ရခိုင်ကျေးရွာ ၁၇ ရွာမှ ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းနှင့် ပတ်သက်ပြီး အချက် ၁၂ ချက်တောင်းဆို

ရခိုင်ကျေးရွာ ၁၇ ရွာမှ ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းနှင့် ပတ်သက်ပြီး အချက် ၁၂ ချက်တောင်းဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် လုပ်ဆောင်နေသည့် ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်း ဒေသ အတွင်းရှိ ကျေးရွာပေါင်း ၁၇ ရွာနှင့် ဒေသအတွင်းမှ လူမှုအဖွဲ့အစည်း ၃ ဖွဲ့က တောင်းဆိုချက် ၁၂ ချက်ကို တောင်းဆိုလိုက်သည်။

Arakan-Gas-pipeline-construction

အဆိုပါ တောင်းဆိုချက်များကို မတ်လ ၂ ရက်နေ့ နေ့စွဲဖြင့် ကြေငြာချက်ထုတ်ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

တောင်းဆိုချက်များ

(၁) ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း၊ ရေနံနှင့်ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းအတွင်း EIA နှင့် SIA များကိုပြုလုပ်ထား သည်ရှိ သော် ဒေသခံပြည်သူလူထုအား ရှင်းလင်းအသိပေးရန်။ အကယ်၍ EIA နှင့် SIA များကို စီမံကိန်း အကောင်ထည် မဖော်မီ ပြုလုပ်ခြင်းမရှိခဲ့ပါက စီမံကိန်းအကောင်ထည်ဖော်နေခြင်းကို ချက်ချင်းရပ်ဆိုင်းပြီး EIA နှင့် SIA များကို ပြုလုပ်ရန်နှင့် ၄င်းကို ဒေသခံပြည်သူများကို အသိပေးရှင်းလင်းပြီး ဒေသခံပြည်သူများ၏ သဘောထားများကို ရယူရမည်။

(၂) ရေနံနှင့်ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်း၏ ခိုင်ခန့်မှုကို နိုင်ငံတကာစံချိန်စံညွှန်းအတိုင်း အထူးစစ်ဆေးရန်၊ ခိုင်မာ မှုအဆင့်နှင့် အန္တရယ်ရှိမှုကို ပြည်သူများကို ချက်ချင်းအသိပေးရမည်။

(၃) ရေနံတင်သင်္ဘောများနှင့် ရေနံနှင့်ဓါတ်ငွေ့ပိုက်လိုင်း မတော်တဆပေါက်ကွဲမှုများ ရခိုင်ကမ်းရိုးတန်း တလျောက် တွင်ဖြစ်ပေါ်ခဲ့သော် ပင်လယ်ပြင်သန့်ရှင်းရေးလုပ်ငန်းများ၊ ပျက်စီးသွားမည့်သဘာဝပတ်ဝန်း ကျင်၊သက်ရှိသတ္တဝါ များနှင့် ပျက်စီးဆုံးရှုံးသွားမည့်ဒေသခံတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို မည်သည့်အစိုးရနှင့်ကုမ္ပဏီ များကတာဝန်ခံပြီး မည်သို့တာဝန်ယူမှုများဖြင့် ဖြေရှင်းပေးမည်ကို ဒေသခံပြည် သူများကို ကြိုတင်ရှင်းလင်း အသိပေးရမည်။

(၄) ဒေသခံပြည်သူများ၏ သဘာဝပတ်ဝန်းကျင်၊ လူနေမှုဘဝနှင့်ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ် လာများကို ကာကွယ်ပေးနိုင်သည့် ဥပဒေတရပ်ကို နိုင်ငံတကာစံချိန်စံညွှန်းအတိုင်း ချက်ချင်းအကောင် အထည်ဖော်ပေး ရမည်။

(၅) ရေနံတင်ဆိပ်ကမ်းတည်ဆောက်ရာမှ ကျောက်များကို မိုင်းခွဲရှင်းလင်းပြီး ဒေသခံတို့၏ ငါးဖမ်းဧရိယာ အတွင်း စည်းကမ်းမဲ့စွာ စွန့်ပစ်ထားသော ကျောက်ပုံများကို ချက်ချင်း ရှင်းလင်းပေးရမည်။

(၆) ရေနံတင်ဆိပ်ကမ်းအနီးတဝိုက်တွင် ရေနံတင်သင်္ဘောကြီးများ ၀င်ထွက်သွားလာမှုများကြောင့် ဒေသခံတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သော ငါးဖမ်းလုပ်ငန်းများကို ထိခိုက်လာခဲ့ပါက ၄င်းဒေသခံတို့၏ စားဝတ် နေရေး ဖူလုံစေရန် မည်သို့ တာဝန်ယူဆောင်ရွက်ပေးမည်ကို ဒေသခံတို့အား ကြိုတင်အသိပေးရမည်။

(၇) ရေနံတင်ဆိပ်ကမ်းအပါအဝင် ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း၊ ရေနံနှင့်ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းတို့အတွက် အဓမ္မ သိမ်းယူထားသော လယ်ယာမြေများ၊ လျော်ကြေးလုံးဝမပေးဘဲ မတရားသိမ််းယူထားသောလယ်ယာ မြေများနှင့် လျော်ကြေးအပြည့်အဝ မရသေးသူများအတွက် ကာယကံရှင်များ ကျေနပ်သည်အထိ နိုင်ငံတကာစံနှုန်းအတိုင်း လျှော်ကြေးအပြည့်အဝပေးရန်။

(၈) ရေနံတင်ဆိပ်ကမ်း၊ ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း၊ ရေနံနှင့်ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းများကြောင့် စားဝတ်နေရေး ခက်ခဲကြံုတွေ့နေရသော ဒေသခံများအတွက် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ဖန်တီးပေးရမည်။

(၉) နိုင်ငံခြားသားကုမ္ပဏီဝန်ထမ်းများနှင့် ဒေသခံမဟုတ်သော အလုပ်သမားများသည် ဒေသခံတို့၏ ရိုးရာယဉ်ကျေး မှု ဓလေ့ထုံးတမ်းစဉ်လာများကို လေးစားလိုက်နာရန်နှင့် ဒေသခံတို့နှင့် ကိုက်ညီမှုမရှိသော ပြုမူဆက်ဆံခြင်းများ ကိုမပြုရန်။

(၁၀) ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းမှ ထွက်ရှိသော အညစ်အကြေးနှင့် စွန့်ပစ်ဓါတုပစ္စည်းများ၏အန္တရာယ်ရှိ မှုများကို ဒေသခံတို့အား ကြိုတင်အသိပေးရှင်းလင်းရန်နှင့် ဒေသခံတို့၏ ရေ၊ လေ၊ မြေကို မညစ်ညမ်းစေရန် နိုင်ငံတကာ စံချိန်စံနှုန်းအတိုင်း လုပ်ဆောင်ရန်။

(၁၁) ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း၊ ရေနံနှင့်ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းများတွင်ပါ၀င်သော ကုမ္ပဏီများမှ ဒေသဖွံ့ဖြိုး ရေးအတွက် လုပ်ဆောင်ရာတွင် ဒေသခံတို့ဆန္ဒအတိုင်း ဆောင်ရွက်ပေးရမည်။

(၁၂) ရခိုင်ပြည်မှထွက်ရှိသော ရွှေသဘာဝဓာတ်ငွေ့ကို  ပြည်တွင်းသုံးစွဲမှုနှင့် နိုင်ငံခြားသို့မတင်ပို့မှီ ရခိုင်ပြည်ဖွံံ့ဖြိုးရေး အတွက် ပထမဦးစားပေး အသုံးပြုလုပ်ဆောင်ပေးရမည်။

သက်ဆိုင်သူများမှ လိုက်လျှော့လာသည့်အထိဒေသခံများမှ ဆက််လက် တောင်းဆို သွားမည်ဖြစ်ကြောင်း ဒေသခံတစ်ဦးဖြစ်သူ ကိုထွန်းလင်းက ယခုကဲ့သို့ပြောသည်။

“ သူတို့ဘက်က လိုက်လျှောလာတဲ့အထိ ဒေသခံတွေက ဆက်ပြီး တောင်းဆိုရမှာဖြစ်ပါတယ်။  အစကတည်း က ကျွန်တော်တို့မှာ နစ်နာမှုတွေအများကြီးရှီပါတယ်။  ဒီလုပ်ငန်းတွေနဲ့ပတ်သတ်လို့ ကျွန်တော်တို့ကို အသိပေးတာမရှိခဲ့ဘူး။ ဒီစီမံကိန်းအကောင်းထည်ဖော်လာတဲ့အချိန်မှာ ကျွန်တော် တို့မှာ သက်ရောက်မှု တွေအများကြီးရှိပါတယ်။ ဒီစီမံကိန်းကြောင်း ငါးလုပ်ငန်းနဲ့ လယ်ယာမြေတွေ ဆုံးရှုံးသွားရတဲ့ အတွက် ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော်တို့က ဆက်ပြီး တောင်းဆိုရမှာ ဖြစ်ပါ တယ်။”

ဧပြီလ ၁၈ ရက်နေ့ကလည်း မဒေးကျွန်း ဒေသခံများက စီမံကိန်းတွင်အဓိက ပါ၀င်သည့်တရုတ် CNP C ကုမ္ပဏီရုံးရှေ့တွင် (၁) သိမ်းဆည်းလယ်မြေတွေကို လျှော်ကြေးပေးရာမှာ နိုင်ငံတကာ စံချိန် စံညွှန်း အတိုင်း ပေးဆောင်ရန်(၂) လယ်မြေ ဥယာဉ်ခြံမြေတွေကို ဒေသခံတွေကို အသိမပေးဘဲ မသိမ်း ရန် (၃) ကျွန်းပတ်ပတ်လည်မှာ ငါးဖမ်းခွင့်ပေးရန်အပါအဝင် အချက် ၉ ချက်ကို တောင်းဆို ခဲ့ကြသည်။

ဧပြီလ ၂၅ ရက်နေ့တွင် ပြည်ထောင်စု သမတရုံးဝန်ကြီး ဦးစိုးသိန်း၊ ပို့ဆောင်ရေးဝန်ကြီး၊ စွမ်းအင်ဝန်ကြီး နှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်တို့ လာရောက်ပြီး လူမှုအဖွဲ့များအပါအဝင် ဒေသခံများနှင့် တွေ့ဆုံကာ ဒေသခံများ၏ တောင်းဆိုချက်တချို့ကို လုပ်ဆောင်ပေးမည်ဟု ပြောဆိုခဲ့သည်။

၀န်ကြီးများပြောဆိုပြီးနောက် လျှော်ကြေးပေးမှုတစ်ချို့ရှိသော်လည်း ထိုက်တန်သည့်လျှော်ကြေး မ ဟုတ်ဘဲ ဒေသခံများကို ဖြေသိမ်းသည့် သဘောသာဖြစ်ကြောင်း ကိုထွန်းလင်းက ဆက်ပြောသည်။

“ ၀န်ကြီးတွေလာပြီးနောက်မှာ ပိုက်လုံးရဲ့တဘက်တချက်မှာ မြေစာတွေဖုံးသွားတဲ့ လယ်မြေတွေနဲ့ ဥယာဉ်တချို့အတွက် ငွေပေးတာရှိပါတယ်။ အဲဒီမှာ ၃ သိန်း၊ ၁ သိန်း၊ ၆၀၀၀ ကျပ်လည်းပါတယ်။ အ များအားဖြင့်ပေးတာက သောင်းဂဏန်းဘဲများတဲ့အတွက် ဒါဟာ ဒေသခံတွေကို ဖြေသိမ့်တဲ့သဘောသာဖြစ် ပြီး တန်ရာတန်ကြေးမဟုတ်ပါဘူး။”

လျှော်ကြေးပေးရာတွင်လည်း ထိုက်တန်သည့်လျှော်ကြေးပေးခြင်းမဟုတ်သည့်အတွက် အများစုမှာ လျှော်ကြေးကို လက်မခံခဲ့ကြောင်း သိရသည်။

၂၀၀၉ခုနှစ်ကတည်းက ကိုးရီးယားနိုင်ငံပိုင် ဒေးဝူးကုမ္ပဏီ၊ တရုတ် နိုင်ငံမှ CNPCနှင့် မြန်မာ MOGE ကုမ္ပဏီတို့က ကျောက်ဖြူဒေသတွင် ဓါတ်ငွေ့စက်ရုံ၊ ရေနက်ဆိပ်ကမ်းအပါအဝင်း ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်း လုပ်ငန်းများကို လုပ်ဆောင်နေခြင်းဖြစ်သည်။

ရခိုင်ပြည်မှ ထွက်ရှိသည့်သဘာဝဓါတ်ငွေ့ကို မြန်မာအစိုးရမှ တရုတ်နိုင်ငံကို ရောင်းချထားသည့် အ တွက် ပိုက်လိုင်းဖြတ်သန်းခ အပါအဝင် ဓါတ်ငွေ့ရောင်းချမှုအတွက် နှစ်တစ်နှစ်လျှင် အမေရိကန် ဒေါ် လာ ၁ ဘီလီယံ (ဒေါ်လာသန်းတစ်ထောင်) အနည်းဆုံး ရရှိမည် ဖြစ်သော်လည်း ဒေသခံပြည်များမှာ တစ်စုံတရာ အကျိုးခံမှုမရရှိသည့်အပြင် လူမှုဘဝရပ်တည်မှု များကိုပါ ခြိမ်းခြောက်ခံနေရကြောင်း သိရသည်။

တောင်းဆိုရာတွင် ပါ၀င်သည့် ဒေသခံအဖွဲ့စည်းများနှင့် ကျေးရွာများမှာ (၁) Kyaukphyu Social Network Group/ Kyaukphyu Township (၂) Sky Youth Organization/ Kyaukphyu Township (၃) Maday Island Development Organization/ Kyaukphyu Township (၄) စေတီတောင်ရပ်ကွက် ကျောက်ဖြူမြို့(၅) တိုးချဲ့ရပ်ကွက် ကျောက်ဖြူမြိ့ ့(၆) မင်းပြင်ရွာ ကျောက်ဖြူမြို့နယ် (၇) လိပ်ခမော်ရွာ ကျောက်ဖြုမြို့နယ် (၈) မြစ်နားတန်းရပ်ကွက် ကျောက်ဖြူမြို့ (၉) ကုလာဘာတောင်ရပ်ကွက် ကျောက်ဖြူမြို့ (၁၀) ဇင်ချောင်းရွာ ကျောက်ဖြူမြို့နယ် (၁၁) ကုန်ဘွေရွာ ကျောက်ဖြူမြို့နယ် (၁၂) ချောင်းဝရွာ ကျောက်ဖြူမြို့နယ် (၁၃) ချောင်းဖျားရွာ ကျောက်ဖြူမြို့နယ် (၁၄) ရနံတောင်ရွာ ကျောက်ဖြူမြို့နယ် (၁၅) ကြတိန်အုပ်စု ကျောက်ဖြူမြို့နယ် (၁၆) လိပ်ခမော်ရွာသစ် ကျောက်ဖြူမြို့နယ် (၁၇) ပြားကျိန်ရွာ ကျောက်ဖြူမြို့နယ် (၁၈) သဖန်းချောင်းရွာ ကျောက်ဖြူမြို့နယ် (၁၉) မလကျွန်း ကျောက်ဖြူမြို့နယ် (၂၀) ဂေါ်တူရွာ ကျောက်ဖြူမြို့နယ် တို့ ဖြစ်ကြသည်။

Most read this week