မူးယစ်ဆေးဝါးကြောင့်အကျင့်ပျက်မှုကို ဦးစားပေးဖြေရှင်းမည်ဟု KNPP ပြော

မူးယစ်ဆေးဝါးကြောင့်အကျင့်ပျက်မှုကို ဦးစားပေးဖြေရှင်းမည်ဟု KNPP ပြော
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်မှာ မူးယစ်ဆေးဝါးကြောင့် လူမှုရေးပျက်ပြားနေတာတွေကို ပြုပြင်ဖို့အတွက် ဦးစားပေး လုပ်ဆောင်သွား မယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီကနေပြီး ၁၂ ကြိမ်မြောက် ကွန်ဂရက်ဖွင့်ပွဲ အခမ်းအနားမှာ ပြောဆိုလိုက်ပါတယ်။

"ကျနော်တို့ပြည်နယ်အတွင်းမှာ ကျနော်တို့အမျိုးသားတွေ ဒီမူးယစ်ဆေးဝါးကြောင့် တော်တော်လေး ပျက်စီးနေတာကိုတွေ့ရတယ်။ အဲဒါကိုကျနော်တို့ ဘယ်လိုကိုင်တွယ် ဖြေရှင်းရမလဲဆိုတာ အဓိကအဲဒါပဲ။ ပါတီကနေပြီး အားလုံးပါဝင်ပြီးတော့ လူထုတွေရဲ့ဆန္ဒနဲ့ ပါဝင်ဆောင်ရွက်သွားမယ်" လို့ ကွန်ကရက် ကျင်းပရေး ကော်မတီဥက္ကဌ ခူးထဲဘူးက ပြောပါတယ်။

၁၂ ကြိမ်မြောက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကွန်ကရက်အခမ်းအနား မေလ ၆ ရက်နေ့မှာ ကရင်နီထိမ်းချုပ်နယ်မြေ ညာမိုတပ်စခန်းမှာ ကျင်းပပြုလုပ်ကြပါတယ်။

ကွန်ကရက်ကို မေလ ၆ ရက်ကနေ ၁၀ ရက်နေ့ထိ ကျင်းပပြုလုပ်သွားကြမှာဖြစ်ပြီး ရှေ့ဆက်လုပ်ငန်းစဉ်များ ဖြစ်ကြတဲ့ ကရင်နီပြည်တွင်း ပါတီစည်းရုံးရေး၊ အမျိုးသားစာ ပြန့်ပွားရေးကိစ္စ၊ မူးယစ်ဆေးဝါးပပျောက်ရေး၊ လူထုနေရာ ပြန်လည်ချ ထားရေးကိစ္စနဲ့အတူ လာမည့် ၂၀၁၅ ခုရွေးကောက်ပွဲအပေါ် ပါတီရဲ့သဘောထားတို့ကို ဆွေးနွေးဆုံးဖြတ်သွားကြမှာ ဖြစ်ပါတယ်။

ယနေ့ကျင်းပပြုလုပ်တဲ့ ကွန်ကရက်ကို ပါတီဝင်ကိုယ်စားလှယ် ၁၀၀ ကျော်တက်ရောက်ပြီး ပထမနေ့မှာ KNPP ရဲ့ လေးနှစ်တာဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်များကို ပြန်လှည်သုံးသပ်ခြင်းနဲ့ အတည်ပြုခြင်းများ ပြုလုပ်သွားပါတယ်။