အမျိုးသမီးတွေရဲ့ လက်ကို မကိုင်ပါနဲ့လို့ ပြောမိတဲ့ သူကို တပ်မတော်သားများက ပြင်းထန်စွာ ညှဉ်းပမ်းနှိပ်စက်

အမျိုးသမီးတွေရဲ့ လက်ကို မကိုင်ပါနဲ့လို့ ပြောမိတဲ့ သူကို တပ်မတော်သားများက ပြင်းထန်စွာ ညှဉ်းပမ်းနှိပ်စက်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်သား တစ်စုက စက်လှေ  စက်မောင်း လူငယ် တစ်ဦးအား  ပြင်းထန်စွာ ညှှုင်းပမ်းနှိပ်စက်ခဲ့ကြောင်း သတင်း ရရှိသည်။

beaten-army

ဧပြီလ ၂၆ ရက်နေ့ နံနက် ၄ နာရီခွဲခန့်တွင် ဘူးသီးတောင်မြို့နယ် ရခိုင်ကွန်ဒိုင်ကျေးရွာမှ စက်လှေဖြင့် စျေးဝယ်ရန် ထွက်လာသော စက်လှေတွင် ရခိုင်ကွန်ဒိုင်ကျေးရွာမှ အမျိုးသမီး (၂) ဦး ဖြစ်ကြသည့် ဒေါ်မလှဝင်း(ဘ) ဦးထွန်းအောင်ဖြူ၊ အသက်(၃၇)နှစ် နှင့် ဒေါ်မစောရွှေ(ဘ) ဦးမောင်စံလှ၊ အသက် (၁၈) နှစ်ဦး တခြားခရီးသည်များနှင့် အတူ လိုက်ပါလာခဲ့သည်ဟု ဆိုသည်။

လမ်းခရီးတွင် ဒပြုချောင်းတံတား ကင်းစခန်းသို့ ဝင်ရောက် သတင်းပို့စဉ် အမှတ် (၅၅၁) ခြေလျင် တပ်ရင်းမှ ဒုအရာခံဗိုလ် မြင့်လွှင်နှင့် အပေါင်းပါ ရဲဘော်(၂) ဦးက စက်လှေပေါ်လိုက်ပါလာသည့် အဆိုပါ အမျိုးသမီး နှစ်ဦးကို ကုန်းပေါ်သို့ တက်စဉ် ကိုယ်လက်များကို ကိုင်ဆွဲ၍ ဆွဲတင်သည်ဟု ဆိုသည်။

ထိုသို့ အမျိုးသမီးများကို ကာအိန္ဒြေထိခိုက်အောင် လက်များကို ဆွဲကိုင်သည်မှာ မသင့်တော်ပါကြောင်း စက်လှေမောင်း ကိုမင်းသူထွန်း (မှတ်ပုံတင်အမှတ်- ၁၁/ဘသတ (နိုင်) ၀၂၉၉၉၄) (ဘ) ဦးသန်းထွန်း၊ အသက် (၂၂)နှစ် မှ ၀င်ရောက် ပြောဆိုခဲ့သည်ဟု ဆိုသည်။

ထိုသို့ ပြောဆိုသူ ကိုမင်းသူထွန်းအား ဒုအရာခံဗိုလ်မြင့်လွှင်က ကြမ်းတမ်းစွာ ဆဲဆိုပြီး မြေပေါ် ပက်လက် မှောက်ခိုင်းပြီး ကျောကို သစ်သားတုတ်ဖြင့် (၂)ချက် တအားရိုက်နှက်ပြီး ကျန်ရဲဘော် တစ်ယောက်က လက်သီးဖြင့် မျက်နှာကို ညာ(၅)ချက်၊ ဘယ်(၇) ချက် တအားထိုးသည်ဟု ဆိုပါသည်။

ထို့အပြင် ကိုမင်းသူထွန်းအား စခန်းထဲသို့ ဆွဲသွင်းပြီး လက်နှစ်ဖက်ကို နောက်ပြန်ကြိုးတုတ်ကာ ခြေနှစ်ဘက်ကိုလည်း ကြိုးတုတ်ပြီး မြေပေါ်သို့ တအားလှဲချကာ ခြေနှစ်ဖက်စလုံးကို သစ်လုံးဖြင့် အကြိမ်ကြိမ်ကြိတ်ပြီး ကိုယ်ခန္ဓာအား သစ်သားတုတ်ဖြင့် အကြိမ်(၁၀) ထက်မနည်း ရိုက်နှက်သည်ဟု ပြောသည်။

ထိုစဉ် လှေပေါ်တွင် ပါလာသည့် ဦးကျော်ဇောလှ( မှတ်ပုံတင်အမှတ်- ၁၁/ဘသတ(နိုင်)၀၁၁၈၅၆) (ဘ) ဦးထွန်းအောင်ဖြူ၊ အသက်(၃၇)နှစ်က ဝင်တားရာ အဆိုပါ ဒုအရာခံဗိုလ်က ဦးကျော်ဇောလှအား တုတ်ဖြင့် (၂)ချက် လွဲရိုက်သည်ဟု ဆိုသည်။

ထိုသို့ ညှှဉ်းပမ်းနှိပ်စက် ရိုက်နှက်ခံရသဖြင့် ကိုမင်းသူထွန်းမှာ ခြေ၊ နောက်ကျောနှင့် မျက်နှာတို့တွင် ဒဏ်ရာပြင်းထန်စွာရရှိပြီး ဆေးကုသခံယူခဲ့ရသည်ဟု သိရသည်။ မရိုက်ပုတ်ရန် ဝင်တားသူ ဦးကျော်ဇောလှ တွင်လည်း ခန္ဓာကိုယ်တွင် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ထိုအခင်း ဖြစ်ပွားချိန်တွင် ဒုအရာခံဗိုလ်နှင့် တပ်မတော်သားတို့သည် အရက်သေစာ သောက်စားထားသည် ဟု ဆိုသည်။

ထိုသို့ အနိုင်ကျင့် ရိုက်နှက် စော်ကားမှုကို ဘူးသီးတောင်ရဲစခန်းတွင် တရား ဥပဒေနှင့် အညီ ဖြစ်စေရန် သွားရောက်တိုင်ကြားရာ စစ်သားနှင့် ဖြစ်ပွားသော အမူ ဖြစ်သဖြင့် ရဲစခန်းမှ အမူကို လက်မခံကြောင်း သိရသည်။

အဆိုပါ ဒုအရာခံဗိုလ်နှင့် ရဲဘော်တို့သည်  ဧပြီလ ၂၁ ရက် ၂၀၁၃ နေ့ကလည်း ကိုမင်းသူတွန်း စက်လှေပေါ်တွင် လိုက်ပါလာသည့် မိန်းကလေး တစ်ဦးအား သူတို့ဆီတွင် ချန်ထားခဲ့ရန် တောင်းဖူးသည်ဟု ဦးမင်းသူထွန်းပြောသည်။

” ရွာသူတွေပါ။ မလုပ်ပါနဲ့” ဟု ငြင်းရာမှ ယခု တစ်ကြိမ်တွင်  အငြိုးဖြင့် ရိုက်ပုတ်ခြင်း ဖြစ်သည်ဟုလည်း သူကဆိုသည်။

၎င်း ကင်းစခန်းတွင် ယခင်က ဒေသခံ ပြည်သူများ အပေါ် တပ်မတော်သားများက  ယခုကဲ့သို့အနိုင်ကျင့်မှု များ မရှိခဲ့ဖူးကြောင်း ကျေးရွာသားများက ပြောပြသည်။ ဒုအရာခံဗိုလ် မြင့်လွှင် ရောက်လာမှ ထိုသို့ ပြုမူခြင်း ဖြစ်ကြောင်း သူတို့က ဆိုသည်။

ထိုသို့ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် တပ်မတော်သားများအနေဖြင့်  ပြည်သူများကို အကာအကွယ် ပြုပေးရမည့် အစား ဒေသခံ တိုင်းရင်းသားများကို နိုင်ထက် စီးနင်း ပြုလုပ်နေခြင်းတို့ကို သက်ဆိုင်ရာ ကာကွယ်ရေး ၀န်ကြီး၊ တပ်မတော် ဦးစီးချုပ်နှင့် နိုင်ငံတော် သမ္မတကြီးတို့ သိစေလိုကြောင်းနှင့် ထိထိရောက် အရေးယူ စေလိုကြောင်းလည်း ကိုမင်းသူထွန်းက ပြောဆိုသည်။

Most read this week