မြစ်ကြီးနား- လိုင်ဇာလမ်း ကားများ ပြန်လည်ပြေးဆွဲ

မြစ်ကြီးနား- လိုင်ဇာလမ်း ကားများ ပြန်လည်ပြေးဆွဲ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် တရုတ်နယ်စပ် အဓိက ကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်သည့် မြစ်ကြီးနား-လိုင်ဇာ လမ်းကို ဧပြီလက ဆိုင်ကယ်ဖြင့် ပြန်လည် ပြေးဆွဲ ခဲ့ကြရာမှ ယခု ကားဖြင့်လည်း  ပြေးဆွဲလာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းကို တရားဝင် ဖွင့်လိုက်ခြင်းမဟုတ်ပဲ နားလည်မှုဖြင့် သွားလာခွင့်ပေးနေခြင်းဖြစ်သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) လိုင်ဇာ ဗဟိုဌာနချုပ် ခရီးသည်များအား မြစ်ကြီးနားမှ နမ်ဆန်ယန် (Nam San Yang) -  ထိုမှတဆင့် လိုင်ဇာအထိ အခြားကားဖြင့် ပို့ဆောင်နေကြောင်း ခရီးသည်များက ပြောသည်။

ခရီးသည်များအား အစိုးရ စစ်တပ် ဂိတ်များတွင် မေးမြန်းစစ်ဆေးမှုများ ပြုလုပ်သော်လည်း ခြိမ်းခြောက်မှုနှင့် ငွေတောင်းခြင်း မရှိကြောင်း မြစ်ကြီးနား- လိုင်ဇာခရီးသည် တစ်ဦးကပြောသည်။

“လမ်းမှာ တံတားတိုင်းမှာ ဗမာစစ်သားရှိတယ်။ ဒါပေမဲ့ ဘာမှ မဖြစ်ဘူး။ ဘာမှ မကောက်ဘူး။ ကားသမားတွေ လက်မှတ်ထိုးတာပဲ။ မှတ်ပုံတင်ပဲ စစ်တယ်။ နေ့တိုင်းလိုလိုတော့ရှိတယ်။ ဒီနေ့လည်း မြစ်ကြီးနားကနေ ကားတစ်စီး ဆင်းလာတယ်” ဟု KNG ကချင်သတင်းဌာနသို့ ပြောသည်။

လိုင်ဇာသို့သွားရာတွင် လဂျားယန်ဘက်မှ မဟုတ်ပဲ မုန်လိုင်ခက်လမ်းဘက်မှ ဖြတ်၍သွားလာနေခြင်း ဖြစ်သည်။

မြစ်ကြီးနား-ဗန်းမော်အသွားလမ်းရှိ ဖရဲသီးခြံများမှ ဖရဲသီးများ အဆိုပါမုန်လိုင်ခက်လမ်းမှပင် တရုတ်ပြည် သို့တင်သွင်းနေသဖြင့် ဆိုင်ကယ်သမားများကလည်း အဆိုပါလမ်းအတိုင်း ပြေးဆွဲကြခြင်းဖြစ်သည်။

သို့သော် ယခုအခါ ဖရဲသီး တင်သွင်းခွင့်ကို ပိတ်ပင်လိုက်ပြီဖြစ်သော်လည်း ဆိုင်ကယ် နှင့်  ကားများ ဆက်လက်ပြေးဆွဲနေသေးသည်ကို တွေ့ရကြောင်း  လိုင်ဇာ ဒေသခံများကပြောသည်။

ဗန်းမော်-မြစ်ကြီးနား ကားလမ်းကို မတ်လပိုင်းက  တရားဝင်ဖွင့်လှစ်ခဲ့ပြီး  ဧပြီလကုန်ပိုင်းက ပြန်ပိတ်ပင်လိုက် သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

၄င်းနှင့်ပတ်သက်ပြီး   ကားသမားတဦးက-  “ပိတ်တာမဟုတ်ဘူး။ စစ်တပ်ကလုံခြံုရေး နည်းနည်ယူတာ။ တရားဥပဒေနဲ့ညှိစွန်းတဲ့ ပစ္စည်းတွေမပါရင်တော့ ကောင်းကောင်းခွင့်ပြုပါတယ်။ အရင်လိုမဟုတ်တော့ဘူး။ ပြောဆိုဆက်ဆံတာတွေ ရိုရိုသေသေ ဆက်ဆံပါတယ်။ မဆိုးပါဘူး။ အဆင်ပြေပါတယ်” ဟု KNG ကချင်သတင်းဌာနသို့ ပြောသည်။

မြစ်ကြီးနားမှ နမ်ဆန်ယန် အထိ ကားခ ကျပ် ၁၀၀၀၀၊  နမ်ဆန်ယန်မှ လိုင်ဇာထိ ကျပ် ၃၀၀၀ ဖြင့် ပို့ဆောင် ပေးနေကြောင်း သိရသည်။

မြန်မာစစ်တပ်က ခရီးသွားများအပေါ် ထိုသို့ အဆင်ပြေပြေဆက်ဆံနေသည်မှာ  ပြည်သူလူထုကို စည်းရုံးနေ သည့်သဘောဟု မြင်ရပြီး ရှေ့ဆက် ဆက်သွယ်ရေး လမ်းကြောင်း ပိုမိုကောင်းမွန်လာရန်အတွက်   နိုင်ငံရေးဆွေးနွေးမှုများအပေါ် အဓိကမူတည်မည်ဖြစ်ကြောင်း အထက်ပါကားပြေးဆွဲသူက ပြောသည်။

၂၀၁၁ ခုနှစ်၊ ဇွန်လ အစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်တပ်ဖွဲ့ (KIA) တို့ကြား တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ လိုင်ဇာ-မြစ်ကြီးနားကားလမ်းကို  လုံခြံုရေးအရ ယာဉ်သွားလာမှုရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

အလားတူ တနှစ်ကျော်ကြာပိတ်ထားခဲ့သော ဗန်းမော်-မြစ်ကြီးနားကားလမ်းကို  ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့ မှစ၍ လမ်းပြန်ဖွင့်ပေးခဲ့ပြီးဖြစ်သည်။

Most read this week