မဒေးကျွန်း ဆန္ဒပြ ခေါင်းဆောင် ၁၀ ဦးကို တရားရုံးတင်၍ ရွာသား ၆၀၀ ခန့် တရားရုံးသို့ ချီတက်

မဒေးကျွန်း ဆန္ဒပြ ခေါင်းဆောင် ၁၀ ဦးကို တရားရုံးတင်၍ ရွာသား ၆၀၀ ခန့် တရားရုံးသို့ ချီတက်
by -
နိရဥ္စရာ

မဒေးကျွန်း (လက်ရှိ အခေါ် မြဒေးကျွန်း) မှ ဆန္ဒပြ ခေါင်းဆောင် ၁၀ ဦးကို ယမန်နေ့က ကျောက်ဖြူ မြို့နယ် တရားရုံးတွင် ရဲတပ်ဖွဲ့ မှ ရုံးတင် တရားစွဲဆိုရာ  ကျွန်းပေါ်မှ ရွာသား ၆၀၀ ခန့်သည် စက်လှေများဖြင့် လိုက်ပါလာပြီး ကျောက်ဖြူမြို့နယ် တရားရုံးထိ ချီတက်ပြီး သူတို့အား လွှတ်ပေးရန် တောင်းဆိိုခဲ့ကြသည်ဟု သတင်း ရရှိသည်။

မဒေးကျွန်းမှ ရွာသား အများအပြားသည်  ကျောက်ဖြူမြို့သို့ အရေးဆိုရန် လိုက်ပါလာကြသည် ဆိိုသော သတင်း ကျောက်ဖြူမြို့တွင် ပျံ့နှံ့သွားပြီးနောက် အာဏာပိုင်များသည် တရားစွဲဆိုခံရသူ ရွာသား (၁၀) ဦးအား ခံဝန် လက်မှတ် အမြန် ရေးထိုးခိုင်းကာ လွှတ်ပေးလိုက်သည်ဟု တရား  စွဲဆိုခံရရာတွင် ပါ၀င်သူ ကိုထွန်းကြည်က ပြောသည်။

Protest-Against-the-Shwe-Gas-Project-CNPC-Maday

“ကျွန်တော်တို့ကို သူတို့က အစပိုင်းမှာ ခံဝန်လက်မှတ်ထိိုးဖို့ လူရှာခိုင်းတယ်။ ပြင်ပလူတွေက ခံဝန် လက်မှတ်ရေးထိုးမှ လွှတ်ပေးနိုင်မယ်လို့ ဆိုတယ်။ ရွာသားတွေ စုစုပေါင်း ၆၀၀ ခန့် လိုက်လာတယ် ဆိုတဲ့ သတင်းတွေ ထွက်လာတော့ ချက်ချင်းဘဲ ကျွန်တော်တို့ကို ကိုယ်ခံဝန် ကိုယ်လက်မှတ် ထိုးခိုင်ပြီး ချက်ချင်း လွှတ်ပေးလိုက်ပါတယ်” ဟု ဆိုသည်။

ထိုသို့ လွှတ်ပေးလိုက်သော်လည်း ကျေးရွာသား ၆၀၀ ခန့် ကျောက်ဖြူမြို့ ရုံးတက်လမ်းမှ မြို့နယ် တရားရုံးထိ ချီတက်လာခဲ့ကြကြောင်း၊ ဗိုလ်ငမောက်လမ်းသို့ အရောက်တွင် သက်ဆိုင်ရာ ခရိုင်ရဲမှူးကြီးနှင့် ရဲတပ်ဖွဲ့ဝင်များက ရှေ့ဆက် မသွားနိုင်အောင် တားမြစ်ခဲ့ကြောင်း၊ ၎င်းနောက်ပိုင်း ခံဝန်ဖြင့် လွှတ်ပေးလိုက် သူ ၁၀ ဦးအား ခေါ်ယူလာပြီး သူတို့အား လွှတ်ပေးလိုက်ပြီ ဖြစ်သဖြင့်အိမ်ပြန်ကြရန် မေတ္တာ ရပ်ခံ ပြောကြားသဖြင့် ရွာသားများသည် ဗိုလ်ငမောက်လမ်းမှ မိမိနေရာသို့ ပြန်ခဲ့ကြသည်ဟု ကိုထွန်းကြည်က ပြောသည်။

“ရွာသားတွေကလည်း လွှတ်ပေးလိုက်ပြီဆိုတော့ ရှေ့ဆက် မသွားတော့ဘဲ အိမ်ပြန်ခဲ့ကြပါတယ်။ ကျွန်တော်တို့ကို ရုံးချိန်းပေးလိုက်တာ ကတော့ မေလ ၁၆ ရက်နေ့ ဖြစ်ပါတယ်” ဟု ကိုထွန်းကြည်က ဆိုသည်။

တရားစွဲခံရသူများမှာ မြဒေးကျွန်းပေါ်ရှိ  ကျောက်တန်းရွာက ဦးမောင်မောင်မြင့်၊ မောင်မျိုးနိုင်၊ မောင်ယဉ်လှ၊ ပြင်ရွာက ဦးမောင်မောင်စော၊ ဦးမောင်သန်းအေးနဲ့ နောက်တစ်ဦး ရွာမရွာက ဦးအောင်သိန်းထွန်း၊ ထွန်းခင်နု၊ ဦးမောင်ဖြူသီးနှင့် ဦး ထွန်းကြည်တို့ ဖြစ်ကြသည်။

သူတို့အား ဧပြီလ ၁၈ ရက်နေ့က မဒေကျွန်းတွင် တရုတ်ကုမ္ပဏီ CNPC အား ဆန္ဒပြရာတွင် ဦးဆောင်ပါ ၀င်သည်ဟု ဆိုကာ မဒေးကျွန်း ရဲစခန်းမှူး ဦးစောဝင်းမှ တရားလို လုပ်ကာ တရားစွဲဆိုခြင်း ဖြစ်သည်။

“ ကျွန်တော်တို့က လုံးဝ အပြစ် မရှိဘူးလို့ ခံယူတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော်တို့ဟာ တရားဥဒေနဲ့ အညီ ဆန္ဒပြခွင့် ရရှိရေး အတွက် မြို့နယ် ရဲတပ်ဖွဲ့မှူးဆီမှာ အကြိမ်ကြိမ် တောင်းဆို ခဲ့တယ်။ ဒါပေမယ့် ခွင့်မပြုခဲ့ဘူး။ ပြည်နယ်ကို တင်ပြန်တော့လည်း ခွင့်ပြုချက် မပေးဘူး။ ကျွန်တော်တို့ ကလည်း ကျွန်တော်တို့ ကျွန်းသူ ကျွန်းသားတွေ နစ်နာနေတာတွေကို မတင်ပြ မတောင်းဆိုရင် မရတဲ့ အခြေအနေ ဆိုတော့ ဆန္ဒပြပွဲကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ခဲ့ရတာ ဖြစ်ပါတယ်။ ခွင့်ပြုချက် မပေးတဲ့ အတွက် ကျွန်တော်တို့မှာ အပြစ် မရှိဘူး။ ကျွန်းသူ ကျွန်းသားတွေကတော့ လိုလားချက်တွေ မရတဲ့ အပြင် ခုလို တရားစွဲတဲ့ အပေါ်မှာ အထူး မကျေနပ်မူတွေ ဖြစ်နေကြပါတယ်” ဟု ကိုထွန်းကြည်က ဆိုသည်။

ဧပြီလ ၁၈ ရက်နေ့က မြဒေးကျွန်းမှ  ရွာသား ၈၀၀ ခန့်သည် ဥယာဉ်ခြံမြေတွေကို နိုင်ငံတကာ စံနုန်းအတိုင်း ပေးလျော်ရေး၊ ရွာဆက် လမ်းတွေကို ကောင်းမွန်စွာ ပြုလုပ်ပေးရေး၊ ကျွန်းပေါ်က အလုပ်သမားကဒ်ရှိသူ တွေကို အလုပ်အကိုင် ခန့်အပ်ပေးရေးနဲ့ နိုင်ငံတကာ လစာအတိုင်း ပေးရေး၊  မဒေးကျွန်းမှာရှိတဲ့လူနေအိမ် တွေနဲ့ အဆောက်အဦးတွေမှာ လျှပ်စစ်မီး ရရှိရေး၊ ကျွန်းပေါ်မှာ ရာဇဝတ်မူတွေ မပေါ်ပေါက်ရေး အတွက် ပြင်ပက အလုပ်လာလုပ်တဲ့ လူတွေကို သေချာစွာစိစစ်ရေး၊ ကျွန်းပတ်လည်မှာ လွတ်လပ်စွာ ငါးဖမ်းခွင့် ရရှိရေး၊ ကျွန်းပေါ်မှာရှိတဲ့ မြေတွေကို ရွာသူ ရွာသားတွေကို အသိမပေးဘဲ သိမ်းယူနေတာကို ရှောင်ရှားရေး၊ ပျက်စီးသွားတဲ့ ကျွန်းပေါ်က တာတမံကြီးကိုပြန်လည် တည်ဆောက်ပေးရေးနဲ့ စီမံကိန်းကြောင့် ထိခိုက်နစ်နာ ခဲ့ရတဲ့ ဒေသခံတွေကိ လျော်ကြေးတွေ ထုတ်ပေးရေးတို့ အတွက် တရုတ်ကုမ္ပဏီ CNPC ရုံးရှေ့ထိ ချီတက် တောင်းဆို ဆန္ဒပြခဲ့ကြသည်။

Most read this week