ရခိုင်ဒေသ လူမှုအဖွဲ့အစည်းများ အပါအဝင် ကျောက်ဖြူမြို့နယ် ကျေးရွာ ၂၀ နီးပါးမှ ကိုယ်စားလှယ်တို့က တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာဒေသ နစ်နာမှုများ အတွက် တောင်းဆိုချက် ၁၂ ချက်အား နိုင်ငံသမ္မတနှင့် တရုတ် CNPC ကုမ္ပဏီတို့ထံ မေလ ၂ ရက်နေ့ကတောင်းဆိုလိုက်ကြသည်။
မတ်လ ၁၅ ရက်မှ ၁၇ ရက်နေ့ထိ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပခဲ့သည့် ဒေသခံများ တွေ့ဆုံဆွေးနွေးပွဲမှ ဆုံးဖြတ်ချက်များကို ယနေ့တွင် အတည်ပြု ထုတ်ပြန်တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
“မတ်လ ဆွေးနွေးပွဲကို ကျောက်ဖြူမြို့နယ်က ရွာပေါင်း ၁၇ ရွာက ကိုယ်စားလှယ်တွေနဲ့ လူမှုအဖွဲ့ သုံးဖွဲ့တို့ စုစည်းကျင်းပခဲ့တယ်။ အဲဒီက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ ရပ်သူရွာသား တွေရဲ့ သဘောတူညီချက် ပြန်လည် ရယူဖို့ တလကျော်ကြာ ချပြဆွေးနွေးခဲ့ပြီးတော့ ဒီကနေ့မှ ကျနော်တို့ ထုတ်ပြန်ရတာ ဖြစ်တယ်။ တောင်းဆို ချက်တွေကိုအဓိကအနေနဲ့ သမ္မတ ဦးသိန်းစိန် နဲ့ CNPC ကို ပို့ထားပြီး ဖြစ်ပါတယ်” ဟု ကျောက်ဖြူ လူမှုကွန်ယက်မှ ဦးထွန်းလွင် က ဆိုသည်။
ယင်းဆွေးနွေးပွဲကို ကျောက်ဖြူလူမှုကွန်ယက်၊ KY လူငယ်အဖွဲ့နှင့် မဒေးကျွန်းဒေသဖွံ့ဖြိုးရေး အသင်းတို့က စီစဉ်ခဲ့ကြသည်။
တောင်းဆိုချက်များတွင် ပိုက်လိုင်းတာဝန်ရှိသူများက ဒေသခံပြည်သူများကို အသိပေးရှင်းလင်းရမည့် အချက် ၅ ချက်၊ ကန့်ကွက်ချက် ၁ ချက်နှင့် လုပ်ဆောင်ပေးရမည့်အချက် ၆ ချက် ပါဝင်ကြောင်း ၎င်းက ဆိုသည်။
“တာဝန်ရှိသူတွေက EIA ၊ SIA စစ်ဆေးခဲ့မှု ရှိမရှိ။ မရှိရင် စီမံကိန်း ချက်ချင်းရပ်ပြီး စစ်ဆေးဖို့၊ ပိုက်လိုင်း ခိုင်မာမှု မရှိမရှိနိုင်ငံတကာ အဆင့် စစ်ဆေးပြီးပြည်သူလူထုကို ချပြဖို့၊ လုပ်ငန်း ဆောင်ရွက်စဉ်အတွင်း ပေါက်ကွဲမှု အပါအဝင် ဒေသတွင်း မတော်တဆမှုများအပေါ် တာဝန်ယူမယ့် အနေအထား၊ ပိုက်လိုင်း တည်ဆောက်မှုကြောင့် လယ်မြေ သိမ်းဆည်းခံရမှု၊ အသက်မွေးလုပ်ငန်း ထိခိုက်နစ်နာမှုတွေအတွက် လျော်ကြေးနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးရေး၊ လုပ်ခ လစာကို နိုင်ငံတကာ စံနှုန်းနဲ့အညီ ပေးရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဒေသခံတွေရဲ့ ဆန္ဒနဲ့အညီ ဖြည့်ဆည်းရေးစတဲ့ အချက်တွေ ပါဝင်တယ်” ဟု မဇ္စျိမကို ရှင်းပြသည်။
ကျောက်ဖြူမြို့နယ်အတွင်း ပိုက်လိုင်း လမ်းကြောင်း တလျှောက် မြေဧက ၂၀၀ ကျော် ပါသွားခဲ့ပြီး လျော်ကြေး အပြည့်အဝ မရသူများ ရှိသလို မြေတူးသဖြင့် လယ်ပျက်သူများကိုလည်း လျော်ကြေး မပေးသေးကြောင်း ၎င်းက ထောက်ပြသည်။
“အခုဖြစ်နေတဲ့ ပြဿနာဟာ အစိုးရရော CNPC ပါ ပွင့်လင်းမြင်သာမှု မရှိလို့ပဲ။ စစ်အစိုးရနဲ့ တရုတ် စာချုပ်မှာ ဘယ်လိုအချက်တွေ ပါတယ်ဆိုတာ ဒီနေ့ထိ မသိရဘူး” ဟု ဦးထွန်းလွင် က ဆိုသည်။
လက်ရှိ မဒေးကျွန်း CNPC ကုမ္ပဏီတာဝန်ရှိသူမူ Mr.Chang Huan Lai က ၎င်းတို့အနေဖြင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) သို့ ဒေါ်လာ ၁၀ သန်း ပေးထားပြီးဖြစ် ကြောင်း ယမန်နှစ် ဒီဇင်ဘာ ၂၅ ရက် နေ့က သတင်းထောက်များအား ပြောကြားခဲ့ပြီး ဖြစ်သည်။
အကယ်၍ တောင်းဆိုချက်များအား လိုက်လျောခြင်းမရှိက လက်ပံတောင်းတောင် အရေးကဲ့သို့ ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်လာနိုင်ကြောင်း ဦးထွန်းလွင် က မှတ်ချက်ပြု ပြောဆိုသည်။
ဧပြီလ ၁၈ ရက်နေ့ကလည်း တရုတ် CNPC ကုမ္ပဏီအား မဒေးကျွန်းသားများက ဆန္ဒပြခဲ့ရာ ခွင့်ပြုချက်မဲ့ ဆန္ဒပြသူ ၁၀ ဦးအား မဒေးကျွန်းရဲစခန်းမှ အရေးယူထားသည်။