည်းလမ်းအမှန်ကို သဘောပေါက်ခဲ့ကြသည်။
ယင်းသို့ သဘောပေါက်သည့်အတိုင်း “၁၉၄၇ အခြေခံဥပဒေ” ကို “တပြည်ထောင်စနစ်” (Unitary state) မှ ပြည်ထောင်စုစစ် စစ် (Federal state) ဖြစ်လာစေရန် အခြေခံဥပဒေဘောင်ထဲကနေ တရားဥပဒေနှင့်အညီ ကြိုးပမ်းခဲ့ကြသည်။ ထိုသို့ကြိုးပမ်းခဲ့မှု များနှင့် တိုင်းရင်းသားလူမျိုးစုများ၏ နစ်နာမှုများကို တောင်ကြီး ဦးထွန်းမြင့် ရေးသားပြုခဲ့သော စာအုပ်၊ စာတမ်းများတွင် အတိအလင်း ပါရှိပါသည်။ (ထိုစာအုပ်စာတမ်းများကို ယခု ကာလတွင် ပြန်လည် ပုံနှိပ်ထုတ်ဝေသင့်ပါသည်) မိမိတို့ တိုင်းရင်းသားဘိုး ဘွား အဆက်ဆက်၏ အားထုတ်ကြိုးပမ်းမှုသည် ၁၉၆၂ခုနှစ်၊ မတ်လ ၂ရက်နေ့တွင် စစ်တပ်အာဏာသိမ်းမှုဖြင့် အဆုံးသတ်ခဲ့ ကြရသည် မဟုတ်ပါလား။ “၁၉၄၇ အခြေခံဥပဒေ” သည်လည်း နိဂုံးချုပ်ခဲ့ရသည် မဟုတ်ပါလော။
ယခု “၂၀၀၈ အခြေခံဥပဒေ” တွင် တိုင်းရင်းသားလူမျိုးများအတွက် “၁၉၄၇ အခြေခံဥပဒေ”မှာကဲ့သို့ “အခွင့်အလမ်း”မျိုး မပါရှိ ချေ။ ပြင်ဆင်နိုင်သည့် အခွင့်သာချက်မျိုးလည်း မရှိချေ။ “၁၉၄၇အခြေခံဥပဒေ” သည် “၂၀၀၈အခြေခံဥပဒေ”နှင့် နှိုင်းယှဉ်လျှင် ပြင်ဆင်ရန် လွယ်ကူသော အခြေခံဥပဒေ အမျိုးအစား ဖြစ်ပါသည်။
“၂၀၀၈အခြေခံဥပဒေ”သည် ပြင်ဆင်ရန် အင်မတန်ခက်ခဲသောဥပဒေ (rigid constitution) ဖြစ်ပြီး ဥပဒေဆိုင်ရာစံနှုန်း၊ နိုင်ငံ ရေးဆိုင်ရာစံနှုန်း၊ ယုတ္တိဗေဒဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီဆီလျှော်သည့် အခြေခံဥပဒေ မဟုတ်ကြောင်း ပြည်တွင်းပြည်ပ ဥပဒေပညာရှင်များက စနစ်တကျ ထောက်ပြဝေဖန်ထားပြီး အခြေခံဥပဒေသစ်တစ်ခု ထပ်မံ ရေးဆွဲအစားထိုးရန် အကြံပြု တိုက် တွန်းဆော်သြနေပါသည်။
မိမိတို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ယင်းအချက်များကို အလေးအနက် အသိအမှတ်ပြုပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေး / အသစ်အစားထိုး ရေးဆွဲရေးလှုပ်ရှားမှုကို နီးနီးကပ်ကပ် လေ့လာစောင့်ကြည့်သွားရန်၊ အားပေးထောက်ခံ သွားရန်နှင့် ပါဝင်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထို့အပြင် အခြေခံဥပဒေနှင့် ပတ်သက်သော မိမိတို့၏ သဘောထားအမြင်များ ကို ဖော်ထုတ်သွားရမည်ဟု ယူဆပါသည်။
သို့ပါ၍ မိမိတို့တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများအနေဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေးလှုပ်ရှားမှုနှင့် ၂၀၁၅ ရွေးကောက် ပွဲတို့ကို လေ့လာစောင့်ကြည့်ပြီးနောက် ပေါက်ပေါက်လာသည့် အခြေအနေအပေါ် မူတည်၍ မိမိတို့တည်ရှိမှုကို ဖြစ်ထွန်းပေါ် ပေါက်လာသည့် အခြေအနေသစ်နှင့်အညီ လိုက်ပါဆောင်ရွက်သွား ကြရမည်သာ ဖြစ်ပါသည်။
အသစ်ဖြစ်ပေါ်လာမည့် အခြေခံဥပဒေသစ်တွင် ဒီမိုကရေစီအခွင့်အရေးများ၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ကို တကယ်တမ်း အာမခံနိုင်သည့်မူများ အခြေခံကျကျ ပြဋ္ဌာန်းပါရှိလာသော အခြေအနေအချိန်အခါတွင် အခြေခံဥပဒေဘောင်ထဲသို့ဝင်ရန် စဉ်းစားဆုံးဖြတ်သင့်ပါကြောင်း တိုက်တွန်းရေးသားအပ်ပါသည်။