မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချခြင်း ရပ်တန့်ဖို့ မွန်ဒေသ လူမှုဖွ့ံဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲ တောင်းဆို

မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချခြင်း ရပ်တန့်ဖို့ မွန်ဒေသ လူမှုဖွ့ံဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲ တောင်းဆို
by -
မဇ္စျိမ

မွန်ဒေသအတွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချခြင်းဖြင့် မွန်လူငယ်များအပေါ် ဆိုကျိုး သက်ရောက် စေမည့် လုပ်ရပ်များအား ရပ်တန့်ပေးရန် မွန်ဒေသ လူမှုဖွံ့ဖြိုး တိုးတက်ရေး နှီးနှောဖလှယ်ပွဲက တောင်းဆိုလိုက်သည်။

နှီးနှောဖလှယ်ပွဲကို ပထမဆုံးအကြိမ် မေလ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ၊ မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကမာဝက် ကျေးရွာတွင် ကျင်းပခဲ့ပြီး မွန်၊ ကရင်ပြည်နယ်၊ တနင်္သာရီ၊ ရန်ကုန်၊ ပဲခူးတိုင်း ဒေသကြီးမှ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဆိုင်ရင်အဖွဲ့အစည်းများ မွန်ဒေသရပ်ရွာ အခြေပြု လူမှုအဖွဲ့အစည်းများ ၊ အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများအပြင် အဖွဲ့ပေါင်း ၃၁ ဖွဲ့မှ ကိုယ်စားလှယ် ၁၃၅ ဦး တက်ရောက်သည်။

မွန်ဒေသအတွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချမှုကြောင့် လူငယ်များ အကျင့်စာရိတ္တ ပျက်ပြား လာခဲ့ရကာ မူးယစ် ဆေးဝါးရောင်းချမှု တွင်လည်း အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင် ပတ်သက်မှု ရှိသည်ဟု နှီးနှောဖလှယ်ပွဲက ကြေညာချက်ထုတ်  တောင်းဆိုသည်။

နှီးနှောဖလှယ်ပွဲကျင်းပရေးကော်မတီ ဥက္ကဌ နိုင်စိန်တီးက “ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်အရ မူးယစ် ဆေးဝါးကိစ္စမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရွာက ပြည်သူ့စစ်တွေကအစ ပတ်သက်မှုရှိနေတယ်။ ဒါကို မွန်ပြည်သူတရပ်လုံး ဝိုင်းဝန်းပြီးတော့ ဖြေရှင်းရမယ်။”  ဟု ပြောသည်။

နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်များကလည်း မူးယစ်ဆေးဝါးကိစ္စကို အဓိကထား ဆွေးနွေးခဲ့ကြပြီး ပွဲကျင်းပရေးကော်မတီ၏ ရှေ့ဆက် လုပ်ငန်းစဉ်များ မှလည်း မူးယစ် ဆေးဝါးပြဿနာကို အဓိကထား အကောင်အထည် ဖော်သွားမည်ဟုလည်း ပြောသည်။

မွန်ပြည်နယ် အတွင်း မူးယစ်ဆေးဝါး ကျယ်ပြန့်စွာ ဖြန့်ဖြူးရောင်းချ နေမှုအပေါ် မွန်ပြည်သစ်ပါတီနှင့် အစိုးရအာဏာပိုင် အဖွဲ့အစည်းတို့က ဖမ်းဆီး အရေးယူမှုများ ပြုလုပ်နေသော်လည်း ထိရောက်မှု မရှိဟု သံဖြူဇရပ် အမှတ် (၂) မဲဆန္ဒနယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ဦးက ပြောသည်။

ဦးနိုင်ဦးက “ရောင်းတဲ့လူတွေက အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်တဲ့လူတွေရှိတယ်၊ ဒါကြောင့် မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီတော့ အစိုးရအဖွဲ့အစည်း၊ ပါတီအဖွဲ့အစည်းတွေ သူတို့ရဲ့ ပေါ်လစီနဲ့ ပြတ်ပြတ် သားသား ထိထိရောက်ရောက် အရေးယူမှ ပြဿနာဖြေရှင်းနိုင်မှာ” ဟု တိုက်တွန်းခဲ့သည်။

မူးယစ်ဆေးဝါးကို အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် အတွက် မွန်လူငယ်များအကြား မူးယစ်ဆေးဝါး သုံးစွဲမှုသည် ယဉ်ကျေးမှုတခု လိုပင်ဖြစ်နေပြီဟု နှီးနှောဖလှယ်ပွဲသို့ တက်ရောက်သူ မွန်လူငယ် မင်းမျိုး ကပြောသည်။

၎င်းက “အခုခေတ်လူငယ်တွေကြားမှာ မူးယစ်ဆေးဝါးသုံးစွဲမှုအခြေအနေက ယဉ်ကျေးမှုတခုလိုဖြစ်နေတာ၊ ဆေးသုံးနိုင်မှ သုံးဖူးမှ အဲလိုဖြစ်နေတာ၊ ဝယ်ရတာကလဲ လွယ်တာကိုး ပဲလှော်ဝယ်သလိုမျိုး ဝယ်ရတာ လွယ်တယ်၊ နောက် ရောင်းနေတဲ့လူတွေကလည်း ပေါ်ပေါ်ထင်ထင်ပဲ” ဟုဆိုသည်။

နှီးနှောဖလှယ်ပွဲတွင် မူးယစ်ဆေးဝါး ပြဿနာအပြင် ယနေ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ပညာရေး၊ ကျန်းမာရေး၊ လယ်ယာမြေ သိမ်းဆည်းမှု၊ သတင်းမီဒီယာ၊ အမျိုးသမီးဦးဆောင်မှု အခန်းကဏ္ဍ စသည်တို့ ဆွေးနွေးခဲ့ကြ သည်။

နောင်နှစ်များမှာလည်း ယခုကဲ့သို့သော် မွန်ဒေသလူမှုဖွံ့ဖြိုးတိုးတက်ရေးနှီးနှောဖလှယ်ပွဲမျိုး နှစ်စဉ်နှစ်တိုင်း ကျင်းပသွားရန်လည်း စီစဉ်ထားသည်။

Most read this week