တိုင်းရင်းမီဒီယာများ အခန်းကဏ္ဍ တိကျစွာ သတ်မှတ်ပေးရန် ညီလာခံမှ တောင်းဆို

တိုင်းရင်းမီဒီယာများ အခန်းကဏ္ဍ တိကျစွာ သတ်မှတ်ပေးရန် ညီလာခံမှ တောင်းဆို
by -
မဇ္စျိမ

လာမည့် လွှတ်တော်တွင် ဆွေးနွေးနိုင်မည့် မီဒီယာဥပဒေတွင် တိုင်းရင်းသား မီဒီယာများ၏ အခန်းကဏ္ဍကို တိတိကျကျ သတ်မှတ်ပေးရန် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျင်းပခဲ့သည့် တိုင်းရင်းမီဒီယာများ ညီလာခံက တောင်းဆိုလိုက်သည်။

Media

ပထမအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို မွန်ပြည်နယ် မော်လမြိုင်မြို့ Mawlamyine Strand Hotel တွင် ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၅ နေ့ မနက်ပိုင်းက ကျင်းပစဉ်။ (ဓါတ်ပုံ - မဇ္စျိမ)

မြန်မာနိုင်ငံတွင်း ပထမဆုံးအကြိမ် ကျင်းပသည့် အဆိုပါညီလာခံကို ဧပြီလ ၂၅ မှ ၂၇ ထိ သုံးရက်ကြာ ကျင်းပခဲ့ပြီး တိုင်းရင်းသား သတင်းဌာနများမှ သတင်းထောက်များ၊ အယ်ဒီတာများ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ၁၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြပြီး တောင်းဆိုချက်လေးခုကို တောင်းဆိုလိုက် ခြင်းဖြစ်သည်။

နိုင်ငံတကာ စံချိန်မီ မီဒီယာဥပဒေတရပ် ပေါ်ထွက်လာရေး၊ မီဒီယာဥပဒေတွင် မီဒီယာ ဌာနကြီးများအနေနှင့် တိုင်းရင်းသားမီဒီယာများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲကူညီပေးရန်နှင့် တိုင်းရင်းသားမီဒီယာများကို ရေဒီယို၊ ရုပ်သံလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပေးရန်လည်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြ
တောင်းဆိုလိုက်သည်။

တိုင်းရင်းသား မီဒီယာများအနေနှင့် သတင်းထောက် မလုံလောက်မှု၊ သတင်းမရရှိမှု၊ တိုင်းရင်းသားဒေသ များတွင် ဆက်သွယ်ရေး/သယ်ယူပို့ဆောင်ရေးစရိတ်များ ကြီးမြင့်မှုကို ရင်ဆိုင်ရလျက်ရှိသည်ဟု မွန်ပြည်နယ် အခြေစိုက် သံလွင်တိုင်းမ်ဂျာနယ် အယ်ဒီတာ ကိုမင်းလတ် က ဆိုသည်။

ဂျာနယ်၊ မဂ္ဂဇင်းများ မရောက်နိုင်သည့် မြန်မာစာ မဖတ်တတ်သည့် ဒေသများရှိ ဒေသခံများအနေနှင့် တိုင်းရင်းသား ဘာသာစကားဖြင့် ထုတ်ဝေသည့် တိုင်းရင်းသား စာစောင်များကိုသာ ဖတ်ရှုနေကြရသည်ဟု တိုင်းရင်းသား မီဒီယာများက ဆိုကြသည်။

“ကျနော်တို့ စာစောင်က ကျနော်တို့ တိုင်းရင်းသားဘာသာနဲ့ပဲ ထုတ်ဝေတယ်။ ဒါကို မြန်မာစာနဲ့ ထုတ်မယ် ဆိုရင် စာမဖတ်တတ်တဲ့သူတွေအနေနဲ့ ဘာကိုသွားဖတ်မလဲ။ ဆိုတော့ ကျနော်တို့ ဂျာနယ်အနေနဲ့ မြန်မာစာနဲ့ ထုတ်မလား၊ ကိုယ့်ဘာသာစကားနဲ့ ထုတ်မလားဆိုတာလည်း စိန်ခေါ်မှုတခု ဖြစ်နေတယ်” ဟု စနောင်းတိုင်း ဂျာနယ် အုပ်ချုပ်မှုအယ်ဒီတာ တဦးကဆိုသည်။

သတင်းမီဒီယာ ဥပဒေကြမ်းအပေါ် ဝေဖန်သုံးသပ်ချက်များ ပြုလုပ်ရာ၌ ရန်ကုန်၊ မန္တလေးမှသာ မကဘဲ တိုင်းရင်းသားမီဒီယာများ၏ သဘောထားများပါ ကောက်ယူရန်ု လိုအပ်ကြောင်း ညီလာခံ တက်ရောက်လာ သူများ က ဆွေးနွေးကြသည်။

“မီဒီယာဥပဒေ ထွက်လာရုံနဲ့တော့ မပြီးသေးဘူး။ ဒီဥပဒေက သတင်းသမားတွေရဲ့ လုံခြံုရေးနဲ့ အခွင့်အရေးတွေကို သေသေချာချာ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါက နိုင်ငံရဲ့ ရာဇဝတ်မှုဥပဒေနဲ့ပဲ ဆိုင်တယ်။ အစိုးရက လုပ်ထားတဲ့ ဒီမီဒီယာဥပဒေဟာ ဒီ သတင်းလောကအတွက် တကယ်လိုအပ်သလား၊ မလိုအပ်ဘူးလားဆိုတာတော့ သတင်းသမားတွေ သေသေချာချာ စဉ်းစားဖို့လိုပါတယ်” ဟု အရှေ့တောင်အာရှ လွတ်လပ်သော သတင်းမဟာမိတ် အဖွဲ့ (SEAPA) မှ မနိုင်နိုင်း က ဆွေးနွေးသွားသည်။

အဆိုပါ ညီလာခံကို နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့ (BNI)က စီစဉ်ကျင်းပခြင်းဖြစ်ပြီး အလားတူ တိုင်းရင်းသား မီဒီယာ ညီလာခံကို တနှစ်တကြိမ် ကျင်းပသွားမည်ဟု ညီလာခံ ကျင်းပရေးကော်မတီက စီစဉ်ထားသည်။