မွန်ပြည်နယ်မုဒုံမြို့နယ်၏၂၀၁၃ ခုနှစ်နွေစပါးစိုက်ပျိုးရေးမှာ ကုန်ကျစရိတ်ကြီးပြီး စပါးဈေးကျဆင်း မှုကြောင့် အရှုံး ပေါ်နေ၍ လယ်သမားများမစိုက်ပျိုးနိုင်တော့ပဲ နွေစပါးစိုက်ပျိုးဧက လျှော့နည်းနေရသည်ဟု ဒေသခံလယ်သမား များထံမှ သိရသည်။
မိုးစပါးဈေးက တင်း ၁၀ဝ မှာ ကျပ် (၄၀ဝဝဝဝ) ရှိနေသော်လည်းယခုနွေစပါး၏ဈေးနှုန်းမှာ ကျပ် (၃၅၀ဝဝဝ)ကျော် အနိမ့်ဈေးရရှိနေပြီး အရှုံးပေါ်၍နွေစပါးမစိုက်ပျိုးဖြစ်ဟုမုဒုံမြို့နယ်ဘဲရမ်းရွာမှလယ်သမား ဦးခင်ကပြောသည်။
“ဒီနှစ်တစ်ဧကကုန်စရိတ်ပိုကြီးတယ် အလုပ်သမားဈေးပိုကြီးလာတယ်၊တစ်ဧက နွေစပါးကုန်ကျ စရိတ်က တစ်သိန်းရှစ်သောင်းကျာ်ကုန်တယ်၊ စပါးပိုကောင်းအောင် ဓါတ်မြေသြဇာထပ်ကျွေးရင် ဒီထက်ပိုကုန်မယ်” ဟုပြောသည်။
မုဒုံမြို့နယ်ဘဲရမ်း၊ ကွမ်တာကွင်းတွင်နွေစပါးစိုက်ပျိုးရေးအတွက်အဇင်းဆည်ရေဖြင့်လုံလုံလောက်လောက်ရရှိ သော်လည်း ရေမြောင်းမှ လယ်ကွက်သို့ရေစုတ်စက်ဖြင့်ရေတင်စိုက်ပျိုးနေရ၍ နွေစပါး တစ်ရာသီအတွက် ရေတင်ဆီ အနည်းဆုံး ၁၀ ဂါလံခန့်ကုန်ပြန်သည်ဟုလည်းပြောသည်။
ယခုနှစ်နွေစပါးပေါက်ဈေးမှာတင်းတစ်ရာကိုကျပ်သုံးသိန်းရှစ်သောင်းဈေးပေါက်နေသော်လည်းမိုးစပါးကိုသာ ဝယ်သူရှိပြီးနွေစပါးကိုဝယ်သူမရှိဖြစ်နေသည်။ဒါ့်ပြင်နွေစပါးကိုမိုးမိစပါးဖြစ်လျှင် ယခုပေါက် ဈေးကိုမရနိုင်တော့ဟု ပြောသည်။
၂၀၁၃ ခုနှစ်မုဒုံမြို့နယ်နွေစပါးစိုက်ပျိုးရန် လျာထားဧက ၁၄၀ဝ သတ်မှတ်ထားသော်လည်း ဧပြီလ၁၀ ရက်နေ့ အထိ စိုက်ပျိုးပြီးစီးမှုမှာ(၃၉၅)ဧကစိုက်ပျိုးနိုင်သည်ဟု မုဒုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာ ဝန်ရှိ ဝန်ထမ်း တစ် ဦးကပြောသည်။
၂၀၁၂ ခုနှုစ်က မုဒုံမြို့နယ်၏နွေစပါးလျာထားချက်မှာ ရ၀ဝဝ ဧကကျော် ဖြစ်ပြီး ဧက ၄၀ဝဝ ခန့်စိုက်ပျိုး နိုင်ပြီး ယခုနှစ် ထက်ပိုစိုက်ပျိုးနိုင်သည်ဟု ၄င်းဝန်ထမ်းကပြောသည်။
“အဓိကအချက်ကလယ်သမားတွေအရှုံးပေါ်နေလို့ မစိုက်ကြတာ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ကလည်း နွေစပါး အရှုံး ပေါ်နေရင်အခြားဝင်ငွေရတဲ့သီးနှံကိုစိုက်ကြပါ၊ ဒါပေမယ့်မိုးစပါးကိုပြည့်ပြည့်ဝဝ စိုက်ဖို့လိုတယ်” ဟုဝန်ကြီးချုပ် မိန့်ကြားချက်အပေါ်၄င်းဝန်ထမ်းက ပြန်ပြောပြသည်။
နွေစပါးစိုက်ပျိုးမှုလျှော့နည်းရခြင်းမှာ စပါးဈေးကျဆင်းနေခြင်း၊လယ်လုပ်သားရှားပါးမှုနှင့် ကုန်ကျစရိတ်ကြီးမားမှု အပြင်ယခင်ကလိုတွန်းအားပေးမှုနှင့်ပံ့ပိုးမှုမရှိတော့၍လည်းနွေစပါးစိုက်ပျိုးမှု ပိုမိုကျဆင်းရသည်ဟု ၄င်းဝန်ထမ်း က ပြောသည်။
ထိုနည်းတူ သထုံခရိုင်ပေါင်မြိုတွင်လည်း နွေစပါးစိုက်ပျိုးမှု ကျဆင်းနေသည်။ စပါး စိုက်ပျိုးမှု ကျဆင်းရခြင်း မှာ စပါးဈေးကျဆင်းမှုနှင့် စိုက်ပျိုးမည့်လယ်သမားမရှိဟုသိရသည်။
အထူးသဖြင့်ပေါင်မြို့နယ်သည် ကတိုက်ဆည်မှ နွေစပါး စိုက်ပျိုးရန်အဓိကရည်မှန်းထားပြီး ဧကတစ်သောင်းလျာ ထားသည်။ ဆည်ရေလုံလောက်မှု ရှိသော်လည်း ဧက ၃၉၄၁ စိုက်ပျိုးနိုင်ပြီး လျာထားချက်ကို ပြည့်မီအောင် မစိုက်ပျို့နိုင်ခြင်းမှာ အလုပ်သမားရှားပါးမှုနှင့် အရှုံပေါ်နေ ကြောင့်ဟု ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းတ ဦးကပြေသည်။
၂၀၁၂ ခုနှစ်ပေါင်မြို့နယ်၏နွေစပါးလျာထားဧက(၁၈၀၆၀)ဖြစ်ပြီးရာသီကုန်အထိစိုက်ပျိုးနိုင်မှုမှာ(၇၇၀ဝ)ဧကဖြစ်၍ ယခုနှစ်စိုက်ဧကထက် ပိုသည်။
မွန်ပြည်နယ်ပေါင်မြို့နယ်၏၂၀၁၃ ခုနှစ်နွေစပါးစိုက်ပျိုးရန် လျာထားချက်မှာ (၁၅၈၀ဝ) ဧကဖြစ်ပြီး မတ်လ ၃၁ ရက်နေ့ထိစိုက်ပျိုးပြီးစီး မှုမှာ (၇၃၅၀) ဧက ဖြစ်သည်။၄င်း လျာထားချက်ဧကထဲမှာက တိုက်ဆည်ရေသောက်လျာထား ဧက (၁၀ဝဝဝ) ပါဝင်ပြီး ဆည်ရေဖြင့်စိုက်ပြီးဧက (၃၉၀ဝ) ကျော်သည်လည်းတမြို့နယ်လုံးစိုက်ပြီးဧကထဲ၌ပါဝင်ပြီးဖြစ်သည်ဟု အထက်ပါ ဝန်ထမ်းက ပြောသည်။